Main menu

ဆန်ကုန်သွယ်မှုကိစ္စ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေး

Powered by Drupal

    ဩစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ကျင်းပလျက်ရှိသော အာဆီယံ-ဩစတေးလျ အထူး ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်နေသည့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်တို့သည် ၅-၃-၂၀၂၄ နေ့၌ နှစ်နိုင်ငံအကြား ဆန်ကုန်သွယ်မှုနှင့်စပ်လျဉ်း၍ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

    အင်ဒိုနီးရှားနိုင်ငံ သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ ကမ္ဘောဒီးယားနိုင်ငံထံမှ ဆန်များ တင်သွင်းရေးအပါအဝင် စားနပ်ရိက္ခာဖူလုံမှုကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံခေါင်းဆောင် များက ဆွေးနွေးခဲ့ကြောင်း၊ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုး ထားသော ဆန်ကုန်သွယ်မှု သဘောတူညီချက်ကို ပြန်လည်သက်တမ်းတိုးပြင်ဆင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထို့အပြင် သမ္မတဂျိုကိုဝီ အနေဖြင့် တင်သွင်းမည့်ဆန်များ၏ ဈေးနှုန်းနှင့် ပမာဏ တို့နှင့် စပ်လျဉ်း၍ နှစ်ဘက်သဘောတူညီမှုရှိသည့် အပြန်အလှန်ကုန်သွယ်မှု ယန္တရားစနစ်ဆိုင်ရာ အခြားသော နားလည်မှုစာချွန်လွှာတစ်စောင်အား လက်မှတ်ရေးနိုင်ရန်ကိုလည်း လိုလားလျက်ရှိကြောင်းဖြင့် Jakarta Globe သတင်းဌာနက ဖော်ပြပါသည်။

     ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ရေးထိုးထား သည့် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို အကောင်အထည် ဖော်ဆောင်နိုင် ရေးအတွက် အထူးသဖြင့် စိုက်ပျိုးရေးစီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြင့်တင်ခြင်း၊ ဆည်ရေပေး ဝေခြင်း၊ ဆန်စပါး ပြုပြင်ထုတ်လုပ်မှုနှင့် သိုလှောင်မှုနယ်ပယ်တို့၌ ရင်းနှီးမြှုပ်နှံခြင်း စသည်တို့ကို နှစ်နိုင်ငံအစိုးရများက တွန်းအားပေးရန် လိုအပ်သည်ဟု သမ္မတဂျိုကိုဝီက ပြောကြားခဲ့သည်။

      အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယား တို့အကြား စည်းနှောင်မှုတွင် စားနပ်ရိက္ခာဖူလုံရေးသည် အဓိကကျသော အခန်းကဏ္ဍအဖြစ် တည်ရှိနေပြီး နှစ်နိုင်ငံ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၃ ခုနှစ်အတွင်း လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ယခင်နှစ် ၌ သမ္မတဂျိုကိုဝီသည် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်အား ဂျကာတာမြို့တော်ရှိ Merdeka Palace အိမ်တော်တွင် လက်ခံတွေ့ဆုံခဲ့ပြီး ကမ္ဘောဒီယားမှ နှစ်စဉ် ဆန်တန်ချိန် ၂၅၀၀၀၀ ကို အင်ဒိုနီးရှားသို့ ပေးသွင်းရန် သဘောတူညီချက် ရယူခဲ့သည်။ အပြန်အလှန်အားဖြင့် ကမ္ဘောဒီးယား၏ စားနပ်ရိက္ခာဖူလုံမှုကို အထောက်အပံ့ပြုရန်အတွက် အင်ဒိုနီးရှားဘက်မှ ဓာတ်မြေဩဇာများ ပေးသွင်းရန် သဘောတူခဲ့သည်။

     လက်ရှိကာလတွင် အင်ဒိုနီးရှားနိုင်ငံ၌ ဆန်ဈေးနှုန်းများမှာ တစ်ဟုန်ထိုး မြင့်တက်လျက် ရှိပြီး ဖေဖော်ဝါရီလတွင် စံချိန်တင်အမြင့်မားဆုံးသို့ ရောက်ရှိခဲ့ကြောင်း အမျိုးသားစာရင်းအင်း‌ ‌အေဂျင်စီက အစီရင်ခံဖော်ပြထားသည်။ အရည်အသွေးကောင်း ပရီမီယံဆန်၏ ပျမ်းမျှရောင်းဈေးသည် ၁ ကီလိုဂရမ်လျှင် အင်ဒိုနီးရှား ရူပီးငွေ ၁၄၅၂၅ နှုန်း (၀.၉၂ ဒေါ်လာခန့်) ရှိပြီး ယခင်လ ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၆.၃၁% မြင့်တက်လာခဲ့သည်။ အလားတူ အလယ်အလတ်တန်းစားဆန် ၏ ဈေးနှုန်းသည် ယခင်လထက် ၇.၃၉% မြင့်တက်လျက် ၁ ကီလိုဂရမ်လျှင် ၁၄၁၆၂ ရူပီးနှုန်းသို့ လည်းကောင်း၊ အရည်အသွေးနိမ့်ဆန်သည် ၄.၆၅% ပိုမိုလျက် ၁ ကီလိုဂရမ်လျှင် ၁၃၆၆၄ ရူပီးနှုန်း သို့ လည်းကောင်း ရောက်ရှိခဲ့သည်။

     အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ဆန်တန်ချိန် ၄၄၃၉၁၀ တန်ကို တင်သွင်းခဲ့ရာ ထိုင်းနိုင်ငံထံမှ အများဆုံးအဖြစ် ၅၅.၅၃% ပါဝင်ပြီး ၂၃၇၆၄၀ တန်ရှိကြောင်း၊ ၎င်း၏နောက်တွင် ပါကစ္စတန်မှ ၁၂၉၇၈၀ တန်၊ မြန်မာမှ ၄၁၆၄၀ တန်နှင့် ဗီယက်နမ်မှ ၃၂၃၄၀ တန် အသီးသီး တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား အမျိုးသားစာရင်းအင်း‌ အေဂျင်စီက ဖော်ပြထားသည်။

      အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏမှာ ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၉၆၁.၂ သန်းရှိပြီး ယခင်နှစ် ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၇၈၈.၃ သန်းအပေါ် ၂၁.၉၄% တိုး တက်ခဲ့ကြောင်း သိရှိရသည်။

Source: Jakarta Globe, March 6, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)