Main menu

ရွှေဘိုမြို့နယ်တွင် နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးရန်အတွက် ဆည်ရေများစတင်ပေးဝေလျက်ရှိ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် ဆည်ရေရရှိသည့်အပေါ်မူတည်၍ မိုးစပါးနှင့် နွေစပါးများကို နှစ်စဉ်စိုက်ပျိုးလျက်ရှိပါသည်။ ယခုအချိန် (၂၀၂၃-၂၀၂၄) ခုနှစ်ထွက် စိုက်ပျိုးထားသော မိုးစပါးများကို (၁/၂၀၂၄)လကုန်တွင် ရိတ်သိမ်းပြီးစီးခဲ့ပြီဖြစ်ပြီး  (၂၀၂၃-၂၀၂၄) ခုနှစ်ထွက် နွေစပါးများစိုက်ပျိုးရမည့်အချိန်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှလည်း နွေစပါးနှင့်နွေတခြားသီးနှံများစိုက်ပျိုးရန်အတွက် သဖန်းဆိပ်ရေလှောင်တမံတွင် ဆည်ရေပေးဝေရန် ရေလုံလောက်မှုရှိကြောင်း၊ နွေတခြားသီးနှံစိုက်ပျိုးမည့်ကွင်းများကို အချိန်မီစိုက်ပျိုးနိုင်ရေး ဦးစားပေး၍ ရေပေးဝေမည်ဖြစ်ကြောင်းနှင့် တောင်သူဦးကြီးများသိရှိနိုင်ရန် ကြိုတင်အသိပေးကြေညာထားပြီးဖြစ်သည့်အပြင် ဆည်ရေများကို ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် စတင်ပေးဝေခဲ့ကြောင်းသိရှိရပါသည်။       

      ရွှေဘိုခရိုင်ရှိ နွေစပါးနှင့်နွေသီးနှံများစိုက်ပျိုးကြမည့် တောင်သူဦးကြီးများမှာလည်း ဆည်ရေမရောက်ခင် လိုအပ်သည့်စိုက်ခင်းမြေပြုပြင်ခြင်းများကို ကြိုတင်ဆောင်ရွက်ကြသည့်အပြင် ရေဝင်သည်နှင့်တစ်ပြိုင်နက်  အချိန်မီစိုက်ပျိုးနိုင်ရန်လိုအပ်သည့် မြောင်းဖော်ခြင်း၊ ကန်သင်းပြင်ခြင်း၊ ထွန်ယက်မြေပြုပြင်ခြင်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ ရွှေဘိုခရိုင်အနေဖြင့် (၂၀၂၂-၂၀၂၃) ခုနှစ်တွင် နွေစပါးမျိုးကွဲ (၇)မျိုးစိုက်ပျိုးခဲ့ပြီး မျိုးကွဲအလိုက် စိုက်ဧကမှာ (၈၁၀၄၈)ဧကဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)