Main menu

ဆိပ်ဖြူမြို့နယ်၌ မိုးကြက်သွန်နီ(ဥ)စိုက်တောင်သူများ အကျိုးအမြတ်ရရှိနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ တောင်သူများသည် နှစ်စဉ် ကိုင်းကျွန်းမြေများတွင် ကြက်သွန်နီ(ဥ)စိုက်ကို စိုက်ဧက(၉၀၀)ခန့် ဒေသစီးပွားဖြစ်စိုက်ပျိုးကြသည်။ မိုးကြက်သွန်နီ (ဥ)စိုက်ကို အောက်တိုဘာလလယ်မှ နိုဝင်ဘာလကုန်အထိစိုက်ပျိုးကြပြီး ဇန်နဝါရီလဆန်းပိုင်းမှ ဖေဖော်ဝါရီလအထိတူးဖော်ကြသည်။ ယခုနှစ်တွင် ပြည်တွင်းဈေးကွက်ခိုင်မာမှုရှိသော ကြက်သွန်နီကို စိုက်ဧက(၁၀၀၀)ခန့်အထိ တိုးချဲ့စိုက်ပျိုးကြောင်းသိရှိရသည်။

     မိုးကြက်သွန်နီစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် (၁)ဧကလျှင် မျိုးဥဝယ်ယူခ၊ သွင်းအားစုဝယ်ယူခ၊ လုပ်သားခအပါအဝင် စုစုပေါင်း ကျပ်သိန်း (၃၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တောင်သူတစ်ဦးချင်း၏ စိုက်ပျိုးချိန်ရာသီနှင့် သွင်းအားစုသုံးစွဲပုံမတူညီ၍ ကွာခြားမှုရှိကြောင်း၊ ယခုနှစ် စိုက်ပျိုးချိန်တွင် ရာသီဥတုကောင်းမွန်၍ (၁)ဧကလျှင် ပိဿာ(၃၅၀၀-၆၀၀၀)အထိ ထွက်ရှိကြောင်း၊ ယခုနှစ် စိုက်ပျိုးချိန်တွင် ရာသီဥတုဖောက်ပြန်၍ အထွက်နှုန်းလျော့နည်းကြောင်း၊ (၁)ဧကလျှင် ပိဿာ (၃၀၀၀-၄၀၀၀) ခန့်အထိသာထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် သီးနှံပေါ်စ၌ ဒေသပေါက်ဈေးတစ်ပိဿာလျှင် ကျပ်(၂၀၀၀-၂၂၀၀)ဈေးနှုန်းဖြင့်ရောင်းချရကြောင်း၊ (၁)ဧကလျှင် အထွက်နှုန်းပိဿာ (၃၅၀၀) ခန့်ထွက်ရှိ၍ ကျပ်သိန်း(၇၀)ခန့်ဝင်ငွေရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ်သိန်း(၄၀)ခန့်ရရှိကြောင်း ဆိပ်ဖြူမြို့၊ ရွာသစ်ကျေးရွာရှိ မိုးကြက်သွန်နီ(ဥ)စိုက်တောင်သူတစ်ဦးထံမှသိရှိရသည်။ မိုးကြက်သွန်နီ(ဥ)စိုက်ဈေးကွက်အနေဖြင့် တောင်သူများတူးဖော်ရောင်းချချိန်တွင် အချိန်နှင့်တပြေးညီ နေ့စဉ်နှင့်အမျှ ဝယ်လိုအားအပေါ်မူတည်ပြီး ဈေးနှုန်းပြောင်းလဲမှုရှိ၍ တောင်သူတစ်ဦးချင်းတို့မှာ အကျိုးအမြတ်ရရှိပုံမတူညီကြောင်း ဒေသခံစိုက်တောင်သူက ပြောကြားခဲ့ပါသည်။

     ဆိပ်ဖြူမြို့မှထွက်ရှိသည့် ကြက်သွန်နီများကို ပြည်တွင်းစားသုံးမှုအပြင် ပြည်ပပို့ကုန်အဖြစ် ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ ဘင်္ဂလားဒေရှ်နှင့်  အိန္ဒိယနိုင်ငံများသို့ ပေးပို့လျက်ရှိရာ ဈေးကွက်အခိုင်အမာရရှိသည့်အပြင် မိမိဒေသစီးပွားဖွံ့ဖြိုးရေးနှင့် နိုင်ငံတော်၏စီးပွားရေးကိုပါ အထောက်အပံ့ဖြစ်စေသည့် ကြက်သွန်နီသီးနှံကို ဆိပ်ဖြူမြို့နယ်ရှိ စိုက်တောင်သူများမှာ နှစ်စဉ်မပြတ် ဒေသစီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)