Main menu

ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေးအတွက် အသင်းအဖွဲ့၊ အစုအဖွဲ့များ၏ အခန်းကဏ္ဍ

Powered by Drupal

       ပုဂ္ဂလိကကဏ္ဍသည် နိုင်ငံတော်၏စီးပွားရေးတွင် များစွာအရေးပါလျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍမှ ပါဝင်မှုသည် ၉၀ ရာခိုင်နှုန်းခန့်ရှိပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦီးစီးဌာနအနေဖြင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းကဏ္ဍအလိုက် တိုင်းဒေသကြီး/ပြည်နယ်များတွင် အသင်းအဖွဲ့များ၊ အစုအဖွဲ့များ၊ သီးနှံစိုက်ပျိုး ထုတ်လုပ်သည့် ဇုန်များ တိုးချဲ့ဖွဲ့စည်း တည်ထောင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ ဗဟို အသင်းအဖွဲ့ချုပ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေသကဲ့သို့ ဖွဲ့စည်းပြီးသည့် အသင်းအဖွဲ့များ၊ အစု အဖွဲ့များ၊ ဇုန်များ ဆက်လက်ရှင်သန်ခိုင်မာအားကောင်းစေရေးအတွက်လည်း စည်းရုံးအားပေး ဆောင်ရွက်လျှက်ရှိပါသည်။

          ၎င်းအပြင် ဒေသအသီးသီးမှ ထွက်ရှိသော လယ်ယာထွက်ကုန်များ ဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ ပေါက်ဈေးနှုန်းများအတိုင်း ရရှိခံစားနိုင်ရေး၊ ကုန်ပစ္စည်းများကို ရောင်းသူနှင့် ဝယ်သူ တိုက်ရိုက်ရောင်းချနိုင်ခြင်းဖြင့် မလိုလားအပ်တဲ့ စရိတ်စကများ လျော့နည်းသက်သာမှု ဖြစ်ပေါ်စေရေး၊ ကုန်စည်များရဲ့ စံချိန်စံညွှန်းနှင့် အလေး၊ တင်းတောင်း၊ အချိန်အတွယ် တစ်ပြေးညီဖြစ်ပေါ်စေရေး တို့ကိုရည်ရွယ်ပြီး ကုန်စည်ဒိုင်များတိုးချဲ့ဖွင့်လှစ်ခြင်းနဲ့ ဖွင့်လှစ်ပြီးကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကုန်သည် အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျှက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် (၁--၂၀၂၀)ရက်နေ့မှ (၃၁-၁၂-၂၀၂၀) ရက်နေ့အထိ တစ်နှစ်အတွင်း အသင်းအဖွဲ့(၁၇)သင်း၊ အစုအဖွဲ့(၃၅)ဖွဲ့၊ကုန်စည်ဒိုင်(၁)ခု ထပ်မံ တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့ပါသည်။

          တိုင်းဒေသကြီး/ပြည်နယ်များတွင် အသင်းအဖွဲ့၊ အစုအဖွဲ့၊ သီးနှံဇုန်များ ဖွဲ့စည်းရခြင်းမှာ သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ (လုပ်ကွက်ငယ်များအပါအဝင်) အားပွဲစား၊ ကုန်သည် များ၏ ဈေးနှုန်းထိန်းချုပ်မှုမခံရစေဘဲ ထိုက်သင့်သည့်ဈေးနှုန်းများရရှိရေး၊ စိုက်ပျိုးထုတ်လုပ်ရာ တွင်ဖြစ်ပေါ်လာသည့်အခက်အခဲများ၊ လိုအပ်ချက်များကို သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်း၊ ဈေးနှုန်းဈေးကွက်၊ ကုန်သွယ်မှုအတားအဆီး၊ နည်းပညာ၊ ချေးငွေများရရှိရေး ကို ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ရေမြေသဘာဝရာသီဥတု အခြေခံများအရ သီးနှံအမယ်စုံ စိုက်ပျိုးဖြစ် ထွန်းသော နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံ၏ ကွဲပြားခြားနားသော ရေမြေသဘာဝအရ သီးနှံတစ်မျိုး ကို ရာသီကာလအမျိုးမျိုးတွင် စိုက်ပျိုးဖြစ်ထွန်းသောကြောင့် စျေးကွက်များ၌ သီးနှံမျိုးစုံကို တစ်နှစ်ပတ်လုံးရောင်းဝယ်ဖောက်ကားမှုများရှိပါသည်။ မိမိစိုက်ပျိုးထုတ်လုပ်သောသီးနှံများသည် စျေးကွက်လိုအပ်ချက်နှင့်အညီကိုက်ညီသော အရည်အသွေးရှိသည့်သီးနှံများ အမျိုးအစားများ ဖြစ်ရန် လိုအပ်သကဲ့သို့ စျေးနှုန်းမှန်မှန်ကန်ကန်ဖြင့် ရောင်းချနိုင်မည့်စျေးကွက်လည်းရှိရန် လိုအပ်ပါသည်။ ကုန်ဝယ်သူများအနေဖြင့် ပစ္စည်းမှန်၊ စျေးမှန်ရရှိရန် လိုအပ်သလို ရောင်းဝယ်ဖောက်ကားသူများသည်လည်း ပြည်တွင်း/ပြည်ပစျေးကွက်နှင့် စျေးကွက်သတင်းအချက်အလက်များ အပေါ်အခြေခံ၍ ရောင်းဝယ်ဖောက်ကားခြင်းဖြင့် စျေးနှုန်းကိစ္စ စိတ်ချရမည်ဖြစ်ပါသည်။ ကုန်စည် စီးဆင်းမှုနှင့်နီးစပ်သော အချက်အခြာကျသည့် ဒေသများ၌ ကုန်စည်ဒိုင်များ ဖွင့်လှစ်ပေး၍  အရောင်းအဝယ်ကိစ္စရပ်များဆောင်ရွက်ကြခြင်းဖြင့် အကျိုးကျေးဇူးပိုမိုဖြစ်ထွန်းလာစေရန် ဖြစ်ပါသည်။

အသင်းအဖွဲ့၊ အစုအဖွဲ့နှင့်ဇုန်များ ဖွဲ့စည်းခြင်း

အသင်းအဖွဲ့များ ဖွဲ့စည်းရာတွင် ပန်းတိုင်တူ၊ ရည်ရွယ်ချက်တူ၊ လုပ်ငန်းတူ၊ စိတ်ဝင်စားသူ၊ ကျေးရွာအုပ်စုအတွင်း စိုက်ဧကအပေါ် မူတည်၍ အဖွဲ့ခေါင်းဆောင်(၁) ဦး အပါအဝင် အဖွဲ့ဝင်(၅) ဦး မှ (၁၀) ဦးထိ ပါဝင်သည့်သီးနှံအမျိုးအစားအလိုက် စုဖွဲ့ပြီး အစုအဖွဲ့ခေါင်းဆောင်များကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့် အဖွဲ့ဝင်များအဖြစ် အဆင့်ဆင့်ရွေးချယ်ပြီး ဥက္ကဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များ ပါဝင်ဖွဲ့စည်းဆောင်ရွက်ထားခြင်းဖြစ်ပါသည်။

အစုအဖွဲ့များ ဖွဲ့စည်းရာတွင်လည်း ပန်းတိုင်တူ၊ ရည်ရွယ်ချက်တူ၊ လုပ်ငန်းတူ၊ စိတ်ဝင်စားသူ၊ ကျေးရွာအုပ်စုအတွင်း စိုက်ဧက အပေါ်မူတည်၍ အဖွဲ့ခေါင်းဆောင်(၁)ဦး အပါအဝင် အဖွဲ့ဝင် (၅) ဦးမှ (၁၀) ဦးထိ ပါဝင်သည့် သီးနှံအမျိုးအစားအလိုက် အစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။

အလားတူ သီးနှံဇုန်များအား ဒေသတွင်း သီးနှံတစ်မျိုးတည်းကို တဆက်တစပ်တည်းရှိပြီး ဧကများစွာ တစ်အုပ်တစ်မ စိုက်ပျိုးထားသည့် သီးနှံအလိုက် သီးနှံဇုန်အဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ဇုန်ဥက္ကဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်ကော်မတီများဖြင့် ဖွဲ့စည်းထားခြင်းပင် ဖြစ်ပါသည်။

ရရှိလာမည့် အကျိုးကျေးဇူးများ

          အသင်းအဖွဲ့၊ အစုအဖွဲ့ ဖွဲ့စည်းခြင်းကြောင့် ကျေးရွာဒေသများရှိ သီးနှံအလိုက် စိုက်ပျိုး၊ ထွက်ရှိမှုအခြေအနေများ၊ ဈေးနှုန်းများကို အဖွဲ့ခေါင်းဆောင်၊ အဖွဲ့ဝင်များနှင့် အလွယ်တကူ ချိတ်ဆက်နိုင်ပြီး စိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်၊ ဈေးနှုန်း၊ သတင်းအချက်အလက်များအား အချိန်တိုအတွင်း ရရှိနိုင်ခြင်း၊ ကုန်သွယ်မှုဆိုင်ရာ အဟန့်အတားများ၊ အခက်အခဲများကို စုပေါင်း ဖြေရှင်းနိုင်ခြင်း၊ စိုက်ပျိုးထုတ်လုပ်သူများအတွက် အကျိုးအမြတ် ပိုမိုရရှိနိုင်ခြင်း၊ ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများနှင့်တွေ့ဆုံခြင်း၊ သင်တန်းများတက်ရောက်ခြင်း၊ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေခြင်းတို့တွင် အချိန်တိုအတွင်း စုစည်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

          သီးနှံအမျိုးအစားအလိုက် ဇုန်များဖွဲ့စည်းခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအနေဖြင့် တောင်သူများ စိုက်ပျိုးထုတ်လုပ်သည့်သီးနှံများ အရည်အသွေးနှင့်အရေအတွက် တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ဝေစုပိုမိုရရှိရေး၊ အရည်အသွေးချင်းတူလျင် ဈေးနှုန်းယှဉ်ပြိုင်နိုင်ရေးနှင့် နာမည်ကောင်းရပြီး သီးနှံများကို တွင်တွင်ကျယ်ကျယ် တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူတောင်သူများ ပြည်တွင်း/ပြည်ပ ရောင်းဝယ်ဖောက်ကားသူများ Supply Chain ၊ Value Chain ပိုမိုမှန်ကန်လာစေရန် ဖြစ်ပါသည်။

အသင်းအဖွဲ့၊ အစုအဖွဲ့၊ သီးနှံဇုန်များ ဖွဲ့စည်းရာတွင် ဂရုပြုရမည့်အချက်များ

          အသင်းအဖွဲ့၊ အစုအဖွဲ့၊ သီးနှံဇုန်များ ဖွဲ့စည်းရာတွင် ချေးငွေမက်လုံးပေးစည်းရုံးခြင်းမျိုး မပြုရန်၊ အာမခံပေးခြင်း၊ ကတိကဝတ်ပြုခြင်းများမပြုရန်နှင့် ယုံကြည်မှုလျော့နည်းစေသည့် အပြုအမူများ မပြုလုပ်မိစေရန်လိုအပ်ပြီး အသင်းသားအချင်းချင်းအငြင်းပွားမှု၊ ပဋိပက္ခများ ဖြစ်ပေါ်လာပါက ဖြစ်စဉ်အပေါ် လေ့လာစုံစမ်း၍ သမာသမတ်ကျစွာ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။  အသင်းတွင် ဖြစ်ပေါ်လာသည့် အခက်အခဲများကိုလည်း အသင်းသားများ ပူးပေါင်းဖြေရှင်းနိုင်မှသာ အောင်မြင်မည်ဖြစ်ပါသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးမှအစ မြို့နယ်၊ ခရိုင်၊ တိုင်း/ပြည်နယ်ဒေသ အာဏာပိုင်အဖွဲ့အစည်းများ၊ လုပ်ငန်းနှင့်ပတ်သက်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ရင်းနှီးကျွမ်းဝင်စွာ ဆက်ဆံတတ်စေရန်လည်း လိုအပ်ပါသည်။ သို့မှသာ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အစုအဖွဲ့၊ အသင်းအဖွဲ့၏ စုပေါင်းအင်အားဖြင့် စွမ်းဆောင်နိုင်မည်ဖြစ်ပါသည်။

          ထို့အပြင် လုပ်ငန်းကဏ္ဍတစ်ခုတွင် ဖြစ်ပေါ်လာသည့်အခက်အခဲပြဿာနာများကို တစ်ဦး တစ်ယောက်ချင်းဖြင့် ဆောင်ရွက်ခြင်းထက် အသင်းအဖွဲ့၏ စုပေါင်းအင်အားဖြင့် ကျော်လွှား ဖြေရှင်းမှသာ ထိရောက်အောင်မြင်နိုင်မည်ဖြစ်ပါသည်။ အသင်းအဖွဲ့၊ အစုအဖွဲ့များတွင် ပါဝင်သူတိုင်းကလည်း မိမိတို့ကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးကို ရှေ့ရှု၍ စည်းလုံးညီညွတ်စွာ တိုင်ပင်ဆွေးနွေးခြင်းဖြင့် အချိန်တိုတွင်းအောင်မြင်မှုအရွေ့များ ရရှိခံစားနိုင်မည်ဖြစ်ပါသည်။ မိမိတို့၏ လုပ်ငန်းကဏ္ဍနှင့်ပတ်သက်သည့် စီမံခန့်ခွဲမှုများကိုလည်း စနစ်တကျစီမံဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ စုပေါင်းဆောင်ရွက်လိုသည့် စိတ်ဆန္ဒဖြင့် စဉ်ဆက်မပြတ် တိုးတက်ရေးဟူသော ရည်မှန်းချက်ကို အားလုံးတူညီစွာ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းအဖွဲ့များ၊ အစုအဖွဲ့များ၊ ဇုန်များ၊ ကုန်စည်ဒိုင်များ ရှင်သန်ခိုင်မာအားကောင်းစေရေးနှင့် တိုးချဲ့ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ ဗဟိုအသင်းအဖွဲ့ချုပ်များနှင့် ပူးပေါင်းချိတ် ဆက် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

တင်မိုးအောင်