Main menu

ဆင်း-၃ စပါး တင်းတစ်ရာ ခြောက်သိန်းထိ မြင့်တက်လာ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်အတွင်း မိုးစပါးစိုက်ဧက (၅၅,၄၁၀)ဧက စိုက်ပျိုးခဲ့ပြီး တရုတ်နယ်စပ်ဈေးကွက်နှင့် မန္တလေးဈေးကွက် အရောင်းအဝယ်ရှိသည့် ဆင်းဧကရီ (ခေါ်) ဆင်း-၃ စပါး (၃၄,၇၆၆)ဧကနှင့် အခြားစပါး (၂၀,၆၄၄)ဧက စိုက်ပျိုးခဲ့ပါတယ်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလမှာ မန္တလေးမြို့ ဆန်စပါးပွဲရုံများနှင့် တရုတ်နယ်စပ်များမှာ ဆင်း-၃ ဆန် အရောင်းအဝယ်ရှိလာသည့်အတွက် စပါးတင်းတစ်ရာ လျှင် (၅၆၀,၀၀၀)ကျပ်ဈေးမှ (၆၀၀,၀၀၀)ကျပ် အထိ မြင့်တက်လာတာ တွေ့ရှိရပါတယ်။

          အင်းတော်မြို့ အမေ့အိမ်ဆန်စက်လုပ်ငန်းရှင် ဦးအောင်ထွေး၏ ပြောကြားချက်အရ “ ဆန်စက်လုပ်ငန်းရှင်တွေ အားလုံးနီးပါး ဆန်ကြိတ်ခွဲလည်ပတ်နေကြရပြီး မန္တလေး ဆန်ကုန်သည်များမှ နယ်ဆင်း လာဝယ် တာတွေ ရှိနေပါတယ်။ တစ်ချို့စက်ပိုင် သူဌေးတွေကတော့ တရုတ်နယ်စပ်အထိ သွားရောင်းကြပြီး ကျွန်တော်တို့က မန္တလေးမှ ကုန်သည်တွေကို ရောင်းချပါတယ်။ မန္တလေး ဆန်ဈေးကွက်မှာ ဆန်တစ်အိတ် (၁၁၀.၇၈)ပေါင်နဲ့ ဆန်သား ၇၀ ရာခိုင်နှုန်းကို (၂၃၀၀၀) ကျပ်နှင့် ဆန်သား ၈၀ ရာခိုင်နှုန်းကို (၂၄၀၀၀) ကျပ်ဈေးရောင်းချရပါတယ်။ ယခုလို ကိုဗစ်ကာလ မိုးစပါးပေါ် ကာစမှာ ဆန်စပါးအရောင်းအဝယ်ဖြစ်ပြီး စပါးဈေးကောင်းတဲ့ အတွက် တောင်သူလယ်သမားတွေ အဆင်ပြေကြပါတယ်”ဟု ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

          တရုတ်နယ်စပ် ဆန်စပါးဈေးကွက်မှာ ဆင်း-၃ ဆန်အရောင်းအဝယ်ရှိတဲ့အတွက် ဆင်း-၃ စပါး အဓိကထွက်တဲ့ ကသာခရိုင်အတွင်းရှိ မြို့နယ်များနှင့် မိုးညှင်းခရိုင်အတွင်းရှိ မြို့နယ်များမှာ ဆန်စပါး အရောင်းအဝယ်ဖြစ်နေပြီး ၂၂ ဘီးတွဲကားများနှင့် မဲဇာတောင်ရိုးကိုဖြတ်ကာ မန္တလေး မြို့သို့ နေ့စဉ် (၁၀)စီးကျော် တင်ပို့နေတယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ကာလ အသွားအလာ ကန့်သတ်ခံကြရပြီး အခက်အခဲတချို့ ကြုံတွေ့နေချိန်အတွင်း အခုလိုဆန်စပါး အရောင်းအဝယ် ဖြစ်လာပြီး စပါးဈေးပါ မြင့်လာသည့်အတွက် တောင်သူလယ်သမား၊ အလုပ်သမား၊ စက်ပိုင်ကုန်သည်များ စီးပွားရေးအဆင်ပြေလာကြောင်း ဆန်စပါးဈေးကွက်က သိရပါတယ်။

DOCA(စစ်ကိုင်း)