Main menu

စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၌ Friday Talk အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတများ ကြွယ်ဝစေရန်ရည်ရွယ်၍  စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၌ ဝန်ထမ်းများအလှည့်ကျ နှစ်ပတ်တစ်ကြိမ် အသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်ခဲ့ရာ မတ်လ ၈ရက်နေ့၊ Friday  Talk တွင် ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံနှင့် ယခုနှစ် ၂၀၂၄ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဆောင်ပုဒ်အကြောင်း သိကောင်းစရာများဟောပြောခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် ဒေါ်သန်းသန်းတင်က ၁၉၆၂ခုနှစ်၊ မတ်လ ၁၅ရက်နေ့တွင် အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ကွန်ကရက်၌ မေးခွန်းပြောကြာခဲ့ရာမှတစ်ဆင့် စားသုံးသူမှန်သမျှ ကုန်စည်၊ ဝန်ဆောင်မှုများကို လွတ်လွတ်လပ်လပ် ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိသည့်အကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုတွေနှင့်ပတ်သက်၍ လိုအပ်သည့်အချက်အလက်များကို သိခွင့်ရှိသည့်အကြောင်း၊ ဘေးအန္တရာယ်ကင်းကင်းနှင့် စားသုံးခွင့်ရှိသည့်အကြောင်း၊ တိုင်ကြားခွင့်ရှိသည့်အကြောင်း၊ ဆုံးရှုံးနစ်နာမှုများအတွက် ကုစားပိုင်ခွင့်ရှိသည့်အကြောင်းများကို အလေးပေးပြောကြားခဲ့ပါသည်။ စားသုံးသူများ၏ အခွင့်အရေးနှင့်ပတ်သက်၍ သမိုင်းဝင်မိန့်ခွန်းပြောကြားခဲ့သည့် မတ်လ၁၅ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ စားသုံးသူများ၏ အခြေခံလိုအပ်ချက်များကို သတိပြုမိကြစေရန်၊ လိုအပ်ချက်များကိုအလေးထားနိုင်ရန်နှင့် စားသုံးသူများကိုကာကွယ်ပေးနိုင်ရန်အတွက် ကမ္ဘာအရပ်ရပ်၌ စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့ကြပါသည်။

     ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားများကျင်းပရာ၌ အရာအားလုံးကိုအာရုံစိုက်ရန်ထက် တစ်ခုခုကို ဦးတည်ချက်ထားပြီး ဆောင်ရွက်ခြင်းမှာ ပိုမိုထိရောက်ခြေရှိသည့်အတွက် နှစ်အလိုက် ဆောင်ပုဒ်များချမှတ်ပြီး လှုပ်ရှားဆောင်ရွက်ကြပါသည်။ ၂၀၂၄ခုနှစ်၊ မတ်လ ၁၅ရက်နေ့ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဆောင်ပုဒ်မှာ “မျှတအလေးမူ တာဝန်ယူ စားသုံးသူ အကျိုးပြု ဉာဏ်ရည်တု” ဖြစ်ပါသည်။ Artificial  Intellengence (AI) ဟုခေါ်သည့် ဉာဏ်ရည်တုကို အဓိပ္ပါယ်တိတိကျကျဖွင့်ဆိုရန်ခက်သော်လည်း ကွန်ပျူတာစနစ်များ၊ စက်များကို လူသားဉာဏ်ရည်က အလုပ်လုပ်သလိုမျိုး လုပ်နိုင်အောင်စီစဉ်ထားသည့် အရာတစ်ခုဟုဆိုရမည်ဖြစ်ပါသည်။ အချက်အလက်ပေါင်းများစွာကို စုဆောင်းသိုလှောင်ထားပြီး ပေးလိုက်သည့်အမိန့်အတိုင်း သက်ဆိုင်ရာအလုပ်ကိုလုပ်နိုင်အောင် စီစဉ်ထားသည့်သဘောပါ။ တနည်းအားဖြင့် AI ၏အဓိပ္ပါယ်ကို ဖွင့်ဆိုထားသည်မှာ အလိုအလျောက်သင်ယူလေ့လာနိုင်စေရန် ရေးဆွဲထားသည့် ကွန်ပျူတာပရိုဂရမ်ဖြစ်ပါသည်။

      ဉာဏ်ရည်တုကြောင့် ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ စီးပွားရေး၊ ဆန်းသစ်ဝန်ဆောင်မှုများ စသည်ဖြင့် အဘက်ဘက်၌ တိုးတက်မှုများရှိလာသည်ကို မငြင်းနိုင်သည့်အပြင် ဉာဏ်ရည်တုကြောင့် ရရှိလာမည့်အန္တရာယ်များကိုလည်း မျက်ကွက်ပြုလို့မဖြစ်နိုင်ပါကြောင်း၊ ဉာဏ်ရည်တုကိုသုံးပြီး သတင်းအချက်အလက်အတု၊ အမှားများဖန်တီးလာကြခြင်းမျိုးလည်းရှိပါသည်။ တိုးတက်နေသည့် ဉာဏ်ရည်တုနည်းပညာအပေါ် မူဝါဒ၊ စည်မျဉ်း/စည်းကမ်း၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ထိန်းကျောင်းနေရခြင်းမျိုးလည်းရှိပါသည်။ ဉာဏ်ရည်တုကြောင့် စားသုံးသူများ၏ အခွင့်အရေးမထိခိုက်စေရန်နှင့် နစ်နာမှုများမဖြစ်စေရန်ကိစ္စသည် အရေးတကြီးကိစ္စတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ၂၀၂၄ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဆောင်ပုဒ်ကို “မျှတအလေးမူ တာဝန်ယူ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု” ဟု သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊  ပြည်သူတိုင်းသည် စားသုံးသူဖြစ်သည်၊ စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးရှိပါသည်။ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်းကြားနိုင်ရန်အတွက် စားသုံးသူရေးရားဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူးရုံးများနှင့် ခရိုင်ဦးစီးမှူးရုံးများတွင် စားသုံးသူပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာန (CICC) ကိုဖွင့်လှစ်ထားကြောင်း၊ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း၊ ဝက်ဘ်ဆိုက်လိပ်စာမှာ www. doca.gov.mm ဖြစ်ပြီး၊ Consumer Call Center နံပါတ်မှာ 1535  ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)