Main menu

အထက်မင်းလှမြို့နယ်၌ စပျစ်သီးများလှိုင်လှိုင်ထွက်ပေါ်နေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့ပေါ်ရှိ အမှတ်(၁၀)ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ရွာတော်၊ ပန်းတော်ပြင်၊ မယ်ဇလီတောကျေးရွာတို့ရှိ စပျစ်စိုက်ခင်းများ၌ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်)မှစတင်၍ စပျစ်သီးများလှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ကြောင်းသိရှိရပါသည်။

    အထက်မင်းလှမြို့နယ်တွင် စပျစ်စိုက်ခင်းအနေဖြင့် ခြံ(၈)ခြံရှိပြီး မြို့ပေါ်အမှတ် (၁၀)ရပ်ကွက်ရှိ  ဦးစိုးနိုင်၏စပျစ်ခြံမှာ (၁)ဧကနီးပါးရှိပြီး အပင်ရေ(၂၀၀)ခန့်ရှိကာ စပျစ်ခြံသက်တမ်းအနေဖြင့် (၉)နှစ်နီးပါးရှိပြီဖြစ်ကြောင်း သိရှိရပါသည်။ စပျစ်မျိုး(၈၀၀၀)ကျော်ရှိသည့်အနက်  Black Queen နှင့် Big Black စပျစ်မျိုးကို ကိုင်းဖြတ်ပျိုးထောင်စနစ်ဖြင့် စင်တင်စိုက်ပျိုးထားသည့်အပြင် အချွန်မျိုးစပျစ်သီးကိုလည်း အပင်ရေအနည်းငယ်စိုက်ပျိုးထားကြောင်း၊ ဆောင်းစပျစ်နှင့်မိုးစပျစ်ကိုစိုက်ပျိုးထားကြောင်း၊ မိုးစပျစ်ကို ဝိုင်ထုတ်လုပ်ရန်အတွက်သာအသုံးပြုပြီး ဆောင်းစပျစ်ကိုမူ အသီးအနေဖြင့် ရောင်းချကြောင်း၊ ဆောင်းစပျစ်မှာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလအစတွင် စတင်အဖူးပွင့်ကြောင်း၊ အဖူးပွင့်ပြီး (၁၅)ရက်အကြာတွင် အသီးဝင်ကြောင်း၊  ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် စတင်ခူးဆွတ်နိုင်ပြီး ယခု(စတုတ္ထပတ်)တွင် လှိုင်လှိုင်ထွက်နေပြီဖြစ်ကြောင်း၊ စပျစ်ပင်မှာ ရေပုံမှန်သွင်းပေးရသည့် အပင်ဖြစ်သော်လည်း အသီးဝင်ချိန်တွင် ရေသွင်းများပါက အသီးကွဲတက်သည့်အပြင် အသီးတွင်လည်း အချိုဓာတ်လျော့နည်းတတ်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် တစ်နှစ်လျှင် ပြန်လည်ပြုပြင်ခြင်းအတွက် ကျပ်သိန်း(၅၀) အထက်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်တွင် ရာသီဥတုမကောင်းသည့်အတွက် ပိဿာချိန်(၅၀၀)နီးပါးသာထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် ကျပ်(၈၀၀၀)သာရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် စပျစ်ပင်များ၌ အသီးများများတင်ပြီး ရာသီဥတုလည်းကောင်းမွန်သည့်အတွက် အထွက်နှုန်းအနေဖြင့် ပိဿာချိန် (၇၀၀မှ ၈၀၀)ကြားထွက်ရှိနိုင်မည်ဟု မျှော်မှန်းကြောင်း၊ ယခုနှစ်တွင် ဈေးနှုန်းအနေဖြင့်  Black Queen စပျစ်(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ Big Black စပျစ် (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ အချွန်သီးစပျစ်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)ဖြင့်ရောင်းချလျက်ရှိပြီး ရောင်းချရာတွင် မင်းလှမြို့ရှိသစ်သီးရောင်းချသည့်ဆိုင်များသို့ တင်သွင်းစရာမလိုဘဲ မိမိစပျစ်ခြံတွင်သာ လာရောက်ဝယ်ယူကြသဖြင့် ရောင်းကုန်ပါကြောင်း အထက်မင်းလှမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ စပျစ်ခြံပိုင်ရှင်  ဦးစိုးနိုင်ထံမှသိရှိရပါသည်။

DOCA(မကွေး)