Main menu

ငါန်းဇွန်မြို့နယ်၏ ပဲစင်းငုံဈေးကွက် အလွန်သွက်

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် ပဲစင်းငုံသီးနှံများကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ၊ ဒုတိယပတ်မှစတင်၍ ရိတ်သိမ်းထွက်ပေါ်လျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဇန်ဝါရီလ စတုတ္ထပတ်အတွင်း၌ စိုက်ဧကအားလုံးရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်းအနေဖြင့် (၁၀.၉၀)တင်းနှုန်းထွက်ရှိခဲ့ကြောင်း သက်ဆိုင်ရာဌာနစာရင်းများအရသိရှိရပါသည်။ ငါန်းဇွန်မြို့နယ်အနေဖြင့် ပဲစင်းငုံသီးနှံကို နှစ်စဉ် မေလနှင့်ဇွန်လတို့တွင် အများဆုံးစတင်စိုက်ပျိုးကြပြီး ရိတ်သိမ်းမှုအနေဖြင့် ဒီဇင်ဘာလနှင့် ဇန်ဝါရီလတို့တွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိပါသည်။ ယခင်နှစ်ပဲစင်းငုံသီးနှံကို စိုက်ပျိုးရန်လျာထားမှုမှာ (၂၉၂၉၄)ဧကရှိ၍ စိုက်ပျိုးမှုအနေဖြင့် (၃၀၉၅၂)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၁၀.၀၅)တင်းနှုန်းထွက်ရှိခဲ့ကြောင်းသိရှိရပါသည်။ ယခုနှစ်တွင် စိုက်ပျိုးရန်လျာထားမှုအနေဖြင့် (၃၀၂၉၅)ဧကရှိပြီး အမှန်စိုက်ပျိုးနိုင်မှုမှာ (၃၁၆၀၄)ဧကစိုက်ပျိုးနိုင်ခဲ့၍ လျာထားချက်ထက် (၁၃၀၉) ဧကပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ယခင်နှစ်ထက် (၆၅၂)ဧကပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး အထွက်နှုန်းမှာလည်း ယခင်နှစ်ထက် တစ်ဧကလျှင် (၀.၈၅)တင်းနှုန်းပိုမိုထွက်ရှိခဲ့ပါသည်။ ဒေသခံတောင်သူများအနေဖြင့် ပဲစင်းငုံသီးနှံကို သီးသန့်စိုက်ပျိုးမှုများရှိပြီး မြေပဲ၊ နှမ်း စသည့်သီးနှံများနှင့် သီးညှပ်ထည့်သွင်းစိုက်ပျိုးမှုမှာ ပိုများကြောင်းသိရှိရပါသည်။ ပဲစင်းငုံတစ်မျိုးသာသီးသန့်စိုက်ပျိုးသော စိုက်ကွက်များတွင် တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်းမှာ (၉၊၁၀)တင်းခန့်ထွက်ရှိကြပြီး မြေပဲ၊ နှမ်းတို့နှင့် သီးညှပ်စိုက်ပျိုးသော စိုက်ကွက်များတွင် တစ်ဧကလျှင် ပျမ်းမျှအားဖြင့် (၅၊ ၆)ခန့်ထွက်ရှိကြောင်းသိရှိရပါသည်။

     ယခင်နှစ်ပဲစင်းငုံပေါ်ချိန်တွင် အဖွင့်ဈေးအနေဖြင့် တစ်တင်းလျှင် (၇၀၀၀၀)ကျပ်ခန့်ရှိခဲ့ပြီး ယခုနှစ်တွင် တစ်တင်းလျှင် (၉၀၀၀၀)ကျပ်ခန့်ဖြင့် ဈေးဖွင့်ခဲ့ပြီး၊ ဇန်ဝါရီလ ဒုတိယပတ်တွင် တစ်တင်းလျှင် (၁၀၅၅၀၀)ကျပ်ခန့်ရှိခဲ့ကြောင်း၊ ယခုစတုတ္ထအပတ်တွင် တစ်တင်းလျှင် (၁၂၀၀၀၀) ကျပ်ခန့်ရှိကြောင်း၊ တစ်ပိဿာဈေးနှုန်းအနေဖြင့် (၆၀၀၀)ကျပ်ခန့်ရှိကြောင်း၊ ရောင်းချမှုအနေဖြင့် ဒေသခံတောင်သူများမှာ မန္တလေးမြို့နှင့် ကျောက်ဆည်မြို့များသို့ တင်ပို့ရောင်းချကြောင်းနှင့် ကားတင်ခဈေးနှုန်းများအနေဖြင့် တစ်တင်းလျှင် (၂၀၀၀)ကျပ်၊ ပိဿာဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၁၀၀၊ ၁၂၀)ကျပ်ကျသင့်ပြီး ပဲစင်းငုံသီးနှံများလှိုင်လှိုင်ထွက်ရှိနေသော်လည်း ယခုလက်ရှိတွင် ဈေးနှုန်းကျဆင်းမှုမရှိဘဲ အရောင်းသွက်နေကြောင်း ကျောက်ဆည်မြို့သို့တင်ပို့ရောင်းချသော အောင်ချမ်းသာကျေးရွာရှိ ပဲစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။  

DOCA(မန္တလေး)