Main menu

ဈေးကွက်နိုင်ငံများ၏ အရည်အသွေးဆိုင်ရာ လိုအပ်ချက်များအတိုင်း တင်ပို့ခြင်းမှ ပြည်ပ ဈေးကွက်ခိုင်မာရေးဆီသို့…

Powered by Drupal

          မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများအား အဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးကဏ္ဍမှ ထွက်ရှိသည့် သီးနှံများ၊ ထုတ်ကုန်အများအပြားကို ပြည်တွင်းစားသုံးမှုအပြင် ပိုလျှံမှုများကို ပြည်ပသို့ နှစ်စဉ်တင်ပို့လျက်ရှိပါသည်။ ထိုသို့ တင်ပို့ရာတွင် အများဆုံးမှာ ကုန်ကြမ်းများအတိုင်း တင်ပို့ခြင်းဖြစ်သော်လည်း ပြုပြင်ပြီး တင်ပို့သည်များလည်း ရှိသည်ကို တွေ့ရှိရပါသည်။ မြန်မာ့ထွက်ကုန်များ ပြည်ပဈေးကွက် ခိုင်မာစွာရရှိစေရန်မှာ ဈေးကွက်၏ လိုအပ်မှုပမာဏကို အပြည့်အဝဖြည့်တင်းရန် လိုအပ်သကဲ့သို့ ဈေးကွက်၏ အရည်အသွေးဆိုင်ရာ လိုအပ်ချက်များအတိုင်း ထုတ်လုပ်တင်ပို့နိုင်ရန် လွန်စွာအရေးကြီးပါသည်။ မြန်မာ့ထုတ်ကုန်များ ပြည်ပသို့တင်ပို့ရာတွင် သက်ဆိုင်ရာဈေးကွက်ရောက်သည့်အခါမှ အရည်အသွေး မပြည့်မီ၍ ပယ်ချခံရမှုများ မကြာခဏဆိုသလို ကြုံတွေ့နေကြရပါသည်။ ထိုသို့သော အခြေအနေများသည် Exporter များအတွက် ထိခိုက်နစ်နာရသကဲ့သို့ မိမိတို့နိုင်ငံ၏ ထွက်ကုန်များ၏ ပုံရိပ်ကိုပါ ထိခိုက်မှု ရှိစေနိုင်ပါသည်။ ထို့ကြောင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချမည့် ကုန်သည်လုပ်ငန်းရှင်များ၊ Exporter များအနေဖြင့် မိမိတို့၏ ကုန်စည်များအား တင်ပို့မည့်နိုင်ငံများ၏ အရည်အသွေးဆိုင်ရာ လိုအပ်ချက်၊ ကန့်သတ်ချက်များအတိုင်း ပြည့်မီအောင်ဆောင်ရွက်ရန် လွန်စွာအရေးကြီးပါသည်။ ထွက်ကုန်များ အရည်အသွေးကောင်းမွန်ရန်မှာ ကုန်သည်လုပ်ငန်းရှင်များ၊ Exporter များ သာမက စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ အားလုံးကပါ မိမိတို့ကဏ္ဍအလိုက် အထူးဂရုပြုဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန်မှာ တောင်သူများ၊ ကုန်သည်လုပ်ငန်းရှင်များ၏ ပါဝင်ကြိုးပမ်းမှုများက အရေးကြီးသကဲ့သို့ သက်ဆိုင်ရာအစိုးရဌာနများ၏ သတင်းအချက်အလက်ဆိုင်ရာ ပံ့ပိုးမှုများကလည်း အထူးလိုအပ်ပါသည်။ မြန်မာ့ထွက်ကုန်များ ပြည်ပဈေးကွက်နိုင်ငံများသို့ လွယ်ကူချောမွေ့စွာရောက်ရှိ၍ ဈေးကွက်ခိုင်ခိုင်မာမာရရှိရေးအတွက် Exporter များ၊ ကုန်သည်လုပ်ငန်းရှင်များ သာမက တောင်သူများကပါ မိမိတို့ထွက်ကုန်များအလိုက် ဈေးကွက်နိုင်ငံများ၏ အရည်အသွေးဆိုင်ရာ လိုအပ်ချက်များ၊ သတ်မှတ်ချက်များကို သိရှိလေ့လာထားရန် လိုအပ်ပါသည်။

ဈေးကွက်နိုင်ငံများ၏ ကုန်စည်အလိုက် မှိုဆိပ်ပါဝင်မှုနှင့် Heavy Metal ပါဝင်မှုဆိုင်ရာ ကန့်သတ်ချက် များ

          ပြည်ပတင်ပို့မည့်ကုန်စည်များအား ဈေးကွက်နိုင်ငံများ၏ အရည်အသွေးဆိုင်ရာလိုအပ်ချက်၊ သတ်မှတ်ချက်များနှင့်ကိုက်ညီအောင် ပြုလုပ်ဆောင်ရွက်ခြင်းသည် ပြည်ပတင်ပို့မှုလုပ်ငန်းစဉ်တွင် အဓိကကျသော လုပ်ငန်းစဉ်တစ်ရပ်ပင် ဖြစ်ပါသည်။ ထိုသို့ အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်သည့်အလျောက် ဈေးကွက်၏ အရည်အသွေးသတ်မှတ်ချက်များကို သိရှိထားရန်နှင့် မိမိတို့ ထွက်ကုန်များကို လိုအပ်သည့် အရည်အသွေးဆိုင်ရာ အချက်အလက်များကိုလည်း စနစ်တကျ စမ်းသပ်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထွက်ကုန်များအလိုက် နိုင်ငံအချို့၏ လက်ခံသည့် အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်အချို့အား လေ့လာသိရှိနိုင်စေရန် တင်ပြလိုပါသည်။

တရုတ်နိုင်ငံ၏ ကုန်စည်အလိုက် မှိုဆိပ်ပါဝင်မှုနှင့် Heavy Metal ပါဝင်မှုဆိုင်ရာ ကန့်သတ်ချက်များ

တရုတ်နိုင်ငံအနေဖြင့် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ အစားအသောက်ဘေးကင်းမှုကို ဦးတည် ဆောင်ရွက်လာခဲ့ပြီး ပြည်တွင်းအစားအသောက်များ၊ ထုတ်ကုန်များနှင့် ပြည်ပမှ တင်သွင်းလာသည့် ထုတ်ကုန်များအပေါ် အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်များ ချမှတ်၍ တင်းကြပ်ဆောင်ရွက်လာခဲ့သည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် အစားအသောက်များ၊ ထုတ်ကုန်များ၏ အစားအသောက် ဘေးကင်းမှုဆိုင်ရာ သတ်မှတ်ချက်ဖြစ်သည့် မှိုဆိပ်ပါဝင်မှု ကန့်သတ်ချက်ကို အထူးအလေးထားလျက်ရှိကြပါသည်။ တရုတ်နိုင်ငံ၏ အစားအသောက်များ၊ ပြည်ပမှ တင်သွင်းလာသည့် ထုတ်ကုန်များအပေါ် မှိုဆိပ်ပါဝင်မှုကန့်သတ်ချက်အနေဖြင့်  Aflatoxin B1 ပါဝင်မှုကန့်သတ်ချက်မှာ ပြောင်းနှင့် ပြောင်းမှုန့်များတွင် ၂၀ µg/kg ၊ ဆန်နှင့်ဆန်မှုန့်တွင် ၁၀ µg/kg ၊ ဂျုံ၊ ဂျုံမှုန့်၊ ဘာလီနှင့် နှံစားတို့တွင် ၅ µg/kg ၊ အချဉ်ဖောက်ပဲချဉ်များတွင် ၅ µg/kg ၊ မြေပဲတွင် ၂၀ µg/kg ၊ အသင့်စား အစေ့အဆန်ခြောက်များတွင် ၅ µg/kg ၊ ချက်စားရသည့် အစေ့အဆန်များတွင် ၅ µg/kg ၊ နှမ်းအနှစ်တွင် ၂၀ µg/kg တို့ဖြစ်ကြောင်း သိရှိရပါသည်။ Aflatoxin M1 ပါဝင်မှုကန့်သတ်ချက်အနေဖြင့် နို့နှင့်နို့ထွက်ပစ္စည်းများတွင် ၀.၅ µg/kg၊ ပြုပြင်ထုတ်လုပ်ပြီး ပိုးသတ်ထားသည့်နို့များ၊ အချဉ်ဖောက်ထားသည့်နို့များတွင် ၀.၂ µg/kg တို့ဖြစ်ပါ သည်။ Ochratoxin A ပါဝင်မှုကန့်သတ်ချက်အနေဖြင့် အစေ့အဆန်များ (grain)နှင့် ကြိတ်ခွဲပြီး အစေ့ အဆန်များ(milled grain products)တွင် ၅ µg/kg ၊ ပဲအမျိုးမျိုးတွင် ၅ µg/kg ၊ စပျစ်ဝိုင်တွင် ၂ µg/kg၊ လှော်ပြီးကော်ဖီစေ့များ (roasted coffee beans) တွင် ၅ µg/kg ၊ အသင့်သောက်ကော်ဖီများတွင် ၁၀ µg/kg တို့ဖြစ်ကြောင်း သိရှိရပါသည်။ Fumonisin ပါဝင်မှုကန့်သတ်ချက်အနေဖြင့် ဂျုံ၊ပြောင်းသီးနှံများ တွင် ၄၀၀၀ µg/kg၊ ဂျုံမှုန့်၊ ပြောင်းမှုန့်တို့တွင် ၂၀၀၀ µg/kg ၊ ဂျုံ၊ပြောင်းတို့ပါဝင်သော ထုတ်ကုန်များ တွင် ၁၀၀၀ µg/kg၊ နို့စို့ကလေးနှင့် ကလေးငယ်များအတွက် အစေ့အဆန်ပါဝင်သော ဖြည့်စွက်စာများ တွင် ၂၀၀ µg/kg တို့ ဖြစ်ကြပါသည်။

ကိုးရီးယားနိုင်ငံ၏ ကုန်စည်အလိုက် မှိုဆိပ်ပါဝင်မှုနှင့် Heavy Metal ပါဝင်မှုဆိုင်ရာ ကန့်သတ်ချက်များ

ကိုးရီးယားနိုင်ငံ၏ အစားအသောက်နှင့် စိုက်ပျိုးရေးထုတ်ကုန်များ တင်သွင်းမှုဆိုင်ရာ စည်းမျဉ်းများနှင့် စံသတ်မှတ်ချက်အစီရင်ခံစာအရ ကိုးရီးယားနိုင်ငံအတွင်းရှိ အစားအသောက်များနှင့် ပြည်ပမှ တင်သွင်းသည့်ထုတ်ကုန်များအပေါ် အစားအသောက်ဘေးကင်းမှုဆိုင်ရာ ကန့်သတ်ချက်များ ထုတ်ပြန်ထားသည်ကို တွေ့ရှိရပါသည်။ အစားအသောက်နှင့် ထုတ်ကုန်များ၏ မှိုဆိပ်ပါဝင်မှုကန့်သတ်ချက်အနေဖြင့် Aflatoxin (B1+B2+G1+G2) ပါဝင်မှုကန့်သတ်ချက်မှာ ဆန်၊ ဂျုံ၊ ပဲခြမ်းအမျိုးမျိုး၊ မြေပဲ၊ ပြုပြင် ထုတ်လုပ်ထားသော အစေ့အဆန်ထုတ်ကုန်များနှင့် ပဲထုတ်ကုန်များ၊ ပဲအနှစ်များ၊ ငရုတ်ကောင်းမှုန့်၊ မဆလာမှုန့်၊ ဇာတိပ္ဖိုလ်သီး၊ နနွင်း၊ အရောင်တင်ငရုတ်ခြောက်မှုန့်၊ ဂျုံမှုန့်၊ သစ်သီးခြောက် စသည်တို့ တွင် ၁၅ µg/kg ထက်မများရန်ဖြစ်ပြီး Aflatoxin B1 အနေဖြင့် ၁၀ µg/kg ထက်မများရန် ဖြစ်ပါသည်။ Fumonisin ပါဝင်မှုကန့်သတ်ချက်အနေဖြင့် ဂျုံ၊ ပြောင်းတို့တွင် ၄ mg/kg ထက် မများရန်၊ ကြိတ်ခွဲ ပြုပြင်၍ ထုတ်လုပ်ထားသည့် ဂျုံ၊ ပြောင်းပါဝင်သော ထုတ်ကုန်များတွင် ၂ mg/kg ထက် မများရန်၊ ဂျုံ၊ ပြောင်း(၅၀%) ပါဝင်သည့် အစားအစာများနှင့် ပြုပြင်ထုတ်လုပ်ထားသည့် အစေ့အဆန်ထုတ်ကုန်များ တွင် (၁) mg/kg ထက် မများရန် စသည်ဖြင့် ကန့်သတ်ထားရှိပါသည်။ Ochratoxin A ပါဝင်မှု ကန့်သတ်ချက်အနေဖြင့် အစေ့အဆန်များနှင့် အစေ့အဆန်ထုတ်ကုန်များတွင် ၅ µg/kg ထက် မများ ရန်၊ ကော်ဖီစေ့နှင့် ကော်ဖီစေ့လှော်များတွင် ၅ µg/kg ထက် မများရန်၊ အသင့်သောက်ကော်ဖီများတွင် ၁၀ µg/kg ထက် မများရန်၊ အချဉ်ဖောက်ထားသည့် ပဲပုတ် ၊ ငရုတ်ကောင်းမှုန့်တွင် ၇ µg/kg ထက် မများရန်၊ စပျစ်ဖျော်ရည်နှင့် စပျစ်ဝိုင်များတွင် ၂ µg/kg ထက် မများရန်၊ သစ်သီး ခြောက်များတွင် ၁၀ µg/kg ထက် မများရန် စသဖြင့် ကန့်သတ်ချက်များ ချမှတ်ထားသည်ကို တွေ့ရှိရပါသည်။ ကိုးရီးယား နိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်များအပေါ် Heavy Metal ပါဝင်မှု ကန့်သတ်ချက်များကို အောက်ပါ အတိုင်း တွေ့ရှိရပါသည်-

ထိုင်းနိုင်ငံ၏ ကုန်စည်အလိုက် မှိုဆိပ်ပါဝင်မှုနှင့် Heavy Metal ပါဝင်မှုဆိုင်ရာ ကန့်သတ်ချက်များ

ဆက်လက်၍ ထိုင်းနိုင်ငံ၏ Mycotoxin ပါဝင်မှုကန့်သတ်ချက်များကို တင်ပြလိုပါသည်။ Aflatoxin (B1+B2+G1+G2) ပါဝင်မှုကန့်သတ်ချက်အနေဖြင့် အသင့်စား brazil nut တွင် ၁၀ µg/kg၊ မြေပဲတွင် ၂၀ µg/kg ၊ အသင့်စားမက်မွန်သီးတွင် ၁၀ µg/kg ၊ ဟေဇယ်သီးတွင် ၁၀ µg/kg ၊ မြေပဲဆီနှင့် အုန်းဆီတို့တွင် ၂၀ µg/kg စသဖြင့် အများဆုံးပါဝင်မှုကန့်သတ်ချက်များကို သတ်မှတ်ထားပါသည်။ Aflatoxin M1 ပါဝင်မှုကန့်သတ်ချက်အနေဖြင့် နို့နှင့်နို့ထွက်ပစ္စည်းများတွင် ၀.၅ µg/kg ဖြစ်သည်ကို တွေ့ရှိရပါသည်။ Fumonisin ပါဝင်မှုကန့်သတ်ချက်အနေဖြင့် ပြောင်းကုန်ကြမ်းတွင် ၄၀၀၀ µg/kg ၊ ပြောင်းမှုန့်နှင့် ပြောင်းပါဝင်သည့်အစားအစာများတွင် ၂၀၀၀ µg/kg သတ်မှတ်ထားပါသည်။ Ochratoxin A ပါဝင်မှုကန့်သတ်ချက်အနေဖြင့် ဘာလီသီးနှံတွင် (၅) µg/kg ၊ ဂျုံတွင် (၅) µg/kg ၊ ငရုတ်သီးခြောက်တွင် ၃၀ µg/kg စသည်ဖြင့် သတ်မှတ်ထားပါသည်။ ထိုင်းနိုင်ငံသည် စိုက်ပျိုးရေး ထုတ်ကုန်များအပေါ် Heavy Metal ပါဝင်မှုကန့်သတ်ချက်များကို သတ်မှတ်ထားရှိရာ Cadmium ပါဝင်မှုအနေဖြင့် အစေ့အဆန်များ (ဂျုံ၊ ဆန်၊ ပန်းဂျုံအပါအဝင်)တွင် ၀.၁ mg/kg ၊ ဆန် (polished)တွင် ၀.၄ mg/kg ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်များတွင် ၀.၀၅ mg/kg ၊ အရွက်များတွင် ၀.၂ mg/kg ၊ ခရမ်းချဉ်၊ ခရမ်းသီး သီးနှံများတွင် ၀.၀၅ mg/kg ၊ ကြက်သွန်အပါအဝင် ကန်စွန်းဉ၊ မုံလာဉများတွင် ၀.၀၅ mg/kg၊ ပဲတောင့်ရှည်အပါအဝင် ပဲသီးများတွင် ၀.၁ mg/kg စသဖြင့် အများဆုံးပါဝင်မှု ကန့်သတ်ချက်များကို သတ်မှတ်ထားပါသည်။ Lead ပါဝင်မှုအနေဖြင့် အစေ့အဆန်များ (ဂျုံ၊ ဆန်၊ ပန်း ဂျုံအပါအဝင်) တွင် ၀.၂ mg/kg ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်များတွင် ၀.၁ mg/kg ၊ ခရမ်းချဉ်၊ ခရမ်းသီး သီးနှံများတွင် ၀.၀၅ mg/kg ၊ အရွက်များတွင် ၀.၃ mg/kg ၊ ကြက်သွန်အပါအဝင် ကန်စွန်းဉ၊ မုံလာဉများ တွင် ၀.၁ mg/kg ၊ ပဲတောင့်ရှည်အပါအဝင် ပဲသီးများတွင် ၀.၁ mg/kg ၊ ဘယ်ရီသီးအပါအဝင် သေးငယ်သော သစ်သီးများ တွင် ၀.၁ mg/kg ၊ စပျစ်သီးခြောက်တွင် ၀.၂ mg/kg ၊ ပဲခြမ်းများတွင် ၀.၂ mg/kg စသဖြင့် အများဆုံး ပါဝင်မှုပမာဏကို သတ်မှတ်ထားပါသည်။ Arsenic ပါဝင်မှုအနေဖြင့် ဆန်(polished)တွင် ၀.၂ mg/kg ၊ ဆန် (hasked) တွင် ၀.၃၅ mg/kg ၊ လက်ဖက်တွင် ၀.၂ mg/kg စသဖြင့် သတ်မှတ်ထားရှိပါသည်။

အိန္ဒိယနိုင်ငံ၏ ကုန်စည်အလိုက် မှိုဆိပ်ပါဝင်မှုနှင့် Heavy Metal ပါဝင်မှုဆိုင်ရာ ကန့်သတ်ချက်များ

          အိန္ဒိယနိုင်ငံ၏ ကုန်စည်များအလိုက် Mycotoxin ပါဝင်မှုကန့်သတ်ချက်များမှာ Aflatoxin (B1+B2+G1+G2) ပါဝင်မှုကန့်သတ်ချက်အနေဖြင့် အစေ့အဆန်များနှင့် ဆက်စပ်ကုန်ပစ္စည်းများတွင် ၁၅ µg/kg၊ ကတွတ်သီးခြောက်တွင် ၁၀ µg/kg၊ ကွမ်းသီးတွင် ၁၅ µg/kg၊ ဆီထွက်သီးနှံများတွင် ၁၅ µg/kg ၊ ပဲခြမ်းများတွင် ၁၅ µg/kg ၊ ဟင်းခတ်အမွှေးအကြိုင်များတွင် ၃၀ µg/kg စသည်တို့ဖြစ်ပါသည်။ Aflatoxin B1 ပါဝင်မှု ကန့်သတ်ချက်အနေဖြင့် ကွမ်းသီးတွင် ၁၀ µg/kg ၊ အစေ့အဆန်များနှင့် ဆက်စပ် ကုန်ပစ္စည်းများတွင် ၁၀ µg/kg ၊ အသင့်စားအစေ့များတွင် ၁၀ µg/kg ၊ ဆီထွက်သီးနှံများတွင် ၁၀ µg/kg ၊ ပဲခြမ်းများတွင် ၁၅ µg/kg စသဖြင့် သတ်မှတ်ထားပါသည်။ Aflatoxin M1 ပါဝင်မှုကန့်သတ် ချက်အနေဖြင့် နို့တွင် (၀.၅) µg/kg ၊ မလိုင်ထုတ်ပြီးနို့မှုန့်တွင် ၆ µg/kg နှင့် နို့မှုန့် (whole milk powder) တွင် ၄ µg/kg ဖြစ်သည်ကို တွေ့ရှိရပါသည်။ Ochratoxin A ပါဝင်မှုကန့်သတ်ချက်မှာ ဂျုံ၊ ဂျုံရိုင်းနှင့် ဘာလီတို့တွင် ၂၀ µg/kg ဖြစ်ပါသည်။

          အထက်ပါဖော်ပြချက်များမှာ တရုတ်၊ ကိုးရီးယား၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့၏ ကုန်ပစ္စည်းများ အလိုက် Mycotoxin ပါဝင်မှုဆိုင်ရာ ကန့်သတ်ချက်များ၊ Heavy Metal ပါဝင်မှုကန့်သတ်ချက်များကို ဗဟုသုတအနေဖြင့်သာ တင်ပြခြင်းဖြစ်ပါသည်။ နိုင်ငံအလိုက် တင်သွင်းလာသည့် ကုန်ပစ္စည်းများ၊ အစားအသောက်များအပေါ် အရည်အသွေးဆိုင်ရာ လက်ခံမှုသတ်မှတ်ချက်များကို အသေးစိတ်လေ့လာလိုပါက agriexchange.apeda.gov.in/IR_Standards/Import_Regulation.aspx တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

ကုန်စည်များအား အရည်အသွေးဆိုင်ရာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင်မှုအခြေအနေ

          မြန်မာနိုင်ငံ၌ လယ်ယာထွက်ကုန်များ၏ ပိုးသတ်ဆေးကြွင်းနှင့် Aflatoxin အပါအဝင် အခြားသော မှိုဆိပ်များ၏ ဓာတ်ခွဲစစ်ဆေးမှုများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနအောက်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(လှည်းကူး) (CTQM)တွင် လည်းကောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနတို့တွင်လည်းကောင်း စမ်းသပ် စစ်ဆေးနိုင်ပါသည်။ Heavy Metal များအတွက် ဓာတ်ခွဲစစ်ဆေးမှုများကို စိုက်ပျိုးရေးဦးစီးဌာန၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတို့တွင် စမ်းသပ် စစ်ဆေးနိုင်ကြောင်း သိရှိရပါသည်။ အဓိကအားဖြင့် လယ်ယာထွက်ကုန်သီးနှံများကို CTQM နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ရှိ ဓာတ်ခွဲခန်းများက အဓိကစစ်ဆေးပေးနိုင်ပြီး လယ်ယာထွက်ကုန်များအနက် အစေ့အဆန်များနှင့် စားဖိုချောင်သီးနှံများ၏ ဓာတုဓါတ်ကြွင်းများကို CTQM က လည်းကောင်း၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးရေးဦးစီးဌာနက လည်းကောင်း အဓိက စစ်ဆေး ပေးနိုင်ကြောင်း သိရှိရပါသည်။

ဈေးကွက်နိုင်ငံများ၏ သတ်မှတ်အရည်အသွေးများနှင့်ကိုက်ညီသည့်ထုတ်ကုန်များ တင်ပို့ခြင်းမှ ပြည်ပ ဈေးကွက် ခိုင်မာစေရေး

          ပြည်ပတင်ပို့မှု ခိုင်မာအားကောင်းရေးတွင် မိမိတို့ထုတ်ကုန်များ၏ အရည်အသွေးပြည့်မီမှုမှာ လွန်စွာအရေးပါ,ပါသည်။ ဈေးကွက်နိုင်ငံများမှ လက်ခံသော အရည်အသွေးသတ်မှတ်ချက်အတိုင်း တင်ပို့ရောင်းချနိုင်မှသာ ရေရှည်တည်တံ့သော ဈေးကွက်ကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ စိုက်ပျိုး ထုတ်လုပ်သူများအနေဖြင့် မိမိတို့ ထုတ်လုပ်လိုက်သည့် ကုန်စည်များ၏ အရည်အသွေးကို အထူး အလေးထားရန် လိုအပ်သကဲ့သို့ ကုန်သည်များ၊ exporter များကလည်း ဈေးကွက်သို့ မပို့မီ သိုလှောင်မှု လုပ်ငန်းများ၌ စနစ်တကျဆောင်ရွက်ကြရန်လည်း လိုအပ်ပါသည်။ ထို့ပြင် exporter များအနေဖြင့် မိမိတို့ တင်ပို့မည့် ဈေးကွက်နိုင်ငံများမှ ကုန်ပစ္စည်းအလိုက် လက်ခံသော အရည်အသွေးသတ်မှတ်ချက်များကို လေ့လာ၍ လိုအပ်သောဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ တစ်ဖက်နိုင်ငံမှ importer များနှင့် စနစ် တကျ ချိတ်ဆက်ကာ တင်ပို့မှုလုပ်ငန်းများကို ဂရုပြုဆောင်ရွက်သင့်ပါသည်။ သို့မှသာ မိမိတို့ထုတ်ကုန် များအတွက် ခိုင်မာသောဈေးကွက်ရရှိနိုင်ရုံသာမက မိမိတို့နိုင်ငံမှ ထွက်ကုန်များ၏ပုံရိပ်ကိုပါ မြင့်တက် စေနိုင်မည် ဖြစ်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

ကိုးကားချက်။     

(၁) agriexchange.apeda.gov.in

(၂) China Notifies Standard for Maximum Levels of Mycotoxins in Foods

(၃) Foods and Agricultural Import Regulations and Standards Report

(၄) Food and Agricultural Import Regulations and Standards Country Report – 2020

(၅) Food and Agricultural Import Regulations and Standards Country Report

  အောင်ဆန်းလင်း(DOCA)