ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပိန်းဥဈေးနှုန်းဈေးကွက် အခြေအနေ

                 ကန်ကြီးထောင့်မြို့နယ်၊ မြို့မဈေး ရာသီအလိုက်ပေါ်သည့် ဟင်းသီးဟင်းရွက်၊ အသား၊ ငါးများရောင်းချလျက်ရှိသည့် ကုန်စိမ်းဈေးကြီးဖြစ်ပါသည်။ ယခုအခါတွင် ပိန်းဥများပေါ်နေပြီး ရောင်းချနေကြောင်းသိရသည်။

              ပိန်းဥမှာ ပေါ်ခါစက တစ်တပိဿာလျှင် ၃၅၀၀ ကျပ် မှ ၄၀၀၀ ကျပ် အထိရှိသော်လည်း ယခုနိုဝင်ဘာလ ပထမပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းကြောင်းနှင့် ရောင်းအားကောင်းကြောင်း ပိန်းဥရောင်းချသူများထံမှ သိရှိရပါသည်။

               ဟင်းချက်စားရာတွင်လည်းကောင်း၊ အဆာပြေပြုတ်စား၍လည်းကောင်း၊ သီးစုံကုလားပဲဟင်းချက်စား၍လည်းကောင်း စားသုံးကြပါသည်။ ဟင်းချက်စားသည့်အရွယ် ဥကြီးနှင့် ပြုတ်စားသည့်အရွယ် ဥသေးဟူ၍ နှစ်မျိုးရှိသော်လည်း ဈေးနှုန်းမှာ တူညီနေပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်း အနည်းငယ်ပြန်လည်ကျဆင်း

               ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းများ ယခုအပတ်အတွင်း အနည်းငယ်ပြန်လည်ကျဆင်းလာကြောင်းတွေ့ရှိရပါသည်။ ယခင်လများတွင် ကြက်သွန်နီဈေးနှုန်းမှာ (၁) ပိဿာလျှင် ၅၅၀၀ ကျပ် မှ ၆၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး၊ ယခု နိုဝင်ဘာလဒုတိယအပတ်တွင် ကြက်သွန်နီဈေးနှုန်း အနည်းငယ်ပြန်လည်ကျဆင်းလာပြီး (၁) ပိဿာလျှင် ၄၀၀၀ ကျပ် မှ ၄၂၀၀ ကျပ် ပြန်လည်ကျဆင်းသွားကြောင်း သိရှိရပါသည်။

              ထိုသို ကြက်သွန်နီဈေးနှုန်း အတက်အကျဖြစ်ရခြင်းမှာ  ရာသီပွဲတော်များရှိ၍ သီတင်းကျွတ်ပွဲတော်၊ တန်ဆောင်တိုင်ပွဲတော်များ၊ ကထိန်မင်္ဂလာ၊ အလှူအတန်းပွဲများ များပြားသောလများဖြစ်၍ စားသုံးသူများဝယ်အားများသောကြောင့် ဈေးနှုန်းများမြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာတွင် ခရမ်းသီးစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်များစွာရှိ

         ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာတွင် ကိုင်းကျွန်းမြေများ၌ ခရမ်းသီးများကို နှစ်စဉ်စိုက်ပျိုးကြခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးလျက်ရှိကြောင်း ခရမ်းသီးစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။ ယခုအချိန်တွင် ကျွန်းခရမ်းသီးများကို စတင်စိုက်ပျိုးချိန်ဖြစ်သည်။ ကျွန်းခရမ်းသီးများမှာ ထောပတ်သီးမျိုး၊ စိမ်းကြားမျိုးဟူ၍ နှစ်မျိုးရှိသည်။ ဝါဆိုလကုန် မြစ်ရေကျချိန်တွင် ကိုင်းကျွန်းမြေများကိုပြုပြင်ပြီး ခရမ်းသီးမျိုးစေ့များကိုစတင်ပျိုးထောင်ကြပါသည်။ ခရမ်းသီးမျိုးပင်များကို (၀.၇၅)ဧကလျှင် ပျိုးပင်ရေ (၅၂၀၀)ခန့်စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပင်များကို တစ်လခွဲမှစ၍ ကိုင်းကျွန်းမြေများ၌ စတင်စိုက်ပျိုးကြပါသည်။ စိုက်ပျိုးပြီး (၇)ရက်သားခန့်တွင် မြေဩဇာများကို စတင်ကျွေးရပြီး အသုံးပြုသောမြေဆီများမှာ ပုလဲ၊ (၁၅:၁၅) ပတ်လည်တစ်အိတ်မှ သုံးအိတ်ထိကြဲပက်ရပြီး မြေဆီတစ်အိတ်လျှင် ကျပ်(၁၁၅၀၀၀) မှ ကျပ်(၁၂၀၀၀၀)ထိပေးရပြီး ခရမ်းသီးပင်များကို ရေသွင်းစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်မှာ ကျပ်(၁၅)သိန်းခန့်ကုန်ကျကြောင်း ခရမ်းသီးစိုက်တောင်သူများထံမှသိရှိရပါသည်။

          ခရမ်းသီးစိုက်ပျိုးပြီး (၂)လသားအရွယ်တွင် စတင်အသီးများသီးပြီး တစ်ဧကစိုက်ပျိုးထွက်ရှိမှုမှာ ပိဿာချိန် (၇၅)ပိဿာခူးဆွတ်ရပြီး ခူးဆွတ်ပြီး တစ်ပတ်ခြားတွင် ဆက်လက်ခူးဆွတ်ရကြောင်း၊ ခရမ်းသီး လက်ကားဈေးနှုန်းမှာ အလုံးအရွယ်အစားကိုလိုက်၍ အလုံးကြီး (ဖုတ်လုံး) တစ်ပိဿာလျှင် ကျပ်(၇၀၀၀)၊ အလုံးသေး (ချက်လုံး) တစ်ပိဿာလျှင် ကျပ်(၅၀၀၀)ခန့်ဖြင့်ရောင်းချရကြောင်း၊ တောင်သူများအနေဖြင့် ခရမ်းသီးရာသီတုန်းချိန်ရောက်သည့် တပေါင်း၊ တန်ခူးအထိ ခူးဆွတ်ရောင်းချရကြောင်း၊ အကျိုးအမြတ်မှာလည်း များစွာရရှိကြောင်း ခရမ်းသီးစိုက်တောင်သူထံမှသိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူမြို့နယ်တွင် ကြက်သွန်နီဇော်မွှားမျိုးဥ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်နေ

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးကိုအခြေပြု၍ ဒေသစီးပွားဖြစ်လုပ်ကိုင်ကြရာ မြို့နယ်အတွင်းရှိ စိုက်တောင်သူများသည် ကြက်သွန်နီသီးနှံကို အဓိကအားထားစိုက်ပျိုးကြသည်။ သီးနှံမျိုးစုံအနက် ကြက်သွန်နီ မိုးစိုက်၊ ဥစိုက် စိုက်ပျိုးမှုကိုလည်း နှစ်စဉ်မပြတ်စိုက်ပျိုးပြီး ကိုင်းကျွန်းမြေမာများတွင် စိုက်ဧက(၉၀၀)ခန့်စိုက်ပျိုးကြောင်းသိရှိရသည်။ အစေ့ပက်ပျိုးပင်မှရရှိသော ဇော်မွှားမျိုးဥကို စိုက်ပျိုးကြောင်းသိရှိရသည်။ တောင်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး နွားရှဉ်းငှားရမ်းမှုနှင့် အလုပ်သမားအခက်အခဲများကြောင့် စိုက်ပျိုးချိန်မတူညီကြောင်း၊ အောက်တိုဘာလဆန်းမှစ၍ နိုဝင်ဘာလကုန်အထိစိုက်ပျိုးကြောင်း၊ ဥစိုက်ရာသီတွင် ကြက်သွန်နီ ဇော်မွှားမျိုးဥများလည်း အရောင်းအဝယ် လှိုင်လှိုင်သွက်လျက်ရှိကြောင်းသိရှိရသည်။

              ဇော်မွှားမျိုးဥဈေးနှုန်းအနေဖြင့် ဒေသတွင်းကြက်သွန်နီအရောင်းအဝယ်ဖြစ်နေသော ဈေးကွက်အပေါ်မူတည်၍ ပြောင်းလဲမှုဖြစ်လျက်ရှိသည်။ အောက်တိုဘာလဆန်းပိုင်းတွင် ဇော်မွှားမျိုးဥတစ်ပိဿာလျှင် ငွေကျပ်(၄၀၀၀-၄၅၀၀)ဈေးဖြင့်အရောင်းအဝယ်ဖြစ်ပြီး ပြည်ပအဝယ်လိုက်၍ ကြက်သွန်နီဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာ၍ ဇော်မွှားမျိုးဥဈေးနှုန်းများမှာလည်း နိုဝင်ဘာလဆန်းပိုင်းတွင် တစ်ပိဿာလျှင် ငွေကျပ်(၆၅၀၀-၇၀၀၀)ထိဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုနှစ်တွင် ကြက်သွန်နီမျိုးဥ ဈေးမြင့်တက်သော်လည်း စိုက်ပျိုးချိန်တွင် ဒေသတွင်းကြက်သွန်နီဈေးကွက်ကောင်း၍ စိုက်တောင်သူများက ကြက်သွန်နီဥစိုက်စိုက်ပျိုးမှုကို ယခင်နှစ်ထက် တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၌ဖြစ်ပေါ်နေသော နှမ်းဈေးကွက်

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေးဈေးကွက်တွင် နွေနှမ်းသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ယောနယ်ဒေသများ၊ အခြားမြို့နယ်များမှ နွေနှမ်းသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ တစ်ရက်လျှင် ပိဿာ(၃၀)ဝင်အိတ် (၃၀၀-၄၀၀)ဝင်ရောက်၍ တစ်ပတ်အတွင်း အိတ်(၂၀၀၀)ခန့်ဝင်ရောက်ကြောင်း၊ နှမ်းဖြူနှင့် နှမ်းနက်(စမုန်)နှစ်မျိုးမှာ အများဆုံးအရောင်းအဝယ်ဖြစ်ကြောင်းသိရှိရသည်။

          ဈေးနှုန်းအနေဖြင့် နိုဝင်ဘာလ(တတိယပတ်)တွင် နှမ်းအရည်အသွေးလိုက်၍ နှမ်းနက် (စမုန်) တစ်တင်းလျှင် ကျပ်(၂၁၅၀၀၀- ၂၀၅၀၀၀- ၁၉၅၀၀၀)ဈေးနှုန်းဖြင့်လည်းကောင်း၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်(၁၃၂၀၀၀-၁၂၇၀၀၀-၁၂၀၀၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အောက်တိုဘာလ(စတုတ္ထပတ်)ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်တစ်တင်းလျှင် ကျပ်(၅၀၀၀) ဈေးနှုန်းကျဆင်းပြီး၊ နှမ်းဖြူမှာ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ သီးနှံပေါ်ချိန်ဖြစ်၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများကြောင်း၊ ယောနယ်ဒေသ ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊ ကျောက်ထုဒေသထွက်နှမ်းများ အများဆုံးဝင်ရောက်ကြောင်း၊ ဈေးကွက်သို့ရောက်ရှိသည့်နှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ နှမ်းလှော်လုပ်ငန်းရှင်များနှင့် အခြားစားသောက်ကုန်လုပ်ငန်းရှင်များက ဝယ်ယူမှုများကြောင်း၊ ရန်ကုန်၊ မန္တလေးဈေးကွက်သို့လည်း တင်ပို့လျက်ရှိကြောင်း၊ ဈေးကွက်သို့ ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း မြို့ပေါ်ရှိ ဆီထွက်သီးနှံရောင်းဝယ်ရေးဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၌ ဘူးပင်စိုက်တောင်သူများ ဘူးသီးဈေးကောင်း၍ အကျိုးအမြတ်များစွာရရှိ

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များသည် စိုက်ပျိုးရေးကိုအခြေခံပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံ ဘူးပင်စိုက်ပျိုးရေးကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးမှုမှ ဒေ စီးပွားဖြစ် စိုက်ပျိုးမှုများလာကြောင်းသိရှိရသည်။ ပခုက္ကူမြို့နယ်အတွင်းရှိ ဘောလုံးခုံ၊ လိပ်ကုန်း၊ ဘွက်ကုန်း၊ သင်္ဘောကုန်း၊ ညောင်လှ၊ သံပုရာပင်ကုန်း၊ ကျွန်းဦး၊ ကျွန်းညိုကျေးရွာများတွင် ဘူးသီးသီးနှံကို အများဆုံးစိုက်ပျိုးကြသည်။

         ဘူးပင်စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဘူးသပိတ်နှင့် ဘူးလည်ရှည်များကို အများဆုံးစိုက်ပျိုးကြပြီး စိုက်ဘောင်ပြုလုပ်၍ မြေဆီ၊ မြေဩဇာများကို သမအောင်ရောမွှေ၍ မြေပြုပြင်ပြီး စိုက်ပျိုးကြောင်း၊ ဘူးပင်သည် ရေဝပ်မြေကို ကြိုက်နှစ်သက်ခြင်းမရှိ၍ ဘောင်ဖြင့်စိုက်ပျိုးကြောင်း၊ လိုအပ်ပါက မြေအောက်ရေအပြင် ရေသွင်းစိုက်ပျိုးကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် အလုပ်သမားငှားရမ်းအသုံးပြုမှုအပေါ် မူတည်၍ ငွေကျပ်(၁၂) မှ ငွေကျပ်(၁၅)သိန်းထိကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ရက်(၃၀)အကြာ တွင် ဘူးညွှန့်များကိုစတင်ခူးရပြီး ရက်ပေါင်း(၈၀)ခန့်တွင် ဘူးသီးများစတင်ခူးရကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ဘူးသီးအလုံး (၅၀၀၀)ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် အလုံးအရွယ်အစားပေါ်မူတည်၍ ဘူးသီးတစ်လုံးလျှင် လက်ကားဈေး ကျပ်(၅၀၀-၁၅၀၀)၊ လက်လီဈေး ကျပ်(၁၅၀၀-၂၅၀၀) ဈေးဖြင့်ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် သိန်း(၃၀)ခန့်ရရှိကြောင်းသိရှိရသည်။

          ဈေးကွက်အနေဖြင့် စိုက်ခင်းထွက်ဘူးသီးများကို မြို့ပေါ်ရှိ ကုန်စိမ်းရောင်းဝယ်ရေးဆိုင်များသို့တင်သွင်းရကြောင်း၊ ထိုမှတစ်ဆင့် ဒေသတွင်းအကြော်ဆိုင်များ၊ စားသောက်ဆိုင်များမှဝယ်ယူကြောင်း၊ ဘူးသီးသာမက ဘူးညွန့်(၅)ညွန့်လျှင် ကျပ်(၂၅၀)ဖြင့်ရောင်းချရခြင်းကြောင့် အပိုဝင်ငွေများရရှိကြောင်း၊ ယခုနှစ်တွင် ဘူးသီးဈေးကောင်းရရှိ၍ စိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့နယ် ရွာသစ်ကျေးရွာတွင် မိုးမြေပဲများ လှိုင်လှိုင်ထွက်ပေါ်၍ အရောင်းအဝယ်ဖြစ်နေ

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ကျေးရွာတွင် ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကထားပြီး သီးနှံမျိုးစုံစိုက်ပျိုးခြင်းဖြင့် ဒေသစီးပွားဖွံ့ဖြိုးလျက်ရှိသည်။ ရွာသစ်ကျေးရွာတွင် နှစ်စဉ် ကုန်စိမ်းသီးနှံ ကြက်သွန်နီ၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆီထွက်သီးနှံ မိုးမြေပဲကို စိုက်ဧက(၃၅)ဧကခန့် ကုန်းယာမြေများတွင် စိုက်ပျိုးထားကြောင်းသိရှိရသည်။

          မိုးမြေပဲကို ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလဆန်းပိုင်းတွင် တူးဖော်၍ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိသည်။ မျိုးအနေဖြင့် (၃)လပဲတောင့်သေး လုံးဆန်ဖြူ (S1)မျိုးကိုစိုက်ပျိုးကြောင်း၊ တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ ငွေကျပ်(၈)သိန်းခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ယခုနှစ်မြေပဲပွင့်ချိန်တွင် မိုးများစွာရွာသွန်း၍ မြေပဲထွက်ရှိမှုနည်းကြောင်း၊ တောင်သူတစ်ဦးလျှင် ပျမ်းမျှ အထွက်တင်း(၄၅)တင်းခန့်ထွက်ရှိကြောင်း၊ ထွက်ရှိသောမြေပဲများကို အတောင့်ရောင်းချမှုနည်းပြီး မြေပဲတောင့်ခွဲပြီး ထွက်ရှိသောမြေပဲဆန်များကိုသာ ရောင်းချကြောင်း၊ ယခုအချိန်တွင် ဧရာဝတီမြစ်ကမ်းဘေးရှိ ကိုင်ကျွန်းမြေနုများတွင် ဆောင်းမြေပဲသီးနှံများ လှိုင်လှိုင်စိုက်ပျိုးချိန်ဖြစ်၍ မြေပဲမျိုးဆန်များ လှိုင်လှိုင်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မျိုးမြေပဲဆန်တစ်ပြည်လျှင် မြေပဲဆန်အရည်အသွေးလိုက်၍ ငွေကျပ်(၈၅၀၀-၁၀၀၀၀)ဈေးဖြင့်အရောင်းအဝယ်ဖြစ်၍ တစ်ဧကလျှင် ငွေကျပ် (၁၀)သိန်းခန့်အကျိုးအမြတ်ရရှိကြောင်း၊ ယခုနှစ်တွင် မြေပဲအထွက်နည်းသော်လည်း သီးနှံပေါ်ချိန်တွင် ဒေသတွင်းဈေးကွက်၌ ယခင်နှစ်ထက် ဈေးကောင်းရရှိသောကြောင့် မိုးမြေပဲစိုက် တောင်သူများ အကျိုးအမြတ်များစွာရရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူဈေးကွက်၌ ပဲတီစိမ်းသေး(ခေါ်)ပဲနှောက်သီးနှံများ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်နေ

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်သို့ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့် ပဲမျိုးစုံ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ နိုဝင်ဘာ(ဒုတိယပတ်)တွင် ပဲတီစိမ်းသေး (ခေါ်) ပဲနှောက်သီးနှံများ ဈေးတက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (ပထမပတ်)မှစ၍ ပဲနောက်သီးနှံအသစ်များ ဈေးကွက်သို့ စတင်ဝင်ရောက်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနိုဝင်ဘာလ (ဒုတိယပတ်)တွင် လှိုင်လှိုင်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်း (ခေါ်) ပဲနှောက်သီးနှံသည် တစ်နှစ်လျှင် မိုး၊ ဆောင်း နှစ်ရာသီစိုက်ပျိုးကြသည်။ ပခုက္ကူခရိုင်အတွင်း အများဆုံးစိုက်ပျိုးသည့် ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများမှထွက်ရှိသော ပဲနှောက်သီးနှံများ အများဆုံးဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရသည်။

       ဈေးနှုန်းဈေးကွက်အနေဖြင့် သီးနှံပေါ်စအချိန် ဩဂုတ်လ(ပထမပတ်)တွင် ပဲနှောက်သီးနှံတစ်တင်းလျှင် ငွေကျပ်(၇၂၅၀၀-၇၃၅၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ဈေးအတက်အကျမရှိဘဲ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုနိုဝင်ဘာလ (ဒုတိယပတ်)တွင် ဈေးနှုန်းပြန်လည်မြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်နေကာ တစ်တင်းလျှင် ငွေကျပ်(၉၂၀၀၀-၉၅၀၀၀)ဈေးဖြင့်အရောင်းအဝယ်ဖြစ်၍ သီးနှံပေါ်စနှင့် ယခုအချိန်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက တစ်တင်းလျှင် ငွေကျပ်(၂၁၅၀၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ခဲ့သည်။ ဈေးကွက်အနေဖြင့် ဒေသတွင်းဝယ်ယူစားသုံးမှုများအပြင် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့လျက်ရှိပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူကြက်သွန်နီ နိုဝင်ဘာလ(ဒုတိယပတ်)တွင် ဈေးကျဆင်း၍ အရောင်းအဝယ်ဖြစ်နေ

         မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်၌ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယပတ်)တွင်  ကြက်သွန်နီဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ ဈေးကွက်သို့ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာဒေသများအပြင် အခြားမြို့နယ်များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကြက်သွန်နီကုန်ဆုံးရာသီချိန်ရောက်ရှိ၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုနည်းလာကြောင်း၊ တစ်ရက်လျှင် ကြက်သွန်နီ ပျမ်းမျှကုန်ချိန်ပိဿာ (၃)သောင်း၊ တစ်ပတ်အတွင်း ပိဿာ(၂)သိန်းခန့် ဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရသည်။

          ဈေးနှုန်းအနေဖြင့် နိုဝင်ဘာလ(ဒုတိယပတ်)တွင် ဈေးအနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်ခဲ့ရာ ကြက်သွန်နီအရည်အသွေးနှင့် အရွယ်အစားကိုလိုက်၍ တောဈေး(ဂျွန်) တစ်ပိဿာလျှင် ကျပ်(၃၅၀၀-၂၅၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပွဲရုံများမှ ပြန်လည်သန့်စင်ပြီး ဥအကြီး၊ အရွယ်အစား၊ အရောင်အဆင်းလိုက်၍ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၄၅၀၀-၂၇၀၀)ဈေးဖြင့် ဒေသတွင်း နေရာအနှံ့အပြားသို့ရောင်းချလျက်ရှိကြောင်း၊ ပြည်တွင်းဈေးကွက်အပြင် ပြည်ပဝယ်လက်နည်း၍ ဈေးကျဆင်းလာကြောင်း၊ (ပထမပတ်)ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက (ဒုတိယပတ်)တွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့်ဈေးကျဆင်း၍ အရောင်းအဝယ်ဖြစ်ကြောင်း နေ့စဉ် ကားအစီးရေ (၆)စီးခန့် ပြည်တွင်းဒေသအနှံ့အပြားသို့ တင်ပို့ဖြန့်ဖြူးလျက်ရှိကြောင်း ဈေးကွက်မှသိရှိရသည်။

           ဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ ပုသိမ်မြို့များသို့ တင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်မြို့များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ နိုဝင်ဘာလ(ဒုတိယပတ်)တွင် ကြက်သွန်နီကုန်ချိန်ပိဿာ(၂)သိန်း၊ တန်ချိန်အားဖြင့် (၃၂၇)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)

 

မင်းဘူးမြို့နယ်၌ စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းသီးဈေးကောင်းရ၍ တောင်သူများအကျိုးအမြတ်ရ

        မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်းရှိ ကျောက်တန်းကျေးရွာတွင် စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းသီးကို တစ်ရာသီလုံး မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးလျက်ရှိရာ ယခုရာသီတွင် စိုက်ဧက (၉) ဧကခန့်စိုက်ပျိုးထားကြောင်းသိရသည်။

          ခရမ်းသီးမှာ စက်တင်ဘာလတွင် ပျိုးထောင်စိုက်ပျိုးပြီး  နိုဝင်ဘာတွင် စတင်ထွက်ပေါ်ကြောင်း၊ မျိုးအနေဖြင့် ခရမ်းသီး(အလုံးကြီး)မျိုးနှင့် ခရမ်းသီး(ဆင်စွယ်)မျိုးတို့ဖြစ်ပြီး တစ်ဧကလျှင် မျိုးစေ့(၁၇) ထုပ်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့ကို ပျိုးအိတ်ဖြင့် ပျိုးထောင်ပြီး (၁၅)ရက်သားအရွယ်တွင် အတန်းလိုက်စနစ်ဖြင့် မြေချစိုက်ပျိုးကြောင်း၊  စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်  တစ်ဧကလျှင် ငွေကျပ် (၁၄၀၀၀၀၀) ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပိဿာချိန် (၁၁၀၀-၁၅၀၀) ခန့်ထွက်ရှိပြီး ငွေကျပ်၁၉၀၀၀၀၀ခန့်အကျိုးအမြတ်ရရှိကြောင်းသိရသည်။

          ဈေးနှုန်းအနေဖြင့် နိုဝင်ဘာလ ဒုတိယပတ်တွင် လက်ကားဈေး ခရမ်းသီးတစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀-၄၀၀၀ ဖြင့်ရောင်းချရပြီး ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ ကုန်စိမ်းပွဲရုံများသို့ရောင်းချပြီး ထိုမှတစ်ဆင့် မကွေး၊ စလင်း၊ ဆင်ဖြူကျွန်းမြို့များသို့တင်ပို့ကြောင်း၊ ယခုရာသီတွင် မိုးများ၍ အထွက်နှုန်းအနည်းငယ်လျော့နည်းသော်လည်း ဈေးကောင်းရသောကြောင့် အကျိုးအမြတ်များရရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း