Main menu

ခေတ်မှီစက်ကိရိယာသုံး နွေစပါး DW-11(R.S.မျိုးစပါးစေ့) စိုက်ပျိုးမှု

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်သည် ဆန်စပါးပဲမျိုးစုံ အဓိကထားစိုက်ပျိုး ထုတ်လုပ်နေ သောခရိုင်တစ်ခုဖြစ်ပြီး ယခုနှစ်မိုးစပါးစိုက်ဧက (၆၇၅၅၉၂) ဧကစိုက်ပျိုးခဲ့ပြီးဖြစ်ပါသည်။ နွေစပါးစိုက် ဧက(၇၉၀၀၃) ခန့် စိုက်ပျိုးရန်လျာထားလျက်ရှိပြီး လက်ပံတန်းမြို့နယ်တွင် နွေစပါး(၁၂၁၀၀) ဧကခန့် လျာထား စိုက်ပျိုးမည်ဖြစ်ကြောင်းသိရှိရပါသည်။

          သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး အောင်စည်သူနှင့်အဖွဲ့၊ ခရိုင်စိုက်ပျိုးရေးဦးစီးနှင့် အဖွဲ့ဝင်များ၊ လက်ပံတန်းမြို့နယ်စိုက်ပျိုးရေးအဖွဲ့များ၊ စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ ဒု-ခရိုင်ဦးစီးမှူးဦးသန်းစိုး၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနခွဲ တာဝန်ခံ ဒေါ်ကြည်ကြည်ချိုနှင့် လက်ပံတန်းမြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုတို့သည် (၁၈.၁.၂၀၂၂) နေ့ နံနက်(၉:၀၀)နာရီ အချိန်တွင် လက်ပံတန်းမြို့နယ် ကျွန်းကလေးအုပ်စု ၊ ကျွန်းကလေးကျေးရွာ အထွက်တိုး နယ်မြေရှိ လယ်စိုက်တောင်သူ ဦးမြင့်ရွှေ၏ နွေစပါးစိုက်ဧက (၆)ဧက စိုက်ခင်းနေရာသို့ သွားရောက်တွေ့ဆုံလေ့လာခဲ့ပါသည်။

          စပါးစိုက်တောင်သူ ဦးမြင့်ရွှေနှင့် တွေ့ဆုံမေးမြန်းရာတွင် မျိုးစေ့ထုတ်စိုက်ခင်းအား ၎င်းကိုယ်တိုင် ဦးစီးဆောင်ရွက်စိုက်ပျိုးနေခြင်းဖြစ်ပြီး တောင်သူဦးမြင့်ရွှေသည် ပြည်တွင်း၌ ဖွင့်လှစ်သော စိုက်ပျိုးရေးသင်တန်းများအပြင် ပြည်ပနိုင်ငံ(၃)နိုင်ငံတို့တွင် စိုက်ပျိုး‌ရေးနှင့်ပတ်သက်သော နည်းပညာများသင်ယူလေ့လာခဲ့သော သူတစ်ယောက်ဖြစ်ပြီး စပါးစိုက်ပျိုးရန်အတွက် လယ်ယာမြေ ပြုပြင်ရာတွင်စက်ဖြင့်(၄)စပ်ထွန်ယက်ရပါသည်။ ၁၇ ဗန်း ထွန်စက်၂စပ်၊ ၁စပ်လျှင် ထွန်ယက်ခနှုန်း ၁၇၀၀၀ကျပ်၊ ၂စပ် ထွန်ယက်ခ (၃၄၀၀၀)ကျပ်ဖြင့် ထွန်ယက်ပြီးသော မြေပြင်အားမြေညှိတမံခုတ်ရန် ဒလက်ခုတ်စက် ၂စပ်၊ တစ်စပ်လျှင် (၁၈၀၀၀)ကျပ်ဖြင့် ၂စပ်ခုတ်ခ (၃၆၀၀၀)ကျပ်ကုန်ကျကြောင်း သိရှိရပါသည်။ မြေပြုပြင်ပြီးစိုက်ပျိုးရန်အသင့်ရှိသော မြေပြင်အား ဂျပန်နိုင်ငံထုတ်ဦးကျားကူး အမှတ် တံဆိပ်ပါ မြေဆီကိုမြေခံအဖြစ်အသုံးပြုရပြီး မြေဆီတစ်အိတ်လျှင် ကျပ်(၆၀၀၀၀/-) စျေးနှုန်းဖြင့် ဝယ်ယူရပါသည်။ တစ်ဧကသုံးစွဲမှုအနေဖြင့် (၁/၂)အိတ် သုံးစွဲရပါသည်။ DW-11စပါးမျိုးတစ်တင်းလျှင် (၂၉၀၀၀/-)ဖြင့် စိုက်ဧက(၆)ဧက စိုက်ပျိုးရန်အတွက် (၄၆) ပေါင်၊ (၅)တင်းစိုက်ပျိုးရရှိပါသည်။ ပျိုးပင်အသက်(၁၅)ရက်မှ (၁၉)ရက်အတွင်း စတင်စိုက်ပျိုးရပါသည်။ ကောက်စိုက်စက်အားအသုံးပြု၍ စိုက်ပျိုးရာတွင် တစ်ဧကစိုက်ခနှုန်း (၂၅၀၀၀)နှုန်းဖြင့် တစ်နေ့လျှင်(၅)ဧက စိုက်ပျိုးနိုင်ပါသည်။ စတင်ပျိုးထောင်ချိန်မှ စိုက်ပျိုးပြီးချိန်အထိ လုပ်သားနှစ်ဦးဖြင့် (၁၀) ရက်ခန့် လုပ်ကိုင်ရပြီး တစ်ရက်လုပ်ခ တစ်ဦးလျှင်(၇၀၀၀/)ကျပ်ခန့်ဖြင့် ကုန်ကျငွေ (၁၄၀၀၀၀/)ကျပ်ကုန်ကျပါသည်။ စုစုပေါင်းကုန်ကျစရိတ်တစ်ဧကလျှင် (၃၆၀၀၀၀/) ကျပ်ကုန်ကျမည်ဖြစ်ပြီး တစ်ဧကစပါးထွက်ရှိမှု နှုန်းမှာ တင်းပေါင်း (၁၅၀)ကျော်ထွက်ရှိနိုင်မည်ဟုခန့်မှန်း သိရှိရပါသည်။

          ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန်အတွက်မြေပြင်ရာတွင်အရေးကြီးသော အချက်နှစ်ချက်ရှိပါ သည်။ အဓိကမှာ(၁) သမန်းပြင် ညီညာပြန့်ပြူးရမည်ဖြစ်ပြီး အတက်နိုင်ဆုံး‌ရေမဝပ်ရန်ဆောင်ရွက် ရပါသည်။ (၂) ရေသွင်းရေထုတ်အလွယ်တကူလုပ်နိုင်ရပါသည်။ တောင်သူများအနေဖြင့် ကောက်စိုက် စက်ဖြင့်စိုက်ပျိုးခြင်းအလေ့အထကောင်းများ ပါဝင်လက်ခံလာစေရေးအတွက်နွေစပါး ရာသီချိန်တွင်သာ အဓိကထား စည်းရုံးလုပ်ဆောင်ခြင်းသည် အဆင်အပြေဆုံးဖြစ်ပါသည်။ ထို့သို့စိုက်ပျိုးရာတွင် စပါးပျိုးပင်တန်း ကြား(၁၁)လက်မ၊ ပင်ကြား(၄-၅)လက်မစိုက်စက်ဖြင့်စိုက်ပျိုးခြင်းဖြစ်သည့်အတွက် အပင်အစိပ်အကျဲ ညီညာခြင်း၊  ကောက်ကွက်တစ်သိန်းနှစ်သောင်းကျော် အထိဝင်အောင် စိုက်ပျိုးနိုင်ခြင်း၊ လေဝင် လေထွက် ကောင်းခြင်းကြောင့် ပိုးမွှား‌‌ရောဂါများကျရောက်မှုနည်းပါးခြင်း၊ စိုက်ပျိုးပြီးချိန်တွင် သမန်းပြင်အား ရေနှစ်လက်မခန့်တွင် ထားခြင်းကြောင့် ပေါင်းမြက်မပေါက်ရောက်နိုင်ခြင်း၊ ကြဲခင်းများကဲ့သို့ ပေါင်းသတ်ဆေးအသုံးပြုရန်မလိုအပ်ခြင်း၊ စက်သုံးဆီလျှော့ချသုံးစွဲနိုင်ခြင်း၊ အထွက်တိုးခြင်းနှင့် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ရရှိနိုင်ခြင်းစသည့်အကျိုး ကျေးဇူးများရရှိနိုင်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)