Main menu

ကမ္ဘာ့နိုင်ငံများ၏စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာသတင်းများ

Powered by Drupal

ကိုရီးယားသမ္မတနိုင်ငံသတင်း

ပို့ကုန်တိုးမြှင့်တင်ပို့နိုင်မှုနှင့် စားသုံးသူသုံးစွဲမှု မြင့်တက်လာခြင်းတို့ကြောင့် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးသည် ပုံမှန်တိုးတက်မှုလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာသည့်သတင်း

၁။      ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် အကောက်ခွန် ဝန်ဆောင်မှုဌာန (The Korea Customs Service)တို့မှ မေလဆန်းတွင် ထုတ်ပြန်ခဲ့သော ကုန်သွယ်မှုစာရင်းအရ  ၂၀၂၁ ခုနှစ်၊ မေလတွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၅၀.၇) ဘီလီယံ တင်ပို့နိုင်ခဲ့ရာ ယခင်နှစ် ကာလတူထက် (၄၅.၆%) တိုးတက်ခဲ့သည့်အတွက် (၇)လ ဆက်တိုက်မြောက် ပို့ကုန်ဆက်လက်တိုးတက်ဆဲဖြစ်သဖြင့် ဒေါ်လာ(၅၀)ဘီလီယံ အထက် ဆက်တိုက်တင်ပို့နိုင်ခဲ့သည့် တတိယမြောက်လလည်းဖြစ်သကဲ့သို့ ပို့ကုန်(၄၀%)ကျော် တိုးတက်ခဲ့သည့် ဒုတိယမြောက်လလည်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်‌၊ မေလအတွင်း၌ အဓိကအားဖြင့်  Semiconductor များ၊ မော်တော်ယာဉ်နှင့် ရေနံဓါတုထွက်ကုန်ပစ္စည်းများ တိုးတက်တင်ပို့နိုင်ခဲ့ပြီး လက်လီရောင်းချမှုအနေဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လနှင့် ဧပြီလများတွင် (၂.၃%) ဆက်တိုက် မြင့်တက်ခဲ့ကြောင်း၊ လက်ရှိတိုးတက်လာမှုအခြေအနေအရ  ၂၀၂၁ ခုနှစ်၏ စီးပွားရေးတိုးတက်မှုနှုန်းကို (၄%)ထိ တိုးမြှင့်လျာထားလိုက်ကြောင်း တောင်ကိုရီးယားဗဟိုဘဏ်က ၂၀၂၁ ခုနှစ်၊ မေလ(၂၇)ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ကြောင်း၊ နိုင်ငံ၏ပို့ကုန် (၂၀%)ကို နေရာယူထားသည့် Semiconductor သည် ၂၀၂၁ ခုနှစ်၊ မေလအတွင်း ယခင်နှစ် ကာလတူထက် (၂၄.၅%) တိုးတက်တင်ပို့နိုင်ခဲ့သဖြင့် (၁၁)လမြောက် ဆက်တိုက် တိုးတက်ဆဲဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ မော်တော်ယာဉ်နှင့်ရေနံဓါတုထွက်ကုန် တင်ပို့နိုင်မှု အနေဖြင့်(၉၃.၇%)နှင့် (၉၄.၉%)အသီးသီးတင်ပို့ခဲ့ကြောင်း၊ ပို့ကုန်တိုးတက်မှုသည် အများအားဖြင့်  ပို့ကုန်ဈေးနှုန်း တိုးတက်မှုကြောင့်ဖြစ်ရာ ယခုတိုးတက်မှုသည် ပို့ကုန်ဈေးနှုန်းနှင့်ပမာဏနှစ်ခုစလုံး တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏စီးပွားရေးပြန်လည်ထူထောင်ရေးတွင် ပုဂ္ဂလိကသုံးစွဲနိုင်မှုမှာ အဓိကကျသည်နှင့်အညီ Covid-19 ကာကွယ်ဆေးထိုးမှုများအရှိန်မြှင့်လာပြီး နောက် စားသုံးသူများ၏ သဘောထားလည်း ပြောင်းလဲ၍ ဈေးကွက်ဝယ်လိုအား ဉီးမော့လာလျက်ရှိသည်ဟု ကျွမ်းကျင်ပညာရှင်များက သုံးသပ်ကြကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဆိုးလ်မြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း

ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု မြင့်တက်လာ

၂။       ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုသည် ၂၀၂၀ ခုနှစ်တွင် (၁.၇%) ကျဆင်းခဲ့ပြီး ၂၀၂၁ ခုနှစ် ပထမ(၄)လအတွင်း (၂၆.၇%) အထိမြင့်တက်ခဲ့ရာ အစိုးရအနေဖြင့် ယခုနှစ်အတွက်ကုန်သွယ်မှုသည် (၃-၆%) တိုးတက်လိမ့်မည်ဟု ယုံကြည်မှုများ တိုးတက်လာခဲ့ကြောင်း၊ ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ယခုနှစ် ဇန်နဝါရီလ မှ ဧပြီလ အထိ တစ်ဆင့်ဖြတ်သန်းကုန်သွယ်မှုအပါအဝင်  နယ်စပ်ကုန်သွယ်မှုပမာဏမှာ ဘတ်ငွေ(၅၂၆)ဘီလီယံ အထိရှိခဲ့ရာ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုသည် ဘတ်ငွေ(၂၉၅) ဘီလီယံ ပါဝင်၍ ၎င်းမှာ နှစ်အလိုက်တွင်(၁၇%)ကျော် တိုးတက်ခဲ့ခြင်းဖြစ်ပြီး တစ်ဆင့်ဖြတ်သန်းကုန်သွယ်မှုမှာ ဘတ်ငွေ(၂၃၁)ဘီလီယံဖြစ်၍ ၎င်းမှာ (၄၁.၉%) တိုးတက်ခဲ့ခြင်းဖြစ်ပြီး တစ်ဆင့်ဖြတ်သန်းကုန်သွယ်မှုတွင် တစ်နိုင်ငံထက်ပိုသော နိုင်ငံများ ပါဝင်ကြောင်း၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတွင် မလေးရှားနိုင်ငံမှာ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုပမာဏမှာ စုစုပေါင်း ဘတ်ငွေ (၁၀၇)ဘီလီယံရှိခဲ့ရာ ၎င်းမှာ(၅၂.၉%)မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းနောက်တွင် ကုန်သွယ်မှုပမာဏအနေဖြင့် လာအိုနိုင်ငံနှင့် ဘတ်ငွေ(၇၁.၂)ဘီလီယံ၊ မြန်မာနိုင်ငံနှင့် ဘတ်ငွေ(၆၁.၂) ဘီလီယံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ဘတ်ငွေ(၅၆.၉)ဘီလီယံရှိကြောင်း၊ အဓိကတင်ပို့သော ပို့ကုန်ပစ္စည်းများတွင် မလေးရှားနိုင်ငံသို့ ရာဘာ၊ ကွန်ပျူတာနှင့် အစိတ်အပိုင်းများ၊ မော်တော်ကားနှင့်အစိတ်အပိုင်းများ၊ လာအိုနိုင်ငံသို့ ပြင်ဆင်ထားခြင်းမရှိသော ရွှေ၊ ဒီဇယ်၊ မြန်မာနိုင်ငံသို့ အရက်မဟုတ်သော အချိုရည်များ၊ ဒီဇယ်များ၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် ဆေးဖက်ဝင်အပင်များ၊ ကမ္ဘောဒီးယားနိုင်ငံသို့ အရက်မဟုတ်သော အချိုရည်များ၊ ခရီးသည်တင်ကားများ၊ မော်တော်ဆိုင်ကယ်များနှင့် အစိတ်အပိုင်းများဖြစ်ကြောင်း၊ တစ်ဆင့်ဖြတ်သန်းကုန်သွယ်မှုမှာ ဈေးကွက်အားလုံးတို့အတွက်တိုးတက်ခဲ့ရာ တရုတ်ပြည်တောင်ပိုင်းနှင့် ဘတ်ငွေ(၁၀၂)ဘီလီယံ၊ စင်ကာပူနှင့် (၃၆.၂)ဘီလီယံ၊ ဗီယက်နမ်နိုင်ငံနှင့် ဘတ်ငွေ(၂၂.၄)ဘီလီယံ၊ အခြားနိုင်ငံများနှင့် (၇၀)ဘီလီယံတိုးတက်ခဲ့ကြောင်း၊ အဓိကတင်ပို့သော ကုန်ပစ္စည်းများမှာ တရုတ်ပြည်တောင်ပိုင်းသို့ သစ်သီးဝလံများ၊ ရာဘာနှင့်ကွန်ပျူတာများ၊ စင်ကာပူနိုင်ငံသို့  ကွန်ပျူတာများ၊ Electronic Circuit များနှင့် Circuit Breaker များ၊ ဗီယက်နမ်နိုင်ငံသို့ Semiconductor များ၊ Transistor များ၊ ဒိုင်အုတ်များ၊ အရက်မဟုတ်သော အချိုရည်များနှင့် အလှကုန်ပစ္စည်းများဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု တိုးတက်လာရခြင်းမှာ ပို့ကုန်အတားအဆီးများအား ဖယ်ရှားခြင်းနှင့် နယ်စပ်စစ်ဆေး‌ရေးဂိတ်များအား ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အများပြည်သူများနှင့် ပုဂ္ဂလိကများပါဝင်သော ကုန်သွယ်ရေးဆိုင်ရာပူးတွဲ အကြံပေးကော်မတီမှတဆင့် ဝန်ကြီးဌာနများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက ကဏ္ဍများနှင့် နီးကပ်စွာ ပူး‌ပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်ပြီး တရုတ်၊ ဗီယက်နမ်စသည့် အဓိကကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်းတွင်းပိုင်း သယ်ယူပို့ဆောင်ရေးပြဿနာများကိုလည်း ဖြေရှင်းနိုင်ခဲ့ကြောင်း၊ နယ်စပ်စစ်ဆေးရေးဂိတ် (၉၇)ခု အနက်(၅၁)ခုကို Covid-19 ကြောင့်ပိတ်ထားခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက နယ်စပ်စစ်ဆေးရေးဂိတ်များပိုမိုဖွင့်လှစ်သွားရန်ကတိပြုခဲ့ကြောင်းသိရှိရပါသည်။   

(ရင်းမြစ်- ဘန်ကောက်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

အိန္ဒိယနိုင်ငံတွင် စားသုံးဆီများ တရားမဝင်တင်သွင်းမှုကြောင့်် ပြည်တွင်းလုပ်ငန်းအား ထိခိုက်စေကြောင်း အိန္ဒိယဆီစက်လုပ်ငန်းရှင်များအသင်းက ပြောကြား

၃။      အိန္ဒိယနိုင်ငံ၌ ဈေးနှုန်းများမြင့်တက်မှုနှင့်အတူ စားသုံးဆီများမှာ ပြည်တွင်းဈေးကွက်သို့ တရားမဝင်ဝင်ရောက်လျှက်ရှိရာ ပြည်တွင်းကုန်ထုတ်လုပ်သူများနှင့် တောင်သူလယ်သမားများအပေါ် ထိခိုက်စေသဖြင့် အရေးယူဆောင်ရွက်မှုပြုရန် အိန္ဒိယ ဆီစက်လုပ်ငန်းရှင်များအသင်းက တောင်းဆိုစာ ရေးသားပေးပို့ရာတွင်  အကောက်ခွန်နှုန်းထား သုညရာခိုင်နှုန်းအထိ သက်သာခွင့်ရရှိမှုကို အခွင့်ကောင်းယူ၍  အခြားပင်ရင်းနိုင်ငံများမှ ထုတ်လုပ်သော စားအုန်းဆီနှင့်ပဲပုတ်ဆီများမှာ ပြည်တွင်းဈေးကွက်သို့ အိမ်နီးချင်း နီပေါနိုင်ငံမှတစ်ဆင့် ဝင်ရောက်လျှက်ရှိရာ နီပေါနိုင်ငံ၌ ပဲပုတ်စိုက်ပျိုးထုတ်လုပ်ခြင်းမရှိသကဲ့သို့ ပဲပုတ်ဆီကို အဓိကအားဖြင့် တောင်အမေရိကဒေသမှ ရယူတင်သွင်းလျှက်ရှိပြီး ပြင်ပမှ တင်သွင်းသည့် ပဲပုတ်စေ့များအား စားသုံးဆီ ထုတ်လုပ်နိုင်စွမ်းမှာလည်း အနည်းငယ်မျှသာရှိကြောင်း၊ ထိုကဲ့သို့ပင် စားအုန်းဆီကိုလည်း နီပေါနိုင်ငံ၌ စိုက်ပျိုးထုတ်လုပ်ခြင်းမရှိပဲ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ  တင်သွင်းခြင်းဖြစ်ပြီး ပင်ရင်းနိုင်ငံစည်းမျဉ်း (ROO)ကို မထီမဲ့မြင်ပြုလျှက် အခွန်သက်သာမှုရရှိရန်အလို့ငှာ နီပေါနိုင်ငံ (သို့) ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဖြတ်သန်း၍ ကုန်တင်သွင်းမှုလမ်းကြောင်း ဖြစ်ပေါ်လျှက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနသည် ROO အလွဲသုံးစားမှုကို စစ်ဆေးရမည့်အစား တင်းကျပ်သည့် လုပ်ထုံးလုပ် နည်းများကိုသာ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ရာ အိန္ဒိယနိုင်ငံအတွင်း  ROO စည်းမျဉ်းအား အလွဲသုံးစားပြုလျှက် အကောက်ခွန်ကင်းလွတ်စွာဖြင့် ပဲပုတ်ဆီများတင်သွင်းမှု ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း၊ ထိုကဲ့သို့ စားသုံးဆီများပြည်တွင်းဈေးကွက်သို့ ဝင်ရောက်မှုမှာ ကနဉီးအစပိုင်းတွင် သတိပေးသည့်အဆင့်မျှသာရှိသော်လည်း ယခုအခါ အိန္ဒိယနိုင်ငံအရှေ့ပိုင်းနှင့်  မြောက်ပိုင်း ဒေသများရှိ ဟင်းသီးဟင်းရွက်ဆီထုတ်လုပ်သောလုပ်ငန်းများ၏ရပ်တည်ရှင်သန်မှုကို ခြိမ်းခြောက်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ အစိုးရ၏အခွန်ဘဏ္ဍာရရှိမှုကိုလည်း ဆုံးရှုံးမှုများဖြစ်ပေါ်စေကြောင်း၊ ထို့အပြင် စားသုံးဆီများအပေါ် မြင့်မားသည့် အကောက်ခွန်နှုန်းထားများသတ်မှတ်ထားသည့် ရည်ရွယ်ချက်ကို ပျက်သုဉ်းစေသကဲ့သို့ ပြည်တွင်းဈေးကွက်ကိုလည်း ပျက်ဆီးစေလျှက်ရှိကြောင်းသိရှိရပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုအပေါ်အခွန်လျှော့ချမှုက အိန္ဒိယကုန်သည်များကို တွန်းအားဖြစ်စေလျှက်ရှိ

၄။      ဖိလစ်ပိုင်နိုင်ငံသည် ဆန်တင်သွင်းမှုအပေါ် အကောက်ခွန်နှုန်းထားများအား မကြာသေးမီက လျှော့ချပေးခဲ့ရာ အိန္ဒိယနိုင်ငံရှိဆန်တင်ပို့သည့်လုပ်ငန်းများအနေဖြင့်ရှေ့လာမည့်လမှစတင်၍  ဖိလစ်ပိုင်နိုင်ငံသို့ ဘာစမာတီမဟုတ်သောဆန်များကို ပိုမိုတိုးမြှင့်တင်ပို့ရန် ပြင်ဆင်လျှက်ရှိကြောင်း၊ ကမ္ဘာပေါ်၌ ဆန်တင်သွင်းမှု ဒုတိယအများဆုံးဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင် အနည်းဆုံးပမာဏ သတ်မှတ်ချက် (Minimum Access Volume)အတွင်း ဆန် တင်သွင်းမှုအတွက်  သွင်းကုန်ခွန် ၄၀% နှင့်  ၎င်းပမာဏ ပြင်ပ၌ တင်သွင်းမှုအပေါ် သွင်းကုန်ခွန် ၅၀% ကောက်ခံရန် သတ်မှတ်ထားရှိခဲ့သော်လည်း ဖိလစ်ပိုင်နိုင်ငံ သမ္မတသည် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် အကောက်ခွန်နှုန်းထား ပြင်ဆင်သည့်အမိန့် EO 135 ကို (၁၅.၅.၂၀၂၁)ရက်နေ့တွင် လက်မှတ်ရေးထိုးလျှက် ဆန်တင်သွင်းမှုအပေါ် သွင်းကုန်ခွန်အား ၃၅% သို့ လျှော့ချခဲ့ပြီး (၁)နှစ်ကာလအထိခွင့်ပြုပေးခဲ့ကြောင်း ဖိလစ်ပိုင်သတင်းဖော်ပြချက်အရ သိရှိရကြောင်း၊ အိန္ဒိယကုန်သည်များသည် ဖိလစ်ပိုင်နိုင်ငံသို့ ဆန် တင်ပို့ရာတွင် မူလက သွင်းကုန်အခွန် ၅၀% ပေး ဆောင်ရမည့်အခြေအနေမှယခု၁၅%လျော့နည်းသက်သာသည့်အခွင့်အလမ်းကိုရရှိလာခြင်းဖြစ်ကြောင်း၊ အိန္ဒိယ ဆန်တင်ပို့သူလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌဖြစ်သူက ယခုအခါအိန္ဒိယနိုင်ငံသည် အခြားသော အာဆီယံနိုင်ငံများနှင့် တန်းတူညီမျှသည့် အကောက်ခွန်နှုန်းထားဖြင့် တင်ပို့နိုင်သည့်အခြေအနေသို့ ရောက်ရှိလာပြီဖြစ်ရာ အိန္ဒိယကုမ္ပဏီများသည် ဇွန်လကုန်ပိုင်းမှ စတင်၍ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့နိုင်ရေး စိတ်အားထက်သန်လျှက်ရှိသော်လည်း ကုန်သေတ္တာများရလွယ်မှုမှာ အဓိကအခက်အခဲအဖြစ် ကြုံတွေ့ နေရကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ နှစ်စဉ်ဆန်တင်သွင်းမှုမှာ တန်ချိန်(၂.၅)သန်းခန့်ရှိပြီး ၎င်းအနက် တန်ချိန် (၂)သန်းခန့်မှာ အရည်အသွေးကောင်းမွန်သည့် တန်းမြင့်ဆန်များဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အရည်အသွေးမြင့်မားသည့် ရနံ့မွှေးကြိုင်သောကောက်ညှင်းအနွယ်ဝင် ဆန်များကို အဓိက ရယူ တင်သွင်းလျှက်ရှိကြောင်း အိန္ဒိယ Economic Times  သတင်းဌာနက ဖော်ပြထားကြောင်း၊ အိန္ဒိယ လယ်ယာပို့ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့(APEDA)၏ စာရင်းများအရ အိန္ဒိယနိုင်ငံသည် ၂၀၂၀-၂၀၂၁ ခုနှစ်၌  ပြည်ပသို့ ဆန်တန်ချိန် (၁၇.၇)သန်း တင်ပို့နိုင်ခဲ့ရာ ယခင်နှစ် တင်ပို့မှု တန်ချိန် (၉.၅) သန်း ထက် နှစ်ဆမျှ တိုးတက်လာခဲ့ကြောင်း၊အဆိုပါပမာဏအနက် ဘာစမာတီဆန်တင်ပို့မှုမှာ တန်ချိန်(၄.၄၅) သန်းဖြင့် တိုးတက်မှု(၄%)ခန့်ရရှိခဲ့ပြီး ဘာစမာတီမဟုတ်သော ဆန်များအား ယခင်နှစ်ထက် (၁၆၀%) တိုးမြင့်လျှက် တန်ချိန်(၁၃.၀၉)သန်းအထိ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ တန်ဖိုးအားဖြင့် ဘာစမာတီမဟုတ် သောဆန်၌ဒေါ်လာ(၄.၈)ဘီလီယံတင်ပို့ခြင်းဖြစ်ပြီး ဘာစမာတီဆန်တွင်ဒေါ်လာ ၄ ဘီလီယံ ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်- နယူးဒေလီမြို့ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

ထိုင်းနိုင်ငံသတင်း

လက်မှုပညာပစ္စည်း တင်ပို့မှုအနေဖြင့် ပြန်လည်နလန်ထူလာရန်အသင့်ဖြစ်နေသည့်သတင်း

၅။      ကမ္ဘာ့စီးပွားရေး ပြန်လည်နလန်ထူလာမှု၊ ပိတ်ဆို့တားဆီးမှုများ လျှော့ချလာခြင်းနှင့် Covid-19 ကာကွယ်ဆေးများ ကျယ်ပြန့်စွာဖြန့်ဖြူးမှုတို့ကြောင့် ထိုင်းနိုင်ငံ၏လက်မှုပညာပို့ကုန်များအား ပြည်ပ ပို့ကုန်အလားအလာအနေဖြင့် ယခုနှစ်တွင် ပြန်လည်ကောင်းမွန်လာနိုင်သည်ဟုမျှော်လင့်ကြောင်း၊ ထိုင်း နိုင်ငံ၏ Supports Arts and Crafts International Centre ၏ အမှုဆောင်အရာရှိက ကမ္ဘာ့စားသုံးသူ များအနေဖြင့် ပိုမို၍ ယုံကြည်မှုရှိလာကြောင်းနှင့် ၎င်းတို့၏သုံးစွဲမှုတို့မှာလည်း တိုးတက်လာခဲ့ပြီး   လူ အများအနေဖြင့်  အိမ်မှနေ၍ အလုပ်လုပ်လာကြခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ် သည့် eco friendly products ထုတ်ကုန်များဖြစ်ကြောင်း၊ ထိုင်းလက်မှုပညာပစ္စည်းများ ပြည်ပတင်ပို့မှု အနေဖြင့်  ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလများတွင်(၁၂%)နှင့် (၂၀%)တို့ဖြင့် အသီးသီးကျဆင်းခဲ့ပြီး မတ်လတွင်(၁၂.၁%)တိုးတက်ခဲ့ရာ ဘတ်ငွေ(၂၂.၁)ဘီလီယံရရှိခဲ့ကြောင်း၊ ပိတ်ဆို့တားဆီးမှုအစီအမံ များလျှော့ချခဲ့ခြင်းနှင့် စီးပွားရေးဆိုင်ရာလှုပ်ရှားမှုများပြုလုပ်ခဲ့ပြီး နောက်ကုန်သွယ်ဖက်နိုင်ငံများ၏ဝယ်လိုအားများ တက်လာခဲ့ခြင်းက မတ်လတွင် ပြည်ပပို့ကုန်တိုးတက်စေရန် အထောက်အကူဖြစ်ခဲ့ကြောင်း၊ အများဆုံးတင်ပို့ခဲ့သည့် ထုတ်ကုန်များတွင် ရွှေ၊ ငွေတို့ဖြင့် ပြုလုပ်ထားသော လက်မှုပညာ ထုတ်ကုန်များ ဖြစ်ပြီး ဒုတိယအများဆုံးတင်ပို့မှု၌ လက်မှုပညာပစ္စည်းများဖြစ်ရာ တန်ဖိုးအားဖြင့် (၆.၂၆)ဘီလီယံ နှင့် တတိယအများဆုံးတင်ပို့မှု၌ကြွေထည်ပစ္စည်းများဖြစ်ပြီး တန်ဖိုးအားဖြင့်(၅၂၄)သန်းရရှိခဲ့ကြောင်း၊အကြီး မားဆုံးပို့ကုန်ဈေးကွက်မှာ အမေရိကန်နိုင်ငံဖြစ်ပြီး ပို့ကုန်တန်ဖိုးအနေဖြင့် ဘတ်ငွေ(၆.၉၃)ဘီလီယံ၊ ဂျပန်နိုင်ငံသို့ (၁.၆၇)ဘီလီယံ၊ဂျာမနီနိုင်ငံသို့ (၁.၆၇)ဘီလီယံ၊ဟောင်ကောင်နိုင်ငံသို့(၁.၂၂)ဘီလီယံနှင့် ဗြိတိန်နိုင်ငံသို့(၉၆၈)သန်းတို့ဖြင့် အသီးသီးတင်ပို့နိုင်ခဲ့ကြောင်း၊ ပို့ကုန်တင်ပို့မှု တိုးတက်မှုအမြင့်မားဆုံး ဈေးကွက်များတွင် အီတလီ၊ ဗီယက်နမ်၊ ဩစတြေးလျ၊ ဗြိတိန်၊ ပြင်သစ်တို့ဖြစ်သော်လည်း ပထမ (၃)လ ပတ်တွင် စုစု‌ပေါင်းလက်မှုပညာပစ္စည်းတင်ပို့မှု(၈%)ကျဆင်းခဲ့သကဲ့သို့ ၂၀၂၀ ခုနှစ်၌ လက်မှုပညာပို့ကုန် တင်ပို့မှု (၂၄%)ကျဆင်းသွားပြီး  အဓိကတင်ပို့သည့်ဈေးကွက်နိုင်ငံများမှာ အမေရိကန်၊ ဂျာမနီ၊ ဂျပန်၊ ဟောင်ကောင်၊ တရုတ်၊ ဩစတြေးလျ၊ ဗြိတိန်၊ စင်ကာပူ၊ အိန္ဒိယနှင့် အီတလီနိုင်ငံတို့ဖြစ်ကြောင်း၊ အမှုဆောင်အရာရှိက ထိုင်းလက်မှုပညာထုတ်ကုန်များအနေဖြင့် ကမ္ဘာလုံးဆိုင်ရာခေတ်ရေစီးကြောင်းနှင့်အညီ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များအပေါ်တွင်လည်း အာရုံစိုက်သင့်ကြောင်း၊ စားသုံးသူများ အနေ ဖြင့် သမိုင်းနှင့်ရှေးဟောင်းလက်မှုပညာပစ္စည်းများအပေါ် စိတ်ဝင်စားကြပြီး ဇာတ်ကြောင်းများပြောခြင်းက အဆိုပါထုတ်ကုန်များအတွက် ပိုမို၍ တန်ဖိုးတက်စေသည်ဟုပြောကြားခဲ့ကြောင်းသိရှိရပါသည်။