Main menu

ဆေးဖက်ဝင်တဲ့ ကွမ်းရွက်ပင်

Powered by Drupal

      ကွမ်းရွက်ပင်သည် မြန်မာနိုင်ငံတွင် တကောင်းခေတ်၊ ပုဂံခေတ်များကပင်ရှိခဲ့သော အပင်တစ်မျိုး ဖြစ်သည်။ ကွမ်းရွက်ပင်သည် နွယ်ပင်အမျိုးအစား တစ်မျိုးဖြစ်ပြီး သစ်တောကြီးများတွင် သဘာဝ အလျောက်ပေါက်ရောက်ရှင်သန်ကြသည်။ ရှေးမြန်မာ လူမျိုးများ အထွတ်အမြတ်ထား အသုံးပြုသော အပင်နှစ်မျိုးတွင် ကွမ်းရွက်ပင်သည် တစ်ပင်အပါအဝင်ဖြစ်သည်။ “မြန်မာအစ တကောင်းက”ဟုဆို သကဲ့သို့ ကွမ်းရွက်အစသည်လည်း တကောင်းက ဟုဆိုနိုင်သည်။ မြန်မာလူမျိုးများမှာ ကွမ်းစားခြင်း ဓလေ့ရှိခြင်းကြောင့် ကွမ်းရွက်ပင်များစိုက်ပျိုးခြင်းသည်လည်း ရှေးယခင်များကပင် ရှိခဲ့ကြသည်။ ရှေးယခင်အခါများက ကွမ်းစိုက်ပျိုးခြင်းအား မိုးခြံ၊ နွေခြံ ဟူ၍ တစ်နှစ်လျှင် နှစ်ကြိမ်စိုက်ပျိုးခဲ့ကြ သည်။ ကွမ်းရွက်ပင်နှင့် ကွမ်းစားခြင်း ဓလေ့များသည် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ဆင်းသက်လာဟန် တူသည်။ ကွမ်းပင်၏ မူလဒေသသည် မလေးရှားနိုင်ငံ အရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသများဖြစ်ကြောင်း ပညာရှင်များအဆိုအရ သိရှိရသည်။ ထိုဒေသမှ စတင်၍ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် တစ်ခြားသော အာရှနိုင်ငံများအထိ ပြန့်နှံခဲ့သည်။

          ကွမ်းရွက်ပင်သည် ပင်ပျော့အမျိုးအစားဖြစ်သည့်အားလျော်စွာ သစ်ပင်ကြီးများအားအမှီပြု၍ ပေါက်ရောက်ကြသည်။ ပူအိုက်စွတ်စိုသော ရာသီဉတုတွင်ကောင်းစွာရှင်သန်ကြသည်။ ပရဆေးများ၏ သဘောအရ သဘာဝမှရသော အပင်များဖြင့်ဖော်စပ်ကြသည့် အားလျော်စွာ ကွမ်းရွက်ပင်သည်လည်း တစ်ပင်အပါအဝင်ဖြစ်သည်။ ယခုမျက်မောက်ကာလတွင် ကွမ်းရွက်ဖြင့် သက်သာစေသောရောဂါများ အများအပြား ရှာဖွေတွေ့ရှိထားပြီး ဖြစ်သည်။ ကွမ်းရွက်တွင် ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်သော ဓာတ်များစွာလည်း ပါဝင်သည်။  ဗီတာမင် B ၊ ဗီတာမင် C ဓာတ်များအပြင် အမျှင်ဓာတ်၊ သတ္တုဓာတ်များလည်းပါဝင်ကြောင်း ဓာတ်ခွဲခန်းအဖြေများအရသိရသည်။ ကွမ်းရွက်တွင် ပါဝင်သော ဒြပ်ပေါင်းသည် လူ၏ခန္ဓာကိုယ်အတွင်းရှိ သကြားဓာတ်အားကျဆင်းစေပြီး ဆီးချိုသမားများအတွက် အထောက်အကူဖြစ်သည်။ ကွမ်းရွက်ပမာဏ ၁၀ရွက်လောက်အား ရေနွေးဆူဆူတွင်ထည့်ပြုတ်ပြီး ပျားရည်အနည်းငယ်ထည့်သောက်ခြင်းဖြင့် ကင်ဆာရောဂါ ကာကွယ်နိုင်သည်။ ကွမ်းရွက်ပြုတ်ရည်အား အအေးခံပြီး မျက်နှာသစ်ခြင်းဖြင့်လည်း မျက်နှာပေါ်ရှိ ဘက်တီရီးယားများကိုတိုက်ဖျက်ပေးပြီး ဝက်ခြံများကိုလည်း သက်သာစေကြောင်း ဆရာဝန်များ၏ အဆိုများအရသိရသည်။ ကွမ်းရွက်အား ရေဖြင့် သေချာစွာဆေးကြောပြီး ဝါးစားခြင်းဖြင့် ခံတွင်းကျန်းမာစေပြီး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများမှလည်း ကာကွယ်နိုင်သည်။ ပွန်းပဲ့ရှနာဒဏ်ရာများကြုံတွေ့လျှင်လည်း ကွမ်းရွက်ကို ရေဖြင့်သန့်စင် အောင်ဆေးကြော၍ အနာပေါ်တွင် အုပ်ထားပေးပြီး ပတ်တီးစည်းထားပေးခြင်းဖြင့် အနာကျက်စေ သည်။

          ကွမ်းရွက်သည် ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝသောအရွက်ဖြစ်သဖြင့် လူ့ခန္ဓာကိုယ်အတွင်းရှိ ဓာတ်တိုးပစ္စည်းများအား ဖယ်ရှားပေးပြီး၊ ဝမ်းမှန်စေသည်။ သွေးတွင်းကိုလက်စရောကိုပါ ကျစေနိုင်၍ နှလုံးရောဂါဖြစ်နိုင်ခြေအားလည်း လျော့နည်းစေသည်။ ကွမ်းရွက်အား ဝါးစားခြင်းဖြင့် ခံတွင်းအတွင်းရှိ ဘက်တီးရီးယားပေါက်ဖွားပေးမှုကို ဟန့်တားပေးခြင်းကြောင့် ခံတွင်းအနံ့ဆိုးများထွက်ခြင်းမှ ကင်းဝေးစေနိုင်သည်။ ခေါင်းကိုက်သူများအနေဖြင့်လည်း ကွမ်းရွက်အား နှာဖူး၊ နားထင်နှင့်နှာနုရိုးများတွင် ကပ်ခြင်းဖြင့်လည်း သက်သာစေသည်။ မြန်မာ့တိုင်းရင်းဆေးများတွင် ကွမ်းရွက်ကို ချောင်းဆိုးပျောက်ဆေးများတွင် အများဆုံးအသုံးပြုသည်။ ဥပမာအားဖြင့် ကွမ်းရွက်ပုံလျှက်ဆား။ ဆရာသင်၏ ရှုတော်မူဆေးကျမ်းတွင် ကွမ်းရွက်သည် ပူစပ်သော အရသာရှိသည်၊ သလိပ်ကို ကျေစေ၊ လေကို နှိမ်နင်း၏ ဟုဆိုထားသည်။

          ကွမ်းရွက်ပင် စိုက်ပျိုးမှုတွင် ပြည်နယ်/တိုင်း ဒေသအများစုတွင် စိုက်ပျိုးကြသည်။ ကွမ်းရွက်ပင် အားအပူချိန်နိမ့်သော ဒေသများမှလွဲ၍ ကျန်နေရာများတွင် စိုက်ပျိုးနိုင်သည်။ ကွမ်းပင်သည် ပင်ပျော့ဖြစ်သည့်အလျောက် ကွမ်းစင်ဆောက်၍ စိုက်ပျိုးကြရသည်။ ကွမ်းပင်သည် စိုစွတ်ခြင်းအား နှစ်သက်သော်လည်း ရေဝတ်ခြင်းအားမနှစ်သက်ခြေ။ ထို့ကြောင့် ကွမ်းစိုက်တောင်သူများသည် မြောင်းတူးစိုက်ပျိုးနည်းဖြင့် စိုက်ပျိုးကြသည်။ ကွင်းစင်းအား အများအားဖြင့် ဝါးများ၊ ဝါးခြမ်းများ ဖြင့်တည်ဆောက်ကြသည်။ ဝါးတိုင်များအား(၆)ပေ၊ (၇)ပေ အမြင့်တိုင်များ ပြုလုပ်ပြီး စကာအမိုး၊ အကာအရံများဖြင့် တည်ဆောက်ကြသည်။ ကွမ်းပင်စိုက်ပျိုးရာတွင် ကွမ်းတစ်မျိုးကိုသာ စိုက်ပျိုးသူ တောင်သူနှင့် တစ်ခြားသီးနှံကို အဓိကထားစိုက်ပျိုးပြီး ကွမ်းအားအပိုဝင်ငွေရရှိရေး စိုက်ပျိုးသူဟူ၍ ကွဲပြားကြသည်။ ရှေးယခင်ကမူ ကွမ်းပင်များအား ရေလောင်းစိုက်ပျိုးကြသော်လည်း ယခုအခါတွင် ရေအစက်ချနည်းများအသုံးပြု၍ စိုက်ပျိုးလာကြသည်။ အစက်ချရေသွင်းနည်းစနစ်ကို နွေရာသီနှင့် ဆောင်းရာသီတို့တွင် အကျိုးရှိစွာအသုံးချနိုင်သည်။ တောင်သူများပြောပြချက်အရ ရေအစက်ချစိုက်ပျိုးနည်းအသုံးပြုခြင်းဖြင့် ရေများအလေအလွင့်နည်းခြင်း၊ လုပ်အားသက်သာစေခြင်း၊ စိုက်ပင်များားအစိုဓာတ်အမြဲရှိစေခြင်း၊ ကွမ်းခြံအတွင်းလူအဝင်အထွက်နည်းစေခြင်း၊ အကျိုးအမြတ်ပိုမိုရရှိခြင်း စသည့်အကျိုးကျေးဇူးများ ရှိပေသည်။

          ကွမ်းရွက်သည်ဒေသကိုလိုက်၍ အနု၊ အလတ်၊ အကြမ်းများရှိသည်။ "တံတားဦးကကွမ်းနုဝါ" ဆိုသကဲ့သို့ တံတားဦးမြို့တွင် စိုက်ပျိုးသောကွမ်းနုဝါသည်နာမည်ကြီးသည်။ ကွမ်းများအား စိုက်ပျိုးရာဒေသကိုလိုက်၍ အမည်များလည်းကွဲပြားကြသည်။ ဥပမာဆိုလျှင် ရန်ကုန်မှာစိုက်၍ ရန်ကုန်ကွမ်း၊ မုံရွာမှာစိုက်၍ မုံရွာကွမ်း၊ ရေဦးကွမ်း၊ မတ္တရာကွမ်း၊ ရွှေဘိုကွမ်း၊ ခင်သာကွမ်း၊ ကျောက်ဆည်ကွမ်း၊ မန္တလေးကွမ်း၊ အင်းကွမ်း စသည့်ဖြင့် စိုက်ပျိုးရာဒေသများ မတူကြ၍ အမည်များလည်းကွဲပြားကြသည်။ ရှမ်းပြည်နယ်တွင် မတ္တရာကွမ်းမှာ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်ပေါက်ဈေးရှိပြီး၊ မန္တလေးကွမ်းမှာ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ် ပေါက်ဈေးရှိသည်။ ပူပြင်းခြောက်သွေ့သော နွေရာသီအချိန်တွင် ကွမ်း ဈေးကောင်းရရှိတတ်ပြီး ဝယ်လိုအားကောင်း၍ ယခုထက်ပို ဈေးကောင်းရရှိလာမည်ဖြစ်သည်။ ကွမ်းရွက်ပင်အား စိုက်ပျိုးကြသည်မှာ တိုင်းရင်းဆေးဝါးများဖော်စပ်ရန်အတွက် စိုက်ပျိုးကြခြင်းမျိုး မဟုတ်ဘဲ ကွမ်းယာစားသုံးသူများအားအဓိကထားစိုက်ပျိုးကြခြင်းဖြစ်သည်။ ကွမ်းရွက်၏ ဆေးဖက်ဝင် ပုံနှင့် ကွမ်းယာမှာ မတူပေ။ ကွမ်းယာတွင်ပါဝင်သော ထုံးသည် ကျန်းမာရေးအတွက် အထောက်အကူ မဖြစ်ပေ။ ကွမ်းယာစားခြင်းကြောင့် ပါးစပ်ကင်ဆာ၊ လျှာကင်ဆာများအပြင် တစ်ခြားသောရောဂါများလည်းဖြစ်စေသည်။ "ကွမ်းတစ်ယာနှင့်ရေတစ်မှုတ်" ဟူသောစကားများအရ ကွမ်းယာသည့် ရှေးဘုရင်မင်းများ လက်ထက်က မေတ္တာတရားနှင့်သစ္စာတရားကိုဖော်ကြူးသော ပန်းတစ်မျိုးဖြစ်သည်ဟု သမိုင်းစာအုပ်များအရသိရသည်။ မြန်မာ့သမိုင်းရာဇဝင်များနှင့်ပင်အတူရှိခဲ့သော ကွမ်းပင်သည် ယနေ့ခေတ် မျက်မောက်ကာလတွင်လည်း စိုက်ပျိုးသူများသော၊ ရောင်းအားကောင်းသော၊ ဈေးကောင်းရနေသော လူ့အကျိုးပြုအပင်တစ်မျိုးဖြစ်ကြောင်း ဖော်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်