Main menu

ငါန်းဇွန်မြို့တွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး ၊ ငါန်းဇွန်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၉)ရက်နေ့၊ နေ့လယ် ၁၄:၀၀ နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှိ(community center)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

     ဟောပြောဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးမှ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုကျင်းပရခြင်းဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါးမှာ ကြောက်စရာအလွန်ကောင်းပြီး ကောင်းကျိုးမပေးပဲ ဆိုးကျိုးနှင့်ဒုက္ခများစွာပေးသည့်အတွက် ငယ်စဉ်မှစ၍ဘဝတစ်သက်တာ ရှောင်ရှားကြရန်လိုအပ်ပါကြောင်း၊ ကောင်းကျိုးဆိုးကျိုးများအားခွဲခြားဆင်ခြင်သုံးသပ်တတ်စေရန် စာအုပ်စာပေများဖတ်ရှု့လေ့လာရန်နှင့် အသိပညာပေးဟောပြောပွဲများကိုလည်း စိတ်ပါဝင်စားစွာ တက်ရောက်ကြရန် လိုအပ်ပါကြောင်း၊ မိမိရုံးရှိပြည်သူ့စာကြည်တိုက်မှာလည်း ကဏ္ဍအလိုက် အကြောင်းအရာစုံ စာအုပ်စာပေများရှိသည့်အတွက် အားလပ်ချိန်များတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လာရောက်လေ့လာဖတ်ရှု့နိုင်ပါကြောင်း၊ မူးယစ်ဆေးအစ ဆေးလိပ်က ဆိုသည့်အတိုင်း ဆေးလိပ်သောက်ခြင်းကိုလည်း အထူးရှောင်ကြဉ်ရမှာဖြစ်ပါကြောင်း စသည်ဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ပါပြီး၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဒေါ်ဥမ္မာဝင်းမှ အမှိုက်ကင်းစင်ကျောင်းတော်တခွင် ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ မိမိတို့စားသောက်ပြီး အမှိုက်များကို စည်းကမ်းမဲ့စွာစွန့်ပစ်ခြင်းမပြုပဲ စနစ်တကျ အမှိုက်ပုံးများထဲသာစွန့်ပစ်ကြရန်စသည်ဖြင့် အမှိုက်စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေမှ ကျောင်းသား၊ ကျောင်းသူများမှာ ငယ်ရွယ်သူများဖြစ်သည့်အတွက် အစားအစာများကို စားသုံးသည့်အခါ ပို၍ဂရုစိုက်ရမည်ဖြစ်ပါကြောင်း၊ ငယ်ရွယ်စဉ်မှစ၍ ဆင်ခြင် စားသုံးမှသာ ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်ဖြင့် ပညာများသင်ကြားနိုင်မှာဖြစ်ပြီး ကိုယ်ရည်မှန်း ထားသည့် လုပ်ငန်းဆောင်တာများကိုလည်း အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ ယနေ့မျက်မှောက်ခေတ်တွင် အသင့်စား အစားအစာများပေါများလာသဖြင့် လွယ်လွယ်ကူကူ ဝယ်ယူစားသောက်နေကြကြောင်း၊ အသင့်စား အစားအစာများမှာ ကြာရှည်ခံအောင်နည်းမျိုးစုံဖြင့် စီမံထုတ်လုပ်ထားသည့်အတွက် ဘေးထွက်ဆိုးကျိုးမှာ အနည်းနှင့်အများရှိပါကြောင်း၊ ကျောင်သား၊ ကျောင်းသူများအနေဖြင့် အသင့်စား အစားအစာများကို တတ်နိုင်သလောက် လျော့ပေါ့စားသောက် ကြရန်လိုအပ်ပါကြောင်း၊ အကယ်၍ဝယ်ယူစားသောက်မည်ဆိုလျှင်လည်း ကုန်အညွှန်းအမှတ်အသားများကို သေချာစွာကြည့်ရှု့ဝယ်ယူကြရန်နှင့် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြထားခြင်း မရှိသော ကုန်စည်များအားသတိပြုရှောင်ရှားဝယ်ယူသုံးစွဲကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ သိသင့်သိထိုက်သည်များကို ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ အမှတ်(၁၊၂၊၃၊၄) ရပ်ကွက်ရှိ အခြေခံမူလတန်းလွန်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၅၀)ဦးနှင့် ဆရာ၊ ဆရာမ(၁၀)ဦး၊ ဌာနဆိုင်ရာ(၄)ဦး၊ စုစုပေါင်း (၆၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)