ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်သို့ ကြက်သွန်နီအသစ်များလှိုင်လှိုင်ဝင်ရောက် အရောင်းအဝယ်ဖြစ်နေ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကြက်သွန်နီ အဓိကစိုက်ပျိုးထွက်ရှိရာ ဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ရေစကြို၊ ကမ္မမြို့နယ်များတွင် မိုးစိုက်(ဥစိုက်)များ  အဓိကစို က်ပျိုးလျက်ရှိပါသည်။ ပခုက္ကူကုန်စည်ဒိုင်တွင် နယ်ပေါင်းစုံမှ ကြက်သွန်နီများ ဝင်ရောက်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ကြက်သွန်နီဈေးနှုန်းမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၈၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၂၄၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၅၀၀)ဖြစ်ပြီး ဒီဇင်ဘာလ(တတိယပတ်)တွင် မိုးကြက်သွန်သွန်နီ(အသစ်)ဈေးနှုန်းမှာ ထိပ်စတစ်ပိဿာလျှင် ကျပ် (၃၂၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၂၈၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကြက်သွန်နီတစ်ပိဿာ လျှင် ကျပ်(၄၀၀)ခန့် ဈေးတက်နေကြောင်း၊ နေ့စဉ်အရောင်းအဝယ်ဖြစ်မှုကုန်ဝင်ချိန်မှာ ပိဿာချိန် (၁၃၀၀၀၀)ကျော်၊ တန်ချိန်အားဖြင့် (၂၁၂)တန်ဝင်ရောက်နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံနှင့် မြဝတီမြို့သို့ တင်ပို့နေကြောင်း  ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့မဈေး၌ အောင်ပန်းအားလူများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၌ အာလူးသီးများကို ကမ္မမြို့နယ်၊ ပေါက်မြို့ နယ်များရှိ ချောင်းဘေးများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ယခုအချိန်တွင် ပေါက်နှင့် ကမ္မမြို့ နယ်များ၌ အာလူးသီးများစတင်စိုက်ပျိုးလျက်ရှိပြီး ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးသို့ ရှမ်းပြည်နယ်ဒေသမှ ထွက်ရှိသော အောင်ပန်းအာလူးသီးများနေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။

          အာလူးသီး ဈေးနှုန်းဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလတွင်  အာလူးအလုံးပေါ် မူတည်၍ အလုံးကြီး လက်ကားတစ်ပိဿာလျှင် ကျပ်(၇၀၀၀)၊ အလုံးလတ်တစ်ပိဿာလျှင် ကျပ် (၆၅၀၀)၊ အလုံးသေးတစ်ပိဿာလျှင် ကျပ် (၆၀၀၀)၊ လက်လီ အလုံးကြီးတစ်ပိဿာလျှင် ကျပ် (၉၀၀၀)၊ အလုံးလတ်တစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ အလုံးသေးတစ်ပိဿာလျှင် ကျပ်(၇၀၀၀)ဖြစ်ပြီး ဒီဇင်ဘာလ (ဒုတိယပတ်)တွင် အာလူးလက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ်(၉၀၀၀)၊ အလုံးလတ် တစ်ပိဿာလျှင် ကျပ်(၇၅၀၀)၊ အလုံးသေးတစ်ပိဿာလျှင် ကျပ်(၆၅၀၀)ဖြင့် နေ့စဉ် ဝင်ရောက်မှုပိဿာချိန်(၃၀၀၀ မှ ၅၀၀၀)ထိဝင်ရောက်နေကြောင်း၊ အောက်တိုဘာလနှင့် ဒီဇင်ဘာလ နှိုင်းယှဉ်ပါကတစ်ပိဿာလျှင် ကျပ် (၂၀၀၀)ခန့်ဈေးတက်နေကြောင်း ကုန်သည်များထံမှ သိရှိရပြီး မြို့မစည်ပင်ဈေးတွင်ရောင်းချနေသော လက်လီဈေးမှာ အလုံးကြီး တစ်ပိဿာလျှင်ကျပ် (၁၀၀၀၀)၊ အလုံးလတ်တစ်ပိဿာလျှင်ကျပ် (၈၀၀၀)၊ အလုံးသေး တစ်ပိဿာလျှင် ကျပ်(၇၀၀၀) ဖြင့် ရောင်းချနေကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူကြက်သွန်နီ ဒီဇင်ဘာလ(ဒုတိယပတ်)တွင်ဖြစ်ပေါ်နေသော ဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်၌ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယပတ်)မှစတွင်  ကြက်သွန်နီဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ ဈေးကွက်သို့ နွေကြက်သွန်နီ အဟောင်းများအပြင် မိုးကြက်သွန်နီအသစ်များလည်း စတင်ဝင်ရောက် ကြောင်း၊  ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာ ဒေသများနှင့် အခြားမြို့နယ်များ ဖြစ်သည့် ပခုက္ကူ၊ ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ တညောင်မြို့နယ်ဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ကြက်သွန်နီအဟောင်းများ ကုန်ဆုံး ရာသီချိန်ဖြစ်၍ ဝင်ရောက်မှုနည်းကြောင်း၊ တစ်ရက်လျှင် ကြက်သွန်နီ ပျမ်းမျှကုန်ချိန်ပိဿာ (၁)သောင်း ခွဲခန့် တစ်ပတ်အတွင်း ပိဿာချိန်(၁)သိန်းခန့် ဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိ ရသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် နွေကြက်သွန်နီအဟောင်းမှာ ဈေးကျ ဆင်းပြီး ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ကြက်သွန်နီအရည်အသွေးနှင့် အရွယ်အစားလိုက်၍ တောဈေး(ဂျွန်) တစ်ပိဿာလျှင် ကျပ်(၂၃၀၀-၁၆၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပွဲရုံများမှ ပြန်လည်သန့်စင်ပြီး ဥအကြီးအရွယ်အစား၊ အရောင်အဆင်းလိုက်၍ ကြက်သွန်နီ တစ်ပိဿာ လျှင် ကျပ်(၃၅၀၀-၂၅၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ မိုးကြက်သွန်နီအသစ် တစ်ပိဿာ လျှင် တောဈေး(ဂျွန်) ကျပ်(၂၈၀၀-၂၂၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပွဲရုံမှ ပြန်လည် ရောင်းချ ဈေးတစ်ပိဿာလျှင် ကျပ်(၃၅၀၀-၂၈၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ (ပထမပတ်)နှင့် နှိုင်းယှဉ်ပါက နွေကြက်သွန်နီအဟောင်းတစ်ပိဿာလျှင် ကျပ်(၄၀၀)ခန့် ကျဆင်းအရောင်းအဝယ် ဖြစ်ကြောင်း၊ မိုးကြက်သွန်နီအသစ်များ ဈေးကွက်သို့ဝင်ရောက်မှုနည်းသေးကြောင်း၊ ဇန်နဝါရီလအတွင်း စိုက်တောင်သူများမှ မိုးကြက်သွန်နီအသစ်များ လှိုင်လှိုင်တူးဖော်မည်ဖြစ်၍ ဈေးကွက်သို့ ဝင်ရောက်မှု များလာမည်ဖြစ်ကြောင်း သိရှိရသည်။

          ဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ ပုသိမ်မြို့များသို့ တင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်မြို့များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ကြက်သွန်နီ ကုန်ချိန်ပိဿာ(၁)သိန်း၊ တန်ချိန်အားဖြင့် (၁၆၃)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရပါ သည်။

DOCA(မကွေး)

ပခုက္ကူမြို့၌ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ဖြစ်ပေါ်နေသော မန်ကျည်းသီးမှည့်ဈေးနှုန်းဈေးကွက်

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်အသစ်များ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိက အားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှ ထွက်ရှိ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။

၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် မန်ကျည်းမှည့်ဈေးများ သိသိသာသာဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မန်ကျည်းသီးအသား တစ်ပိဿာလျှင် လက်ကားဈေး ကျပ်(၁၆၀၀၀)၊ လက်လီဈေး ကျပ်(၁၈၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဈေးအတက်အကျမရှိကြောင်း၊ မန်ကျည်းသီးမှည့်များမှာ ရာသီကုန်ချိန်နီး၍ ဒေသတွင်း ပွဲရုံများတွင် ဝယ်ယူသိုလှောင်ထားသော မန်ကျည်းသီးမှည့်များလည်း လက်ကျန်ပစ္စည်းနည်းလျက်ရှိပြီး ဒေသတွင်း စားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိခြင်းကြောင့် မန်ကျည်းသီးဈေး မြင့်တက်လျက် ရှိကြောင်း ယခုအချိန်တွင် မန်ကျည်းသီးများ လှိုင်လှိုင်သီးချိန်ဖြစ်၍ ဖေဖော်ဝါရီလကုန်ပတ်တွင် မန်ကျည်းမှည့်အသစ်များ ဝင်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

ဒေသတွင်း သုံးစွဲမှုအနေဖြင့် မြို့ပေါ်ရှိ မန်ကျည်းသားများကို ပခုက္ကူမြို့ပေါ်ရှိ စားသောက် ကုန်လုပ်ငန်းရှင် လှောင်လက်သမားများမှ ကုန်ဝင်နည်းသောကြောင့် ဝယ်ယူထားရှိပြီး ပြန်လည် ရောင်းချကြကြောင်း၊ အကြော်ဆိုင်၊ အကင်ဆိုင်များမှ မန်ကျည်းသီး အချဉ်ရည်များ ပြုလုပ်ရန်အတွက် ဝယ်ယူခြင်း၊ မန်ကျည်းဖျော်ရည် လုပ်ငန်းများနှင့် မန်ကျည်းတော်ဖီ လုပ်ငန်းရှင်များမှလည်း အများ အပြားဝယ်ယူသည့်အပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များအပြင် တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ရှမ်းပြည်နယ်မှ ကုန်စိမ်းဝင်ရောက်မှုအခြေအနေ

    မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိမာလာကုန်စိမ်းဈေးသို့ နေ့စဉ် ပန်းမုံလာ၊ ဂေါ်ဖီထုပ်၊ ခါကြက်ဥ၊ အာလူး၊ ကြက်သွန်နီ၊ မုန့်ညှင်း၊ ဂေါ်ရခါးသီး၊ မုန်လာဥ၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ဘူးသီး၊ဘိုစားပဲစသည်ဖြင့် အခြေခံစားသောက်ကုန်စိမ်းများ ဝင်ရောက် လျက်ရှိပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဒေသထွက်ကုန်စိမ်းသီနှံစိုက်ပျိုးမှု နည်းပါးသောကြောင့်အဓိကအား ဖြင့် ကုန်စိမ်းသီးနှံ များကို ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့မှ ဝင်ရောက် လျက်ရှိပါသည်။

    ယခုအခါတွင်လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများရှိသဖြင့် ရှမ်းပြည်နယ်ရှိဒေသအချို့မှဝင်ရောက် လျက်မရှိတော့ဘဲ တောင်ကြီးမြို့နှင့် အနီးတစ်ဝိုက်ရှိဒေသများနှင့်ရွာငံ၊အင်းလေး၊ပြင်ဦးလွင်တို့မှ ဝင် ရောက်လျက်ရှိကြောင်း သိရှိရသည်။ကုန်စိမ်းဝင်ရောက်မှုအနေဖြင့် ၆ဘီးကား (၂၈၀) မှ (၃၅၀)ခန့် အထိ ဝင်ရောက်လျက်ရှိပါသည်။ ပျမ်းမျှအားဖြင့် ကုန်စိမ်းများကို Canter (၆)ဘီး တစ်စီးလျှင် ၅တန်ဆံ့ဖြင့်သာ ဝင်ရောက်လျက်ရှိပြီး ခရမ်းချဉ်သီးကိုသာ Canter (၁၂)ဘီး (၁၅)တန်ဆံ့ဖြင့်သာ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ မန္တလေးမြို့၊သီရိမာလာကုန်စိမ်းဈေးသို့ (၁.၁၂.၂၀၂၅) မှ (၁၆.၁၂.၂၀၂၄) အထိ ၆ဘီးကား (၆၂၃)စီးခန့် (၃၁၁၅ )တန်ခန့်ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။    

DOCA(မန္တလေး)

 

အထက်မင်းလှမြို့၌ ဆောင်းသီးနှံပဲတီစိမ်း စတင်ထွက်ပေါ်၍ ဈေးကောင်းရလျက်ရှိ

               မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ အင်းကွင်း၌ ကုလားပဲ၊ ပဲကြီးနှင့် ပဲတီစိမ်းသီးနှံတို့ကို စိုက်ပျိုးလျက်ရှိရာ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလတွင် ပဲတီစိမ်းသီးနှံကို တောင်သူ (၂၀)ဦးမှ စိုက်ဧက(၃၀)ဧကခန့်အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။

          စိုက်ပျိုးရာတွင် မျိုးကို ဒေသခံတောင်သူအချင်းချင်းဆီမှ (၁)ပြည်လျှင် ကျပ်(၆၀၀၀)ဖြင့် ဝယ်ယူ စိုက်ပျိုးကြသလို ယခင်နှစ်ပဲတီစိမ်းစိုက်ခင်းမှထွက်ရှိသည့် ပဲတီစိမ်းများကို မျိုးအဖြစ်ဖယ်ချန်၍လည်း  ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ (၁)ဧကလျှင် မျိုး(၆)ပြည်ခန့်ကုန်ကျကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်နည်းတူ ယခုနှစ်တွင်လည်း (၁)ဧကလျှင် မျိုးဖိုး၊ လုပ်အားခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် ကျပ်(၂)သိန်းခန့် ကုန်ကျကြောင်း၊ ယခု၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယပတ်)တွင် ပဲတီစိမ်းသီးနှံများ စတင်ထွက်ရှိလျက်ရှိရာ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၁၀)တင်းမှ (၁၁)တင်းထိထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် (၁)တင်းလျှင် ကျပ်(၁)သိန်းခန့်ရရှိကာ အကျိုး အမြတ်အနေဖြင့် ကျပ်(၈)သိန်းခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ပေါ်ရှိ ပွဲရုံများသို့ ရောင်းချကြောင်း၊ ယခင်နှစ်က ပဲတီစိမ်း(၁)တင်းလျှင် အမြင့်ဆုံးဈေး ကျပ်(၇၀၀၀၀)ခန့်သာရရှိခဲ့ပြီး  အထွက်နှုန်းအနေဖြင့်လည်း (၇)တင်းမှ (၉)တင်းနီးပါးသားရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်မှု အထွက်နှုန်း ကောင်းသည့်အပြင် ဈေးကောင်းရသည့်အတွက် ပဲတီစိမ်းစိုက်တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်များပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း မင်းလှမြို့၊ အမှတ်(၆)ရပ်ကွက်နေ ပဲတီစိမ်း စိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

မန္တလေးကုန်စည်ဒိုင်တွင် ဖြစ်ပေါ်နေသာ နှမ်းနှင့်မြေပဲတို့၏ဈေးနှုန်းနှင့်ဈေးကွက်

    မန္တလေးမြို့ ပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် (ဥပုသ်နေ့)မှ အပ နေ့စဉ်လယ်ယာထွက်ကုန်သီးနှံများအား အရောင်းအဝယ်ပြုလုပ်လျက်ရှိပါသည်။ ယခုဒီဇင်ဘာလ တတိယပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံများဖြစ်သည့် နှမ်းနှင့်မြေပဲ တို့၏ဈေးနှုန်းများအား  ဖော်ပြအပ်ပါသည်။

    မန္တလေးတိုင်းဒေသကြီးတွင် လက်ရှိအချိန်တွင်ဆောင်းသီးနှံများဖြစ်သည့် နှမ်းနှင့်မြေပဲတို့ အား မြင်းခြံခရိုင်၊သပိတ်ကျင်းခရိုင်နှင့် ကျောက်ဆည်ခရိုင်တို့တွင် အဓိကစိုက်ပျိုးလျက်ရှိပါ သည်။မြင်းခြံခရိုင်တွင် နှမ်းသီးနှံ(ဆောင်း) စိုက်ဧက ၂၀၀၀၀ကျော်၊ကျောက်ဆည်ခရိုင်တွင် ၁၃၀၀၀ ကျော်နှင့် မြေပဲသီးနှံ(ဆောင်း) စိုက်ဧကသည် သပိတ်ကျင်းခရိုင်တွင် ၃၄၀၀၀ ဧကကျော်၊ မြင်းခြံ ခရိုင်တွင် ၃၂၀၀၀ဧကကျော် စိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

   လက်ရှိတွင် ဆောင်းသီးနှံများဖြစ်သည့်(နှမ်း၊မြေပဲ)အသစ်များစတင်၍ မန္တလေးဈေးကွက် သို့ဝင်ရောက်လျက်ရှိပြီး ဆီစက်သမားဝယ်လက်များက ဈေးအမြင့်ဖြင့် ဝင်သလောက်ဝယ်ယူနေကြောင်း ကုန်သည်တစ်ဦးပြောကြားချက်အရ သိရှိရသည်။

DOCA(မန္တလေး)

 

 

 

ဝါမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်ဆီသို့

          မြန်မာလူမျိုးများအနေဖြင့် အဓိကအရေးကြီးဆုံးဖြစ်သော စားဝတ်နေရေးဆိုပြီး အချက်သုံး ချက်ရှိရာ ဝတ်ရေးသည် ဒုတိယအရေးကြီးဆုံးဖြစ်ပါသည်။ ရာသီဥတုမှာလည်း တစ်နှစ်နှင့် တစ်နှစ် ပို၍ပူပြင်းလာကြသောကြောင့် လူအများအနေဖြင့် အေး၍ပေါ့ပါးသော အဝတ်အထည် ဖြစ်သော ချည်ထည်များကိုသာ ရွေးချယ်၍ဝတ်ဆင်လာကြပါသည်။ ချည်ထည်များကို ဦးစားပေး ဝတ်ဆင် လာကြသဖြင့် အဓိကကုန်ကြမ်းဖြစ်သော ဝါသီးနှံကိုလည်း တိုးချဲ့စိုက်ပျိုးလာကြရာ ပြည်ခရိုင်အနေဖြင့် (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တွင် ဝါစိုက်ဧကမှာ ၁၂၈၉၃ ဧကရှိလာပါသည်။ ယခုအချိန်တွင် ဝါသီးနှံများ ထွက်ပေါ်လာပြီး ထွက်ရှိလာသောဝါသီးနှံများကို ဝါကြိတ်စက်ရုံများ မှဝယ်ယူကြသလို ရွာပွဲစား များမှလည်း ဝယ်ယူပြီး အောင်လံနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်း ချကြပါသည်။ မန္တလေးမြို့တွင် ဝါသီးနှံမှ အဆင့်မြှင့်တင်၍ ချည်အဖြစ်ပြောင်းလဲထုတ်လုပ်ပြီး ပြန်လည်ဖြန့်ဖြူးရောင်းချကြပါသည်။ ပြည်ခရိုင်အနေဖြင့် ချည်ထည်လုပ်ငန်းလုပ်ကိုင်ခြင်းကို ရွှေတောင်မြို့နယ်တစ်ခုသာ လုပ်ကိုင်ကြောင်း သိရပါသည်။ ရွှေတောင်မြို့တွင် ယက္ကန်းစင်ပေါင်း များစွာရှိပြီး ခေတ်မီတိုးတက်လာသည်နှင့်အမျှ လက်ယက္ကန်းများနည်းလာပြီး စက်ယက္ကန်းများဖြင့် ယက်လုပ်ကြပါသည်။ ရွှေတောင်မြို့သည် စည်းလုံချည်လုပ်ငန်းဖြင့် နာမည်ကြီးပြီး ရွှေတောင်စည်း ဟူ၍လည်း လူသိများကြပါသည်။ ရွှေတောင်မြို့ရှိ စည်းလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မန္တလေးမြို့မှ ချည်များကိုဝယ်ယူ၍ ယက္ကန်းခတ်ကြပါသည်။ ထိုချည်များတွင် (၂/၈၀)ချည်နှင့် (၂/၁၀၀)ချည်ဟူ၍ရှိပြီး (၂/၈၀)စည်းမှာ ချည်ရိုးရိုးဖြစ်၍ (၂/၁၀၀)ချည်မှာ ချည်ပြောင် အမျိုးအစား ဖြစ်ပါသည်။ ချည်ထည်ခြင်းတူသော်လည်း (၂/၁၀၀)ချည်မှာ ပွဲတိုးသောအမျိုးအစားဖြစ်၍ ဈေးလည်းပိုများကြောင်း သိရပါသည်။

          မြန်မာအမျိုးအသီးများအနေဖြင့် ရွှေတောင်စည်းမှာ ဝတ်ဆင်ရတာ ပေါ့ပါးအေးမြပြီး ရာသီဥတု နှင့် လည်းကိုက်ညီ၍ မြန်မာဆန်ဆန်ရင်ဖုံးအင်္ကျီလေးများကိုချုပ်၍ ဝတ်ဆင်ကြလျှင် ပွဲလယ်တင့်သဖြင့် ဝယ်ယူဝတ်ဆင်ကြပါသည်။

          ပထမကုန်ကြမ်းဖြစ်သော ဝါသီးနှံမှ တစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် လုပ်ကိုင်နိုင်သဖြင့် တန်ဖိုးရှိသောထုတ်ကုန်များရရှိနိုင်မည်ဖြစ်ပါသည်။ ဝါသီးနှံဈေးမှာ တစ်ပိဿာလျှင် ၂၈၀၀ကျပ် ရရှိပြီး တန်ဖိုးမြှင့်ထုတ်ကုန် ရွှေတောင်စည်းကိုထုတ်လုပ်လျှင် ရိုးရိုးစည်လုံချည်ဝမ်းဆက်တစ်စုံလျှင် ၂၂၀၀၀ ကျပ်၊ ပွဲတက် (၂/၁၀၀)စည်း ဝမ်းဆက်တစ်စုံလျှင် ၂၉၀၀၀ကျပ်အထိ ဈေးကောင်းရသဖြင့် ဝါဂွမ်းမှ တစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်၍ ရောင်းချနိုင်လျှင် အကျိုးအမြတ် များပိုမိုရရှိနိုင်ကြောင်း သိရပါသည်။ နိုင်ငံတော်အနေဖြင့်လည်း MSMEs လုပ်ငန်းများဖြစ်သော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို အားပေးကူညီလျှက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့်လည်း တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်တက်ထုတ်လုပ်လာမည်ဆိုပါက မိမိတို့အနေဖြင့်လည်း အကျိုးရှိနိုင် သလို နိုင်ငံတော်အနေဖြင့်လည်း MSMEs လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလာပြီး နိုင်ငံခြား ဝင်ငွေများ လည်း ရရှိလာနိုင်မည်ဖြစ်ပါကြောင်း ဝါမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်ဆီသို့ ဆိုသောသတင်းကို ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)

 

ပေါက်ခေါင်းမြို့နယ်၊ သမန်းချိုကျေးရွာတွင်ပန်းဂေါ်ဖီစိုက်ပျိုးသူများ အကျိုးအမြတ်ရလျက်ရှိ

          ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ သဖန်းချိုကျေးရွာတွင် ပန်းဂေါ်ဖီများ စိုက်ပျိုး ထားလျက်ရှိပြီး အောက်တိုဘာလဆန်းတွင် စတင်စိုက်ပျိုးကြောင်း သိရပါသည်။ ပန်းဂေါ်ဖီများကို စိုက် ပျိုးထားသော သဖန်းချိုကျေးရွာရှိ တောင်သူဦးဌေးဝင်းနှင့်တွေ့ဆုံ၍ စိုက်ပျိုး ထွက်ရှိမှုနှင့် အကျိုးအမြတ် များသိရှိစေရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

          ထိုတောင်သူမှ ပန်းဂေါ်ဖီစိုက်ဧက(၀.၂၅)ဧကရှိပြီး စိုက်ပျိုးအပင်ပေါင်းမှာ (၂၂၀၀)ခန့် စိုက်ပျိုး ထားကြောင်း သိရပါသည်။ (၀.၂၅)ဧကတွက် စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ် အနေဖြင့် (၁၃၀၅၀၀) ကျပ် ကုန်ကျပြီး ယခုဒီဇင်ဘာလတွင် ပန်းဂေါ်ဖီများစတင် ထွက်ရှိကြောင်း သိရပါသည်။ အပွင့် ထွက်ရှိမှုမှာ (၀.၂၅)ဧကတွင် အပွင့်ရေ(၂၀၀၀)ခန့်ထွက်ရှိပြီး ထွက်ရှိလာသော ပန်းဂေါ်ဖီများ ကို တစ်ပွင့် လျှင်(၄၀၀) ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ပေါက်ခေါင်းမြို့မှ ထွက်ရှိသော ပန်းဂေါ်ဖီများကို ပြည်၊ ပေါင်းတလည် ဈေးကွက်သို့တင်ပို့ရောင်းချသလို ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ ရောင်းချ ကြောင်း သိရပါသည်။ ပန်းဂေါ်ဖီစိုက်ပျိုး သူတောင်သူ အနေဖြင့် (၀.၂၅)ဧကတွက် ဝင်ငွေပေါင်း (၈၀၀၀၀၀) ကျပ်ရရှိပြီး၊ အကျိုးအမြတ်အနေဖြင့် (၆၆၉၅၀၀)ကျပ် ရရှိကြောင်းသိရပါသည်။

          ထို့ကြောင့်ပန်းဂေါ်ဖီစိုက်ပျိုးသူတောင်သူများအနေဖြင့် ရာသီချိန်တွင် အကျိုးအမြတ်များ စွာရရှိ သဖြင့်ဧကများစွာစိုက်ပျိုးလျှင် ပိုမိုအကျိုးအမြတ်ဖြစ်ထွန်းမည်ဖြစ်ပါသည်။

DOCA(ပဲခူး)

ပေါက်ခေါင်းမြို့နယ်ရှိငရုတ်သီးစိမ်းထွက်ရှိမှုနှင့်အရောင်းအဝယ်ဖြစ်မှုအခြေအနေ

          ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုကျေးရွာတွင် ငရုတ်သီးစိမ်း(ကျောက်စိမ်း)သီးများ စိုက်ပျိုးထားသဖြင့် စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား သိရှိစေရန် ကွင်းဆင်း လေ့လာခဲ့ပါသည်။

          ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ သဖန်းချိုကျေးရွာတွင် ငရုတ်သီးစိမ်း (ကျောက်စိမ်းသီး) စိုက်ပျိုးထားသော တောင်သူဦးစိုးနိုင်နှင့်တွေ့ဆုံ၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။ ငရုတ်သီးစိမ်း စိုက်ပျိုး သည့်ဧကမှာ (၀.၂၅)ဧကကို ဝါခေါင်လမှစ၍နယုန်လအထိ စိုက်ပျိုးနိုင်ပြီး တန်ဆောင်မုန်းလနှင့် နတ်တော်လတွင် ထွက်ရှိကြောင်း သိရပါသည်။ စိုက်ပျိုးသော အပင်ရေပေါင်းမှာ (၁၅၀၀)ခန့် စိုက်ပျိုး ထားပြီး ကုန်ကျစရိတ်အနေဖြင့် (၆၈၅၀၀၀)ကျပ် ကုန်ကျကြောင်း သိရပါသည်။ ငရုတ်သီးစိမ်း စတင်ခူးဆွတ်ချိန်တွင် ပိဿာချိန်(၅၀)ခန့် ခူးဆွတ်နိုင်ပြီး (၁၅)ရက်ခြားတစ်ခါ ခူးဆွတ်ရပါသည်။ ငရုတ်သီးထွက်ရှိမှုမှာ (၈၀၀)ပိဿာခန့် ထွက်ရှိသဖြင့် ငရုတ်သီးစိမ်းထွက်ရှိချိန်တွင် ဝင်ငွေပေါင်းမှာ (၀.၂၅) ဧကတွင် (၁၂၀၀၀၀၀)ခန့် ရရှိပြီး အကျိုးအမြတ်အနေဖြင့် (၅၁၅၀၀၀)ကျော် ရရှိကြောင်း သိရပါသည်။ ထွက်ရှိ သောငရုတ်သီးစိမ်းများကို နယ်မြို့များသို့ တင်ပို့ရောင်းချပြီး တစ်ပိဿာကျပ် (၁၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ ကုန်စိမ်းသမားအချို့မှာ စိုက်ခင်းအထိဆင်း၍ ဝယ်ယူ ကြောင်း သိရပါသည်။

          ငရုတ်သီးစိမ်းစိုက်ပျိုးခြင်းဖြင့်လည်း မိသားစုတစ်နိုင်တစ်ပိုင်ဝင်ငွေလည်းရပြီး အကျိုး အမြတ် လည်း ရရှိနိုင်မည်ဖြစ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း