Main menu

ကမ္ဘာ့နိုင်ငံများ၏စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာသတင်းများ

Powered by Drupal

ဂျပန်နိုင်ငံ သတင်းများ

စတော်ဘယ်ရီသီးအမြောက်အများတင်ပို့နိုင်ခဲ့ခြင်း

၁။      ဂျပန်နိုင်ငံသည် စတော်ဘယ်ရီသီးအမြောက်အများကိုတင်ပို့နိုင်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ တန်ချိန် (၄၉၃)တန်၊ တန်ဖိုး ယန်း(၁)ဘီလီယံရှိခဲ့ပြီး အမြင့်မားဆုံးသော တင်ပို့မှု တန်ဖိုးအဖြစ် ရရှိခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း၌လည်း တန်ချိန်(၄၀၀)ကျော်ဖြင့် ဆက်လက် တင်ပို့နိုင်ခဲ့ပြီး (၂)လဆက်တိုက် တင်ပို့မှုမြင့်တက်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သည့် စတော်ဘယ်ရီသီးများသည် အရည်အသွေးမြင့်မားပြီး အရသာလည်း ထူးခြားကောင်းမွန်၍ ပြည်ပနိုင်ငံများမှ ဝယ်လိုအား မြင့်တက်ခြင်း၊ နိုင်ငံတကာတွင် COVID-19 ကူးစက်ရောဂါကြောင့် လူအများအပြား နေအိမ်တွင်သာ  ချက်ပြုတ်စားသောက်နေထိုင်ကြခြင်း တို့သည် စတော်ဘယ်ရီသီးတင်ပို့မှုကို မြင့်မားစေသည့် အဓိက အချက်များဖြစ်ကြောင်း၊ ဂျပန်နိုင်ငံမှ စတော်ဘယ်ရီသီး အဓိကတင်ပို့နေသည့်နိုင်ငံများမှာ ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်း၊ တရုတ်(တိုင်ပေ)နှင့် အမေရိကန်ပြည်ထောင်စုတို့ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်မှ အစပြုကာ ဂျပန်နိုင်ငံ၏ စတော်ဘယ်ရီသီးတင်ပို့မှု မြင့်တက်လာခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်း တန်ချိန်(၁၂၃၇)ဖြင့် အမြင့်ဆုံးသော စံချိန်သစ် တင်ပို့ခဲ့ကြောင်း၊၂၀၁၉ ခုနှစ်တွင် စိုက်ပျိုးထွက်ရှိမှု အားနည်းခဲ့သဖြင့် တန်ချိန် (၁၀၀၀) အောက်ကျဆင်းသွားခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် ကိုရိုနာကူးစက်ရောဂါနှင့် ရင်ဆိုင်နေရ၍  သယ်ယူပို့ဆောင်မှုအခက်အခဲများ ရှိခဲ့သော်ငြား တင်ပို့မှု တန်ချိန် (၁၁၉၇)အထိ ပြန်လည်ရောက်ရှိခဲ့ကာ ၂၀၁၈ ခုနှစ်ပြီးနောက် ဒုတိယမြောက် တင်ပို့မှု အများဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်မှ တင်ပို့ခဲ့မှုသည် ၂၀၁၀ ပြည့်နှစ်မှ တင်ပို့မှုထက် (၁၁.၅)ဆ သာလွန်ခဲ့ကြောင်း၊ ယခု ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နှင့်မတ်လ(၂)လတာ ကာလအတွင်း တင်ပို့ခဲ့မှုမှာ (၉၁၃)တန် ရှိခဲ့သဖြင့် ၂၀၂၀ ပြည့်နှစ် ကတင်ပို့မှု၏ ၈၀% သို့ ရောက်ရှိထားပြီးဖြစ်ကြောင်း၊ ဂျပန်နိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် စတော်ဘယ်ရီသီးများသည် ပြည်ပ နိုင်ငံများ၏ ဈေးကွက်တွင် ပြည်တွင်း၌ ရောင်းချသည့်ဈေးနှုန်းထက် ၃ ဆမှ ၆ ဆ အထိ မြင့်မားသည့်ဈေးနှုန်းများ ရရှိခြင်းမှာ အရွယ်အစားနှင့်အရသာကောင်းမွန်သဖြင့် ပြည်ပနိုင်ငံများမှ လူချမ်းသာ များအကြား လူကြိုက်များ၍ ဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကိုထိန်းချုပ်ရန် ကမ္ဘာတလွှား လေကြောင်း လိုင်းပြေးဆွဲမှုများလျှော့ချလိုက်ရာ ပြည်ပနိုင်ငံများမှ လူအများစုသည် ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ကာ စတော်ဘယ်ရီသီးစားသုံးမှု မပြုနိုင်ကြတော့၍ ၎င်းတို့နေအိမ်များမှပင် စားသုံးလိုကြသဖြင့် ဝယ်လိုအားများ အလွန်မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ဂျပန်နိုင်ငံမှထွက်ရှိသည့် စတော်ဘယ်ရီသီးများ ပြည်ပတင်ပို့မှုမြင့်မားနိုင်သည့် အလားအလာများရှိသဖြင့် အနာဂတ်တွင် ပိုမိုစိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ စတော်ဘယ်ရီသီးအများဆုံး စိုက်ပျိုးသည့် တိုးချိဂိစီရင်စု ဒေသတွင်လည်း cross-border online shopping sites များကိုအသုံးပြု၍ ဟင်းချက်နည်းသင်တန်းများဆောင်ရွက်ကာ စင်ကာပူနှင့် မလေးရှားနိုင်ငံများသို့ ပို့ကုန်မြှင့်တင်နိုင်ရန် ကြိုးပမ်းနေသကဲ့သို့ အခြားသောပြည်ပဈေးကွက်များသို့လည်း စတော်ဘယ်ရီသီး တင်ပို့မှုများ မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအစိုးရကလည်း ၂၀၂၅ ခုနှစ်အရောက်တွင် စတော်ဘယ်ရီသီးတင်ပို့မှုမှ ဝင်ငွေ ယန်း (၈.၆) ဘီလီယံရရှိနိုင်ရန် မျှော်မှန်းဆောင်ရွက်နေကြောင်း သိရှိရပါသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ/မရှိ လျှင်မြန်စွာစစ်ဆေးနိုင်မည့်နည်းလမ်းကို သုတေသီများက တီထွင်ခဲ့ ကြခြင်း

၂။       ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်နှင့် အခြားသောသုတေသနဌာနများမှ သုတေသီများ ပါဝင်ကြသည့် ပညာရှင်အဖွဲ့သည် ၅ မိနစ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ/မရှိကို လျှင်မြန်စွာစစ်ဆေးနိုင်မည့်နည်းလမ်း တစ်ခုကိုတီထွင်ခဲ့ကြရာ ထိုနည်းလမ်းသစ်သည် ဗိုင်းရပ်စ်ပိုးစစ်ဆေးမည့်နမူနာများကို (၁) စတုရန်းစင်တီ မီတာ၌ ချိုင့်ခွက်ငယ်လေးများ (၁)သန်း ခန့်ပါဝင်သည့် ဖန်သားပြင်တစ်ခုအပေါ်တွင် တင်ထားကာ စမ်းသပ်ခြင်းဖြစ်ကြောင်း၊ အလွန်သေးငယ်သည့် အခန်းငယ်လေးများနှင့်အသွင် သဏ္ဍာန်တူသည့် အဆိုပါချိုင့်ခွက်ငယ်လေးများကို အဏုကြည့်မှန်ပြောင်း အသုံးပြုကာ ပုံဖော်ဖန်တီးထားပြီး အဆိုပါ အခန်းငယ်တိုင်းတွင် ဓါတ်စမ်းပစ္စည်းတစ်ခုစီပါဝင်ပြီး စစ်ဆေးမည့်နမူနာတစ်ခုကို ကိုရိုနာဗိုင်းရပ်စ်၏ RNA ပါရှိပြီဆိုပါက အဆိုပါအခန်းငယ်မှအလင်းရောင်ထုတ်လွှတ်ပေးကြောင်း၊ ပုံမှန်စစ်ဆေးနေကျ PCR စစ်ဆေးသည့်နည်းလမ်းနှင့်မတူဘဲ အလွန်သေးငယ်သည့် မိုက်ခရိုအခန်းငယ်လေးတစ်ခုအတွင်း၌ပင် ကိုရိုနာဗိုင်းရပ်စ်၏  RNA အနည်းငယ်ဖြင့်ပင် စစ်ဆေးနိုင်ခြင်း ဖြစ်သဖြင့် ဗိုင်းရပ်စ်ကို ထပ်မံအသေးစိတ် စစ်ဆေးရန် မလိုအပ်တော့ကြောင်း၊ PCR စစ်ဆေးရန် အချိန်(၁)နာရီ (သို့) (၁)နာရီထက်ပို၍ အချိန်ကြာနိုင်သော်လည်း ယခု တီထွင်စမ်းသပ်မှု နည်းလမ်း အရ ၅ မိနစ်အတွင်း ရောဂါပိုးရှိ/မရှိကို အဖြေထုတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ဂျပန်နိုင်ငံ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဟောင်ကောင်သတင်း

စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် စားသုံးသူများအပေါ် ဝန်ထုပ်ဝန်ပိုးများ ဖြစ်ပေါ်လျှက်ရှိခြင်း

၃။      ဟောင်ကောင်ဒေသ၏ စူပါမားကတ်များရှိနေ့စဉ်သုံးစွဲရန်လိုအပ်သည့် ကုန်ပစ္စည်း (၂၃၀)မျိုး ကို စစ်တမ်းကောက်ယူရာတွင် စားသုံးသူရေးရာကောင်စီ(Consumer Council)၏ စာရင်းများအရ ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ငွေကြေးဖောင်းပွမှုနှုန်းထက် ပိုမိုမြင့်မားလျှက်ရှိရာ ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ပျမ်းမျှ(၁.၉%) မြင့်တက်ခဲ့သဖြင့် စားသုံးသူဈေးဆနှုန်းကိန်း(Consumer Price Index-CPI) ထက်(၀.၃%) ပိုမိုမြင့်မားနေပြီး စားသုံးသူများအတွက် ဝန်ထုပ်ဝန်ပိုးများ ဖြစ်နိုင်ကြောင်း ၂၀၂၁ ခုနှစ်၊ ဧပြီလထုတ်သတင်းစာ၌ ရေးသားဖော်ပြထားရာ အဆိုပါသတင်း၌ ဟောင်ကောင်ဒေသရှိ စူပါမားကတ် ဆိုင်ကြီးများတွင် တစ်နှစ်တာအတွက် စစ်တမ်းကောက်ယူခဲ့သည်ကိုလည်း ဖော်ပြထားကြောင်း၊ စည်သွပ်ဘူးများ၏ဈေးနှုန်းမှာ (၁၉.၉%) မြင့်တက်လျှက်ရှိပြီး စည်သွပ်ဗူးအမျိုးအစား (၁၈)မျိုးကို စစ်တမ်း ကောက်ယူရာတွင် အသားဘူးများ(၂၅.၁%)၊ ငါးဘူးများ (၁၅.၄%)၊ ဟင်းသီးဟင်းရွက်(သို့) စွပ်ပြုတ်ဘူး များမှာ(၁၇.၇%) အသီးသီးမြင့်တက်ခဲ့ကြောင်း၊ Greatwall အမှတ်တံဆိပ် ဝက်ခုတ်သားမှာ(၃၂.၇%)နှင့် (၁၉၈)ဂရမ်ရှိသော ဝက်ပေါင်ခြောက် ဈေးနှုန်းမှာ ဟောင်ကောင်ဒေါ်လာ (၁၀.၇၀) မှ (၁၄.၂၀)ဒေါ်လာ သို့ မြင့်တက်ခဲ့ကြောင်း၊ ပေါင်မုန့်၌ သုတ်စားသော ဒိန်ခဲပျော့ပါမုန့်နှင့် ကိတ်မုန့် အစရှိသည့် ကုန်ပစ္စည်းအမျိုးအစားများတွင် (၆.၄%) မြင့်တက်ခဲ့ကြောင်း၊ ဆန်ဈေးနှုန်းမှာ (၃)နှစ် ဆက်တိုက်မြင့်တက်လျှက်ရှိပြီး နောက်ဆုံးနှစ်စာရင်းတွင် (၄.၇%)ရှိမည်ဖြစ်ကြောင်း၊ ဆန်အမျိုးအစား(၉)မျိုးကို စစ်တမ်းကောက်ယူရာတွင်  Golden Elephant Premium Rice  ၏ 8  kg တစ်အိတ်လျှင် ဟောင်ကောင်ဒေါ်လာ(၉၆)ဒေါ်လာမှ (၁၀၄.၇၁၀) ဒေါ်လာဈေးနှုန်းဖြစ်လာရာ (၉.၁%) သို့လည်းကောင်း၊ 5 kg တစ်အိတ်လျှင် ဟောင်ကောင် ဒေါ်လာ (၆၅.၉) ဒေါ်လာ မှ (၇၃.၈) ဒေါ်လာ ေးနှုန်းဖြစ်လာရာ (၁၂%)သို့လည်းကောင်း  မြင့်တက်ခဲ့ကြောင်း၊ အခြားတစ်ဖက်တွင်လည်း ဈေးနှုန်းကျဆင်းခဲ့သည့် ကုန်ပစ္စည်းအမျိုးအစား(၄)မျိုးတွင် နို့မှုန့်၊ ကလေးငယ်များ တစ်ခါသုံးအညစ်အကြေးဂွမ်းစများ၊ တစ်ကိုယ်ရေ ကျန်းမာရေးစောင့်ရှောက်မှု သုံးပစ္စည်းများနှင့်အသင့်သုံးစွဲနိုင်သော ပစ္စည်းအမျိုးအစားများ ဖြစ်သည့်အဖျော်ယမကာများ၊ တစ်ရှူး များ၊ အိမ်သန့်ရှင်းရေးသုံးပစ္စည်းများနှင့် တိရစ္ဆာန်အစားအစာများ အစရှိသည်တို့ပါဝင်ကြောင်း၊ စားသုံးသူရေးရာကောင်စီက စူပါမားကတ်ဆိုင်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင် ကမ္ဘာ့ကပ် ရောဂါကြောင့် ယခုကဲ့သို့ ခက်ခဲသည့်အချိန်ကာလအတွင်းတွင် အခြေခံစားသောက်ကုန်များနှင့် နေ့စဉ်သုံးပစ္စည်းများ၏ ဈေးနှုန်းများမြင့်တက်ခြင်းကို ရှောင်ရှားပြီး လူမှုတာဝန်သိမှုကို ပိုမို ဆောင်ရွက်သင့်သည်ဟု ပြောကြားခဲ့ကြောင်း၊ အနိမ့်ဆုံးဈေး သတ်မှတ်ရောင်းချမှုကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ က စတင်၍ “Low Prices Locked Campaign”ကို စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မတ်လကပြီးဆုံးခဲ့ရာ ထပ်မံ၍ကုန် ပစ္စည်း(၃၅၀)မျိုးအတွက် ၂၀၂၁ ခုနှစ်၊ ဧပြီလမှ  အောက်တိုဘာလအထိ နောက်ထပ်(၆)လခန့် အနိမ့်ဆုံးဈေး သတ်မှတ်ရောင်းချမည်ဟုကြေညာခဲ့ပြီး နောက်အဆိုပါ စစ်တမ်းကောက်ယူမှုအားထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ “Low Prices Locked Campaign” ပြုလုပ်ခြင်းဖြင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များ၊ ကုန်ကြမ်းပစ္စည်းများ စရိတ် မြင့်တက်လာမှုများနှင့် အခြားသောကုန်ကျစရိတ်များ၏ ဝန်ထုပ်ဝန်ပိုးများကို ၎င်းတို့ လုပ်ငန်း အနေဖြင့် တာဝန်ယူဆောင်ရွက်ရကြောင်းသိရှိရပါသည်။

(ရင်းမြစ်- ဟောင်ကောင်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဩစတြေးလျနိုင်ငံသတင်း

စီးပွားရေးအစီအစဉ်များအတွက် အပိုဆောင်းထောက်ပံ့မှုများပေးမည့်အစီအစဉ်ရှိခြင်း

၄။      ဩစတြေးလျနိုင်ငံအစိုးရသည်  ဩစတြေးလျနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအတွက် အပိုဆောင်း ထောက်ပံ့မှုများပေးနိုင်ရန် လိုအပ်သောဆောင်ရွက်မှုများပြုလုပ်နေပြီဖြစ်ကြောင်း ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်းက ကြေငြာခဲ့ပြီး ၎င်းအစီအစဉ်အရ ဩစတြေးလျနိုင်ငံတွင် နိုင်ငံတကာ အစီအစဉ်များကို ဆွဲဆောင်နိုင်ရန် နောက်ထပ် (၁၂)လ အထိ သက်တမ်းတိုးမည့် Business Events Bid Fund အစီအစဉ်အတွက် အေဒေါ်လာ (၃)သန်းကို ထပ်မံပေးအပ်ခြင်း၊ စက်မှုလုပ်ငန်းဉီးဆောင်သည့် စီးပွားရေးအစီအစဉ်များဖြစ်သည့် ရောင်းချခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများကို အထောက်အကူပြုလျှက်ရှိသော ပြည်တွင်းရှိ စီးပွားရေးအစီအစဉ်များ မြှင့်တင်မည့် အစီအစဉ်အတွက် ဒေါ်လာ(၁)သန်းကို ထပ်မံပေးအပ်ခြင်းတို့ကို ပြုလုပ်မည်ဖြစ်ကြောင်း၊ ဩစတြေးလျနိုင်ငံ ကုန်သွယ်ရေး၊ ခရီးသွားလာရေးလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးက ကိုဗစ်-၁၉ ကာလမတိုင်မီ စီးပွားရေးအစီအစဉ်ကဏ္ဍသည် ဩစတြေးလျနိုင်ငံစီးပွားရေးကို အေဒေါ်လာ ၃၆ ဘီလီယံအထိ အကျိုးပြုနိုင်ခဲ့ကြောင်း၊ Business Events Bid Fund အစီအစဉ် စတင်ခဲ့သည့် ၂၀၁၈ ခုနှစ် မှစတင်၍ စီးပွားရေးတန်ဖိုး အေဒေါ်လာ (၄၁၁) သန်းရှိ နိုင်ငံတကာအစီအစဉ်များကို ဖိတ်ခေါ်နိုင်ခဲ့ကြောင်း၊ ဩစတြေးလျနိုင်ငံ၏ ကိုဗစ်-၁၉ အပေါ် ကျန်းမာရေးနှင့်စီးပွားရေးဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုများမှာ ကမ္ဘာပေါ်တွင် အကောင်းဆုံးဖြစ်ရာ ခရီးသွားလုပ်ငန်း ပြန်လည်သက်ဝင်လာသည်နှင့်တပြိုင်နက် နိုင်ငံတကာအစီအစဉ်များကို ဆွဲဆောင်နိုင်မည့်နေရာဖြစ်လာမည်ဖြစ်ပြီး အစီအစဉ်၏ တစ်စိတ်တစ်ဒေသအနေဖြင့် နိုင်ငံတကာ အစီအစဉ်များ ပိုမိုရရှိစေရန် ဩစတြေးလျနိုင်ငံ၏ တီထွင်ဆန်းသစ်မှုများကို မြောက်အမေရိက၊ ယူကေနှင့်ဉရောပတို့ရှိ ပွဲစီစဉ်သူများကို ပြသမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအစီအစဉ်များ ဩစတြေးလျနိုင်ငံသို့ လာရောက်ကျင်းပနိုင်ရေး ဆွဲဆောင်နိုင်ရန် Business Events Grant Program  အတွက် အေဒေါ်လာ သန်း (၅၀)ကို ထပ်မံဖြည့်စွက်ပေးမည်ဖြစ်ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းများ က ပြည်တွင်းရှိ စီးပွားရေးအစီအစဉ်များ၊ ညီလာခံများ၊ ကုန်စည်ပြပွဲများ တက်ရောက်နိုင်ရန်နှင့် ပြည်တွင်းခရီးသွားလာရေးလုပ်ငန်းတွင် သုံးစွဲရန် လေကြောင်းနှင့်ခရီးသွားလာရေးအတွက် အေဒေါ်လာ (၁.၂) ဘီလီယံ ကိုထပ်မံဖြည့်စွက်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှ ဩစတြေးလျနိုင်ငံသို့ စီးပွားရေးအစီအစဉ်များ လာရောက်တက်ရောက်ကြရာတွင် ဟိုတယ်ခန်းများ ငှားရမ်းခြင်း၊ ကော်ဖီဆိုင်နှင့်စားသောက်ဆိုင်များတွင် ဝယ်ယူစားသောက်ခြင်း၊ ဈေးဆိုင်များနှင့် ဆွဲဆောင်နိုင်သည့် ခရီးသွား အပန်းဖြေနေရာများသို့ သွားရောက် လည်ပတ်ကြခြင်းတို့ကြောင့် စီးပွားရေး အသိုင်းအဝိုင်းနှင့် လူမှုအဖွဲ့အစည်းများအတွက် သတင်းကောင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်ကို သိရှိရပါသည်။

(ရင်းမြစ်- ဩစတြေးလျနိုင်ငံ၊ကင်ဘာရာမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဥရောပအဖွဲ့ဝင်နိုင်ငံများသတင်း

သစ်တောပြုန်းတီးမှုနှင့်ဆက်စပ်သည့်ထုတ်ကုန်များ အဓိကတင်သွင်းသည့်နိုင်ငံများတွင် ဘယ်လ်ဂျီယံနိုင်ငံ ပါဝင်ခဲ့ခြင်း

၅။      World Wide Fund for Nature (WWF) ၏ အစီရင်ခံစာအရ သစ်တောပြုန်းတီးမှု ဖြစ်စေနိုင်သည့် ထုတ်ကုန်များတင်သွင်းမှု၌ အီးယူသည် တရုတ်နိုင်ငံ၏အနောက်တွင် ဒုတိယ အများဆုံး တင်သွင်းသူ အဖြစ် ရပ်တည်နေပြီး ဘယ်လ်ဂျီယံနိုင်ငံသည် အဆိုပါထုတ်ကုန်များကို အဓိက တင်သွင်းသည့် ဥရောပနိုင်ငံ ()နိုင်ငံတွင် ပါဝင်ခဲ့ကြောင်း၊၂၀၀၅  ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း တင်သွင်းခဲ့သည့် ထုတ်ကုန်များ မှတစ်ဆင့် သစ်တောပြုန်းတီးမှု ဟက်တာပေါင်း (.)သန်းအတွက် အီးယူက တာဝန်ရှိခဲ့သည်ဟု WWF ၏ အစီရင်ခံစာက ဖော်ပြထားကြောင်း၊ အဆိုပါနှုန်းထားသည် အစီရင်ခံစာမှဖော်ပြသည့်ကာလအတွင်း ကျဆင်းခဲ့သော်လည်း အီးယူအနေဖြင့် သစ်တောပြုန်းတီးမှု အားလုံး၏ (၁၆%)ကို ကိုယ်စားပြုနေဆဲဖြစ်ပြီး တရုတ်နိုင်ငံ (၂၄%)၏နောက် ဒုတိယနေရာ၌ ရှိနေခြင်းဖြစ်ကြောင်း၊ သစ်တောပြုန်းတီးမှုနှင့်ဆက်စပ်သည့်အဓိက ထုတ်ကုန်များမှာ ပဲပုပ်စေ့၊ ဆီအုန်း၊ အမဲသား၊ သစ်တောထွက်ကုန်များ၊ cocoa(ကိုကိုး)နှင့် ကော်ဖီတို့ ဖြစ်ကြောင်း၊ WWF ၏ အစီရင်ခံစာအရ ဂျာမနီ၊ အီတလီ၊ စပိန်၊ ဗြိတိန်၊ နယ်သာလန်၊ ပြင်သစ်၊ ပိုလန်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့သည် အီးယူမှ သစ်တောပြုန်းတီးမှု နှင့်ဆက်စပ်ထုတ်ကုန်များတင်သွင်းမှု၏ (၈၀%)ခန့်ကို စုပေါင်းကိုယ်စားပြုထားကြောင်း၊ ပြီးခဲ့သည့်နှစ်က ဥရောပပါလီမန်သည် သစ်တောပြုန်းတီးမှု ပြဿနာဖြေရှင်းရေးဥရောပကော်မရှင်အား တောင်းဆိုသည့် Resolution တစ်ရပ်ကို ချမှတ်ခဲ့ပြီး ကော်မရှင် အနေဖြင့် သစ်တောပြုန်းတီးမှု တိုက်ဖျက်ရေးအတွက် ဥပဒေသစ်ပြဌာန်းမည့် အဆိုပြုချက်ကို တင်သွင်းရမည် ဖြစ်ကြောင်း သိရှိရပါသည်။

ဘယ်လ်ဂျီယံနိုင်ငံက ၂၀၂၂ ခုနှစ် မှစတင်၍ ဇီဝလောင်စာများတွင် ပဲပုပ်နှင့် ဆီအုန်းအသုံးပြုမှုကို ပိတ်ပင်တားမြစ်သွားမည်ဖြစ်ခြင်း

၆။      ဘယ်လ်ဂျီယံနိုင်ငံသည်  သစ်တောပြုန်းတီးမှုပပျောက်ရေးဆောင်ရွက်ချက်၏ တစ်စိတ် တစ်ပိုင်းအဖြစ် ဇီဝလောင်စာများတွင် ပဲပုပ်နှင့်ဆီအုန်းအသုံးပြုမှုကို ၂၀၂၂ ခုနှစ်မှစတင်၍ ပိတ်ပင်တားမြစ်သွားမည်ဟု သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာဖက်ဒရယ်ဝန်ကြီးဖြစ်သူက ကြေငြာခဲ့ကြောင်း၊ ဒိန်းမတ်၊ ပြင်သစ်၊ နယ်သာလန်နိုင်ငံတို့နည်းတူ ဆီအုန်းမှပြုလုပ်သည့် ဇီဝ လောင်စာများကို ဘယ်လ်ဂျီယံနိုင်ငံ ဈေးကွက်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတို့၌ သုံးစွဲခွင့်ပြုတော့ မည်မဟုတ်ကြောင်း၊ သယ်ယူပို့ဆောင် ရေးတွင် သုံးသည့် ဇီဝလောင်စာများ၌ ပဲပုပ်ကုန်ကြမ်းအဖြစ် အသုံးပြုမှုကိုလည်း ၂၀၂၃ ခုနှစ် မှစတင်၍ တားမြစ်သွားမည်ဖြစ်ကြောင်း၊ ယင်းဇီဝလောင်စာများသည် သစ်တောပြုန်းတီးမှု၊ ဇီဝမျိုးစုံ/မျိုးကွဲများ ဆုံးရှုံးမှုတို့ကို ဉီးတည်စေနိုင်ကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံ ဈေးကွက်၌အသုံးပြုမည့် ဇီဝဒီဇယ်ပမာဏကို ထုတ်လုပ်နိုင်ရန်အတွက် ဘောလုံးကွင်းအရေအတွက် (၁)သိန်းကျော် ဧရိယာရှိသည့် ဆီအုန်းစိုက်ခင်းများ လိုအပ်ကြောင်း၊ လေ့လာမှုများအရ ယင်းဆီအုန်း စိုက်ခင်းများ၏  ထက်ဝက်ခန့်သည် သစ်တောပြုန်းတီးသည့် မြေများပေါ်တွင် စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ ၂၀၂၅  ခုနှစ်တွင် စိုက်ပျိုးရေးကုန်စည်များ နှင့်ဆက်စပ်သည့် သစ်တောပြုန်းတီးမှု လျော့နည်းပပျောက်ရေး သဘောတူညီချက်တစ်ရပ်ဖြစ်သော အမ်စတာဒမ်မိတ်ဖက်ကြေညာချက် (Am –sterdam Declarations Partnership) သို့ဝင်ရောက်ပြီးနောက် ယခုဆောင်ရွက်ချက်သည် ဘယ်လ်ဂျီယံ နိုင်ငံ၏ ပထမဆုံးအစီအမံတစ်ရပ်လည်းဖြစ်ကြောင်း၊ ယင်းကြေငြာချက်တွင် ဘယ်လ် ဂျီယံ၊ ဒိန်းမတ်၊ပြင်သစ်၊ဂျာမနီ၊အီတလီ၊နော်ဝေ၊စပိန်၊နယ်သာလန်နှင့် ဗြိတိန်နိုင်ငံတို့က လက်မှတ် ရေးထိုးထားကြောင်း၊ ဘယ်လ်ဂျီယံ နိုင်ငံအစိုးရသည် လျှပ်စစ်ဓါတ်အား အသုံးပြု ရထားပို့ဆောင်ရေး နည်းလမ်းကို အလေးထားဆောင်ရွက်ခြင်းဖြင့် ဇီဝလောင်စာဝယ်လိုအားကို လျှော့ချ သွားမည်ဖြစ် ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဘရပ်ဆဲလ်မြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

အိန္ဒိယနိုင်ငံသတင်း

၂၀၂၁-၂၂ စိုက်ပျိုးရေးနှစ်၌ ကောက်ပဲသီးနှံ တန်ချိန် ၃၀၇.၃၁ သန်းအထိ တိုးတက်ထွက်ရှိရန် အိန္ဒိယအစိုးရက အစီအမံများချမှတ်ခြင်း

၇။      အိန္ဒိယနိုင်ငံ၊ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများဖူလုံရေး ဝန်ကြီးဌာနသည် ၂၀၂၁ ခု နှစ် မိုးသီးနှံစိုက်ပျိုးမှုဆိုင်ရာ အမျိုးသားအဆင့် ညီလာခံ (National Conference on Agriculture for Kharif Campaign-2021) ကို ၃၀-၄-၂၀၂၁ နေ့၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီး နာရင်ဒရာဆင်းတိုမာ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များက လယ်ယာစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး အစီအမံများကို ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရပါသည်။ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ၃၀-၄-၂၀၂၁ နေ့ သတင်းထုတ်ပြန်ရာ၌ အဆိုပါညီလာခံ တွင် ၂၀၂၀-၂၁ ခုနှစ်အတွက် ကောက်ပဲသီးနှံထွက်ရှိမှုကို တန်ချိန် ၃၀၁.၉၂ သန်းရရှိရန် ရည်မှန်းချက် ထားရှိ ဆောင်ရွက်ခဲ့ရာ ဒုတိယအကြိမ်ခန့်မှန်းချက်အရ တန်ချိန် ၃၀၃.၃၄ သန်းအထိ ရရှိနိုင်ဖွယ်ရှိ ကြောင်း၊ ယခင်နှစ်စိုက်ပျိုးထွက်ရှိမှုထက် ၁.၉၆% တိုးတက်လာခဲ့ပြီး အထူးသဖြင့် ပဲမျိုးစုံ၌ တန်ချိန် ၂၄.၄၂ သန်းနှင့် ဆီထွက်သီးနှံတွင် တန်ချိန် ၃၇.၃ သန်းအထိ ထွက်ရှိခဲ့ကြောင်း၊ သို့ဖြစ်ရာ တောင်သူလယ်သမားများ၏ ထိုသို့စံချိန်တင်ထွက်ရှိအောင် စွမ်းဆောင်မှုအပေါ် ချီးကျူးဂုဏ်ပြုအပ်ပါကြောင်း၊ ရှေ့လာမည့် ၂၀၂၁-၂၂ သီးနှံစိုက်ပျိုးရေးနှစ်တွင် ကောက်ပဲသီးနှံတန်ချိန်ပေါင်း ၃၀၇.၃၁ သန်း ထွက် ရှိရန် လျာထားကြောင်း၊ အတ္တမနိဗ္ဗာဘာရတ်ခေါ် အိန္ဒိယ၏ ကိုယ်ပိုင်စွမ်းအားဖြင့် ရှင်သန်ရပ်တည်မှု ရည်မှန်းချက်ကို ရရှိအောင်စွမ်းဆောင်ရာ၌ ပြည်ပမှတင်သွင်းနေရမှုအပေါ် အမှီပြုနေရသည့် ပဲမျိုးစုံ နှင့် ဆီထွက်သီးနှံတို့ကို အထွက်တန်ချိန် ပမာဏ မြင့်မားစွာရရှိရန် ဦးတည်ချက်ချမှတ်ထားကြောင်း၊ ၎င်းသီးနှံအုပ်စု ၂ ခုအား ပြည်တွင်း၌ ပြတ်လပ်မှုဖြစ်ပေါ်ခြင်း မရှိစေရေးအတွက် ပြည်နယ်အစိုးရများ အနေဖြင့် စစ်ဆင်ရေး သဖွယ် သဘောထား၍ လုပ်ဆောင်ကြရန်ဖြစ်ကြောင်း၊ ထို့အပြင် ဈေးကွက် ချိတ်ဆက်ရရှိနိုငိသည့် အော်ဂဲနစ် စိုက်ပျိုးရေးထုတ်ကုန်များအား တိုးတက်ထုတ်လုပ်နိုင်မည့် နယ်မြေဒေသများကို ပြည်နယ်များ၌ သတ်မှတ်ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်းနှင့် ဗဟိုအစိုးရမှ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စသည်ဖြင့် ဝန်ကြီး နာရင်ဒရာဆင်းတိုမာက ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။

၈။      အဆိုပါ ညီလာခံ၌ အိန္ဒိယ စိုက်ပျိုးရေး၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တောင်သူလယ်သမားများ ဖူလုံရေးဦးစီးဌာနမှ စိုက်ပျိုးရေးဝန်ရှင်တော်မင်ကြီး ဒေါက်တာ ဆူရတ်မဟိုထရာ က မိုးသီးနှံရာသီ (Kharif season) ကာလ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ သီးနှံစီမံခန့်ခွဲမှုဆိုင်ရာ မဟာဗျူဟာများ ချမှတ်ဆောင်ရွက်မှု၊ သီးနှံမျိုးစေ့နှင့် သွင်းအားစုများ ရရှိနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ၎င်း၏ပြောဆိုမှုအရ အထူးစီမံကိန်းများအား အကောင်အထည်ဖော်ဆောင်မှု၏ ရလာဒ်အဖြစ် Zaid season ခေါ်နွေသီးနှံရာသီ၌ စိုက်ပျိုးမှု ဧရိယာသည် ဟက်တာ ၆၃.၄၄ သိန်း ရှိရာမှ ဟက်တာ ၇၅.၇၅ သိန်းသို့ တိုးတက်လာမှုနှင့်အတူ ၂၀၂၀-၂၁ ခုနှစ်တွင် ကောက်ပဲသီးနှံ ထုတ်လုပ်နိုင်မှုမှာ တိုးတက်လာကြောင်း၊ ယခုနှစ် မုတ်သုံရာသီမှာ ပုံမှန်အခြေအနေ (ကာလရှည် ပျမ်းမျှတွက်ချက်မှု၏ ၉၈% ခန့်) အတိုင်း ကောင်းမွန်ဖွယ်ရှိမည်ဟု ခန့်မှန်းရကြောင်း၊ ယခင်နှစ် ရိတ်သိမ်းချိန်ကာလ၌ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ထိခိုက်မှုရှိသော ပဲပုတ်နှင့် ပြောင်းသီးနှံတို့မှအပ ကျန်သီးနှံများအတွက် မျိုးစေ့လုံလောက်မှုရှိကြောင်း သိရှိရသည်။ စိုက်ပျိုးရေးနှင့်တောင်သူလယ်သမားများ ဖူလုံရေးဆိုင်ရာ အတွင်းဝန် ဆန်ဂျေးအာဂါဝယ်က ပြည်နယ်စိုက်ပျိုးရေးဌာနများအနေဖြင့် တောင်သူလယ်သမားများထံသို့ မျိုးစေ့နှင့် မြေဩဇာများကို အချိန်မီ ပံ့ပိုးနိုင်ရေးအတွက် သွင်းအားစု လိုအပ်ချက်အား ခန့်မှန်းတွက်ချက်လျက် ဗဟိုအစိုးရထံ တင်ပြရန် လိုအပ်ကြောင်းနှင့် အိန္ဒိယ စိုက်ပျိုးရေးဦးစီးဌာနသည် မိုးသီးနှံများအတွက် မျိုးစေ့နှင့်ဆက်စပ်သွင်းအားစု ထောက်ပံ့မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။ 

(ရင်းမြစ်-နယူးဒေလီမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)