Main menu

ပခုက္ကူကုန်စည်ဒိုင်တွင် ပဲစဉ်းငုံ(နီ)ဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ပဲစဉ်းငုံ(နီ)ကို အဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ပဲစဉ်းငုံ(နီ)စိုက်ပျိုးရာဒေသများဖြစ်သည့် ပခုက္ကူမြို့နယ်၊ ကန်တော်၊ ကံလှ၊ ဆယ်ရွာ၊ လယ်ယာနှင့် ချောက်ကန်အုပ်စုရှိ ကျေးရွာများဖြစ်သော အရှေ့ချောက်ကန်၊ အနောက်ချောက်ကန်၊ လက်ပံကန်၊ မန်ကျီးကိုးပင်၊ အင်ပင်ကျေးရွာများမှာ ၎င်းကို သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးကြသည်။ ပခုက္ကူကုန်စည်ဒိုင်သည် ပခုက္ကူမြို့၏ စီးပွားရေးအချက်အချာကျသော နေရာဖြစ်သောကြောင့် မိမိမြို့နယ်တွင်သာမက အခြားဒေသများဖြစ်သော ဂန့်ဂေါခရိုင်အတွင်းရှိနယ်များ၊ ချင်းပြည်နယ်အစပ်ရှိနယ်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိနယ်များဖြစ်သော ကျောက်ပန်းတောင်း၊ ညောင်ဦးနယ်ရှိ အောက်ညှဉ့်၊ အထက်ညှဉ့်၊ သူကောင်းတည်၊ ပုလင်း၊ ငါးသရောက်၊ လက်ပံခြေပေါ်များမှ ပဲစဉ်းငုံ(နီ)များလည်း နေ့စဉ် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

    ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပဲစဉ်းငုံနီတစ်တင်းလျှင် ကျပ်(၁၀၄၈၀၀)၊ ဒုတိယအပတ်တွင် တစ်တင်းလျှင် ကျပ်(၁၀၉၆၀၀)၊ တတိယအပတ်တွင် တစ်တင်းလျှင် ကျပ် (၁၀၉၂၀၀မှ ၁၁၂၀၀၀)ဖြစ်ခဲ့ပြီး ပထမပတ်နှင့်ဒုတိယပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ် (၄၈၀၀) နှင့် တတိယအပတ်တွင် တစ်တင်းလျှင် ကျပ်(၂၄၀၀)ဈေးနှုန်းတို့မြင့်တက်နေကြောင်း၊ နေ့စဉ် အိတ်ရေ (၅၀၀)မှ (၁၅၀၀) ထိအရောင်းအဝယ်ဖြစ်နေကြောင်း၊ တင်ပို့မှုအနေဖြင့် မြန်မာပြည်တွင်းသာမက အိန္ဒိယနှင့် တရုတ်နိုင်ငံများသို့လည်းတင်ပို့နေကြောင်း၊ ပဲစဉ်းငုံသီးနှံကို ပြည်တွင်းစားသုံးမှုနည်းသော်လည်း ပြည်ပဝယ်လိုအားကောင်း၍ ဈေးကွက်ခိုင်မာမှုရှိပြီး ဈေးနှုန်းများလည်း တရိပ်ရိပ်မြင့်တက်လျက်ရှိကြောင်း ကုန်စည်ဒိုင်ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)