Main menu

ငှက်ပျောပင်နှင့် ငှက်ပျောလျှော်မှထုတ်လုပ်သည့် တန်ဖိုးမြှင့်ထုတ်ကုန်များ

Powered by Drupal

    ငှက်ပျောပင်သည် မြန်မာနိုင်ငံတွင် အနှံ့အပြားပေါက်ရောက်သည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ အပါအဝင်ဖြစ်သော အာရှတိုက်တောင်ပိုင်းဒေသသည် ငှက်ပျောပင်၏ မူလပေါက်ရာ ဒေသများ ဖြစ်သည်။ တစ်နှစ်ခံပင်မျိုးဖြစ်၍ ရှည်ဖားဖား အရွက်ကြီးများရှိသည်။ ငှက်ပျောပင်တစ်ပင်မှ ငှက်ပျောတစ်ခိုင်သာ ထွက်၍ အခိုင်ကို ခုတ်ယူပြီးနောက် အပင်မကြီးကို ခုတ်ပစ်ရသည်။ ပင်စည်ရင်းမှ အတက်ငယ်များ ဖြာလာ၍ ထိုသားတက်ခေါ် ငှက်ပျောခေါင်းများကိုပင်မမှ ခွဲထုတ်၍ စိုက်ပျိုးကြလေ့ ရှိသည်။

    ငှက်ပျောပင်သည် အပင် ၁၂ လမှ ၁၈ လအထိရှိမှအသီးများ ထွက်လာသည်။ ငှက်ပျောပင်မှ အသီးမသီးမီ ဖူးတံတစ်ခုစတင်ထွက်ပေါ်လာပြီး ထိုငှက်ပျောဖူးတံတွင် ငှက်ပျောသီးလေးများသည် အပွင့်အဖတ်များဖြင့် အထပ်ထပ်ဖုံးအုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။  ရှေးဦးစွာ ထွက်လာသော အပွင့်များသာ အောင်မြင်ပြီးလျှင် အသီးများ ဖြစ်လာသည်။ နောက်မှထွက်သည့် အပွင့်ခိုင်များမှာ ကြာလျှင် ရိရော်၍ ပျက်စီးသွားလေသည်။ ငှက်ပျောမျိုးကိုလိုက်၍ ငှက်ပျောတစ်ခိုင်တွင်အဖီး အနည်းအများ ပါရှိသည်။ စံမှီငှက်ပျောတစ်ခိုင်တွင် အဖီး ၉ ဖီးမျှပါ၍ တစ်ဖီးလျှင် အသီး ၁ဝ လုံးမှ ၁၅ လုံးအထိ ရှိတတ်သည်။ သီးစတွင် ငှက်ပျောခိုင်ရှိ ငှက်ပျောသီးများသည်ထိုးထိုးထောင်ထောင် ရှိတတ်သော်လည်း ကြီးရင့်လာသည့်အခါအသီးများသည် အညှာရင်းဖက်သို့ လေး၍ ကျသွားသည်။ ငှက်ပျောသီးတွင် ရေဓါတ် ၇၅ ရာခိုင်နှုန်းပါဝင်သည်။ အသီးတွင် ပါရှိသော ကစီဓာတ်သည် အသီး မှည့်လာသောအခါ သကြားဓာတ်သို့ ပြောင်းလဲသွားသဖြင့် စားသုံးရာ၌ အလွန်အနှစ်အရသာနှင့် ပြည့်စုံသည်။ ငှက်ပျောသီးသည်လူတို့အတွက် အာဟာရဓာတ်ဖြည့်စွမ်းသော အစားအစာ တစ်ရပ် ဖြစ်ပေသည်။ ကမ္ဘာပေါ်တွင် လူတို့သိနှင့်ပြီးသော ငှက်ပျောပင်မျိုးပေါင်း ၇ဝ နီးပါးရှိသည်။ သို့ရာတွင် မြန်မာနိုင်ငံ၌ထင်ရှားသောငှက်ပျောမျိုးမှာ ထောပတ်၊ ရခိုင်၊ နံ့သာပု၊ သီးမွှေး၊ ဖီးကြမ်း၊ သူငယ်စာ၊ ပျားရည်ဆမ်း၊ ရသာရုံ၊ မယားမန်၊ ငှက်ပျောချဉ်၊ရွှေနီနှင့် ဝက်မလွတ်တို့ ဖြစ်သည်။ အလုံးအလွန်ကြီး ထွားသော ငှက်ပျောမျိုးကို မြန်မာနိုင်ငံတွင် ဆင်အံ သို့မဟုတ် ဗျပ်ပြည့် သို့မဟုတ် မောင်ကြီးပင့်ပါဟု ခေါ်ကြသည်။ မြန်မာလူမျိုးတို့သည် ငှက်ပျောဖီးများကို ကန်တော့ပွဲများတွင် လည်းကောင်း၊ မုန့်ပြုလုပ် ရာတွင်လည်းကောင်း ပြုလုပ်ကြသည်။

     ငှက်ပျောသီးမှည့်များကို သကြားဖြူး၍ နေလှန်းလျှင်တာရှည်ခံသော ငှက်ပျောခြောက်ကို ရရှိ သည်။ ငှက်ပျောခြောက်များမှာ ချို၍ အရသာရှိသောကြောင့် အချိုစားဖွယ်အဖြစ် စားသုံးကြသည်။ မြန်မာနိုင်ငံတွင် ပခုက္ကူခရိုင်၊ ပြည်ခရိုင်နှင့်ဟင်္သာတခရိုင်တို့တွင် ငှက်ပျောခြောက်ကို စီးပွားဖြစ် ထုတ်လုပ်ရောင်းချကြသည်။ မြန်မာနိုင်ငံတွင် ငှက်ပျောသီးကိုအခြေခံ၍ အစားအစာမျိုးစုံ ထုတ်လုပ် ရောင်းချကြသည်။ ငှက်ပျောပေါင်း၊ ငှက်ပျောစနွင်းမကင်းတို့ကိုပြုလုပ်ကြပြီး အချို့ဒေသများတွင်မူ ငှက်ပျောဖူး၊ ငှက်ပျောအူနှင့် ငှက်ပျောပွင့်များကို ချက်ပြုတ်စားသောက်ကြသည်။ မြန်မာလူမျိုး အနှစ်ခြိုက်ဆုံးအစားအစာဖြစ်သည့် မုန့်ဟင်းခါးတွင် ငှက်ပျောအူကို ပဲဟင်းရည်ထဲတွင် ထည့်၍ ချက် ပြုတ်ကြသည်။ အချို့ဒေသများတွင်မူ မုန့်တီဟုခေါ်သော ရခိုင်ဒေသချက် အာပူလျာပူ ဟင်းရည်ထဲတွင်ထည့်၍ ပေးရသည်။  ငှက်ပျောရွက်များမှာ အလွန်အသုံးဝင်သည်။ ငှက်ပျောအရွက်များကို အမျှင်များ ပြုလုပ်၍  ဖျာနှင့်ဖျင်ကြမ်းရက်လုပ်ကြသည်။ အသီးညံ့ဖျင်းသော မျိုးမကောင်းသည့် ငှက်ပျောပင်တို့မှာ မူ ငှက်ပျောလျော်အဖြစ်ယူ၍ ထိုလျှော်ဖြင့် စက္ကူများ ပြုလုပ်ကြသည်။

    ယခုအခါ နိုင်ငံတော်က အသေးစား၊ အငယ်စားနှင့်အလတ်စား MSME လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီး MSME လုပ်ငန်းရှင်များအနေဖြင့် ဒေသအလိုက် ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်သို့ဖြန့်ချိ၍ ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်တင်ပို့လျက်ရှိသည်။ ငှက်ပျောလျှော် ထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးမှလည်း ငှက်ပျောလျှော်မှ အင်္ကျီ၊ အိတ်၊ ဖိနပ်၊ ပိတ်စများ ထုတ်လုပ်လျက်ရှိကြောင်း၊ ငှက်ပျောမှ ထုတ်လုပ်သည့် ထုတ်ကုန်များကို မြို့ပေါင်း ၂၅ မြို့ တွင် သင်တန်းပေးလျက်ရှိပြီး ၂၀၂၄ခုနှစ်တွင် ကျယ်ပြန့်သည့် ဈေးကွက်တစ်ခုရရှိရေး ကြိုးစား ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်ပပို့ကုန်အတွက် ကျယ်ပြန့်သည့်ဈေးကွက်ရရှိစေရန် အချိန်တစ်ခု လိုပါကြောင်း၊ ယခုအခါ ငှက်ပျောလျှော်မှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံ၊ ချင်းမိုင်၊ ကမ္ဘောဒီးယား၊ ဂျပန်နိုင်ငံများသို့ တင်ပို့ရန် စီစဉ်ဆောင်ရွက်နေပါကြောင်း ပြည်တွင်းမှရရှိသည့် စွန့်ပစ်ပစ္စည်းများမှ တန်ဘိုးမြှင့်လူသုံးကုန်ပစ္စည်းများထုတ်လုပ်၍ ပြည်တွင်းနှင့် ပြည်ပနိုင်ငံများ သို့ဖြန့်ချီတင်ပို့ရာ၌ စက်မှု ပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာကို ပံ့ပိုးပေးနိုင်ပါက ခိုင်မာသောဈေးကွက်တစ်ခု၏ ထုတ်ကုန် တစ်ခုအဖြစ် ရပ်တည်လာနိုင်မည်ဖြစ်ကြောင်း ငှက်ပျောလျှော်မှ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်တင်ပို့ နေသည့် လုပ်ငန်းရှင်တစ်ဦး ပြောကြားလာမှုအရ သိရသည်။

    ငှက်ပျောလျှော်ထုတ်ကုန်များအဖြစ် ဖိနပ်၊ ဦးထုတ်၊ အခင်း၊ အိတ်၊ ပိတ်စများ ထုတ်လုပ်လျက် ရှိပြီး ဈေးနှုန်းဈေးကွက်များအနေဖြင့်  ဖိနပ်တစ်ရံလျှင် အမျိုးသားစီးညှပ်ဖိနပ်တစ်ရံ ၇၀၀၀၊ အမျိုးသမီး စီးညှပ်ဖိနပ်တစ်ရံ ကျပ်(၅၀၀၀)၊ လေဒီရှူးတစ်ရံလျှင် ကျပ်(၃၅၀၀၀)၊ အိတ်တစ်လုံးလျှင် ကျပ်(၉၀၀၀) မှ (၂၀၀၀၀)၊ ဦးထုပ်တစ်လုံးလျှင် ကျပ်(၁၂၀၀၀)၊ ငှက်ပျော်လျော် သော့ချိတ်တစ်ခုလျှင် ကျပ်(၅၀၀၀)၊ ငှက်ပျောလျော်ပိတ်စအိတ်တစ်လုံးလျှင် ကျပ်(၁၅၀၀၀) မှ (၃၅၀၀၀)အထိ ရောင်းချနေရကြောင်း သိရ ပါသည်။

   ငှက်ပျောလျှော်ဖြင့် လက်မှုပစ္စည်းများထုတ်လုပ်ရောင်းချနေသည့် အလုပ်ရုံတွင် လုပ်သားများ ငှားရမ်းထားရှိပြီး လုပ်သားများကို နေ့လည်စာထမင်းကျွေး၍ တရက်လျှင် ကျပ်(၈၀၀၀)နှုန်းဖြင့် လုပ် အားခများရှင်းပေးရကြောင်း၊ လုပ်အားခအနေဖြင့် တစ်ရက်လျှင် ကျပ်(၈၀၀၀)နှုန်းပေးချေသဖြင့် အလုပ်လုပ်ကိုင်သူ လုပ်သားများအနေဖြင့်လည်း မပင်မပန်းအလုပ်လုပ်ရသည့်အတွက် အလွန်ပင် တွက်ခြေကိုက်သည့်အလုပ်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။ မိမိတို့အနေဖြင့် ဈေးနှုန်းဈေးကွက် ဆိုသည်ထက် စွန်ပစ်ပစ္စည်းများမှ ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေလို ကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့်မူ  လက်မှုပညာ ဖြစ်သည့်အတွက် ဈေးနှုန်းအနေဖြင့် အနည်းငယ် များကြောင်း၊ နောက်ပိုင်းတွင် ငှက်ပျောလျှော်ထုတ်ကုန်များကို အခြားနိုင်ငံများသို့ပါ တင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်နေပါကြောင်း၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့မှလည်း ငှက်ပျောလျော်ဖြင့် ထုတ်လုပ်ထားသည့် ပိတ်စများ အုပ်လိုက် မှာယူမှုရှိပါကြောင်း လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားလာမှုအရ သိရပါသည်။

    အချုပ်အားဖြင့်ဆိုလျှင် ငှက်ပျောပင်သည် မြန်မာနိုင်ငံအနှံ့အပြား၌ ပေါက်ရောက်ပြီး အရွက်မှ အပင်၊  နောက်ဆုံး စွန့်ပစ်ပစ္စည်းဖြစ်သည်အထိ အသုံးဝင်သဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ အတွက် စိုက်ပျိုးသင့်သည့် အသီးအပင်တစ်မျိုးဖြစ်ပါသည်။ ထို့ပြင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အနေဖြင့်လည်း အခွင့်အလမ်းများပြားသည့်အပြင် ပြည်ပပို့ကုန်အထိ ဈေးကွက်၌ ထိုးဖောက်ဝင် ရောက်နိုင်သဖြင့် နိုင်ငံတော်က အသေးစား၊ အငယ်စားနှင့်အလတ်စား MSME လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် လုပ်ကိုင်ဆောင်ရွက်သည့်သည့်  အလတ်စားစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မကွေး)