Main menu

ရေစကြိုမြို့နယ်အတွင်း ထောပတ်ပဲစိုက်တောင်သူများဈေးကောင်းရရှိနိုင်ရေး မျှော်လင့်လျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေဝင်ရောက်ရာ ဒေသများတွင် မြစ်ရေကျချိန်၌ ဆောင်းသီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မြေပဲ၊ ကုလားပဲ၊ ထောပတ်ပဲ စသည့်အခြားပဲမျိုးစုံ သီးနှံများကို စိုက်ပျိုးကြပါသည်။ ချင်းတွင်းမြစ်၏ အနောက်ဘက်ကမ်းကျေးရွာ များဖြစ်သည့် ညောင်တော၊ ရှစ်အိမ်တန်း၊ ကျွန်းဘိုပင်၊ ဇီးကျွန်း၊ ကူတုတ်နှင့် အောင်ချမ်းသာကျေးရွာ များတွင် ထောပတ်ပဲများကို အများအပြားစိုက်ပျိုးကြပါသည်။ အောင်ချမ်းသာကျေးရွာနေ ထောပတ် ပဲစိုက်တောင်သူ ဦးကျော်မင်းက ချင်းတွင်းမြစ်ရေကျချိန် အောက်တိုဘာ၊ နိုဝင်ဘာလများတွင် ထောပတ်ပဲများကို စတင်စိုက်ပျိုးကြပြီး မိမိအနေဖြင့် (၅)ဧကခန့်စိုက်ပျိုးထားကြောင်း၊ ထောပတ်ပဲ သီးနှံ (၁)ဧကလျှင် စိုက်ပျိုးကုန်ကျမှုစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြင်ခြင်း၊ ရိတ်သိမ်းခြင်းများ အတွက် ကျပ်(၇၀၀၀၀၀)ခန့် ယခင်နှစ်က ကုန်ကျခဲ့ကြောင်း၊ အထွက်အနေဖြင့် ပိုးမွှားအန္တရာယ်ကင်းလျှင် (၁၅/၂၀)တင်း ခန့် ထွက်ရှိခဲ့ကြောင်း စိုက်ပျိုးတောင်သူပြောပြချက်အရ သိရှိရပါသည်။ 

     ယခုနှစ်တွင် အောင်ချမ်းသာကျေးရွာအုပ်စုတစ်ခုလုံးတွင် (၇၀)ဧကခန့် စိုက်ပျိုးကြကြောင်း မိမိအနေဖြင့် စိုက်ပျိုးထားသည့် ထောပတ်ပဲ စိုက်ခင်းများ၏ လတ်တလောအခြေအနေအရ အသီးအပွင့်များ ဝေဆာ၍ အထွက်နှုန်းကောင်းနိုင်ကြောင်း၊ မတ်လကုန်ခန့်တွင် ရိတ်သိမ်းရမည်ဖြစ်ကြောင်း၊ ယခုလက်ရှိအတိုင်း ပိုးမွှားအန္တရာယ်ကျရောက်မှုမရှိခြင်းနှင့် ရာသီဥတုဖောက်ပြန်မှုမရှိပါက (၁)ဧက လျှင် (၂၀/၂၅) တင်းခန့် ထွက်ရှိနိုင်ကြောင်း ခန့်မှန်းမိပါသည်။ ယခုနှစ် ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြင်ခြင်း၊ ရိတ်သိမ်းခြင်းများမှာ ဈေးနှုန်းများကြီးမြင့်နေသောကြောင့် (၁)ဧကလျှင် ကုန်ကျစရိတ် ကျပ်(၁၀၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ လက်ရှိအနေဖြင့် အရောင်းမဝယ်မရှိကြောင်း၊ ယခင်ဈေးငုတ်အနေဖြင့် (၁)တင်းလျှင် ကျပ်(၈၀၀၀၀) မှ (၉၀၀၀၀)ခန့်ရှိကြောင်း၊ ကျွန်တော်တို့ ထောပတ်ပဲ စိုက်တောင်သူများအနေဖြင့် မကြာမီ ရိတ်သိမ်းတော့မည်ဖြစ်သည့်အတွက် ယခင်ဈေးငုတ်အတိုင်းရရှိမည်ဆိုလျှင် အကျိုးအမြတ်အနေဖြင့် ကျပ်(၆၀၀၀၀၀)ခန့် ရရှိနိုင်ကြောင်း၊ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိနိုင်ရေး မျှော်လင့်လျက်ရှိကြောင်း တောင်သူဦးကျော်မင်း၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)