ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ချင်း (ခေါ်)ဂျင်းစျေးနှုန်းစျေးကွက်/ ကောင်းကျိုး

            ချင်းသည်ဟင်းလျာတွေ့ကို အနံအရသာတိုးစေဖို့ အသုံးပြုကြသလို ချင်းကိုအညှီနိုင်စေဖို့ အသုံးပြုကြပါသည်။ ချင်းကို မြန်မာနိုင်ငံအနှံစိုက်ပျိုးပါသည်။ ချင်းသည်ဆေးဖက်ဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျိုးပြုပါသည်။ ချင်းသည်သဘာဝကပေးသော အကောင်းဆုံးသော ဆေးစွမ်းတစ်လက်ဖြစ်သည်။ အစာအိမ်အနာတွေကို ကျက်စေနိုင်သလို ကင်ဆာဆဲလ်တွေကိုလည်း သေစေနိုင်သည်အပြင် ကြွက်သားနာကျင်မှုကိုသက်သာစေပါသည်။ HIUV/AIDS ဆေးတွေကြောင့် ပျို့အန်ခြင်းကို ချင်းနေ့စဥ်သောက်သုံးခြင်းအားဖြင့် သက်သာစေနိုင်ပါသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့်ချင်းကို သကြားလုံးအနေဖြစ်အသုံးပြုပါက ကိုယ်ဝန်ဆောင်တွေအတွက် စိတ်ချရကြောင်းသိရသည်။


             ထားဝယ်မြို့အတွင်းရှိ စည်ပင်သာယာစျေးနှင့် ရပ်ကွက်စျေးဆိုင်တို့တွင် ချင်းတစ်ပိသာ လျှင် (၁၂၀၀၀) ကျပ် ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ပုသိမ်မြို့၌ တစ်နှစ်ပတ်လုံးရာသီးပေါ် သံပုရာသီးများ အရောင်းအဝယ်ဖြစ်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ပုသိမ်မြို့နယ်ရှိ ဒေသခံပြည်သူများသည် လယ်ယာလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သည့်အပြင် မိမိတို့၏ ဥယျာဉ်ခြံမြေများတွင် နှစ်ရှည်သီးနှံဖြစ်သည့် သံပုရာပင်များလည်း စိုက်ပျိုးထားလျက်ရှိပြီး သံပုရာပင်များ အသီးသီး ရင့်ချိန်တွင် စျေးကောင်းရရှိ၍ စိုက်ပျိုးတောင်သူများ အကျိုးအမြတ် ပိုမိုရရှိကာ အရောင်း အဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။

သံပုရာသီကို သံပုရာသီးသနပ် လုပ်စားခြင်းသာမက အသုတ်သုတ်စားရာတွင်လည်း မန်ကျည်းသီးမှည့်အစား အချဉ်အဖြစ်အသုံးပြုကြကာ ၊ ဖျော်ရည်အနေနဲ့ ဖျော်သောက်ကြသည့် အပြင် ကျန်းမာရေးနှင့် အလှအပအတွက်လည်း အထောက်အကူပြုကြောင်း တွေ့ရှိရပါတယ်။ သံပုရာသီး အခွံကို ဆားနဲ့ရောပြီး သွားကိုပွတ်ပေးပါက သွားတွေဖြူဖွေးတောက်ပစေပါတယ်။ တံတောင်ဆစ်တွေ မည်းနေတာအတွက် သံပုရာသီးကိုထက်ခြမ်းခြမ်းပြီး ပွတ်ပေးကာ ၅ မိနစ်လောက်ထားပြီး ရေဆေးချပေးပါက မည်းနေတာတွေပျောက်ပြီး အသားအရေပြန်လည် ဝင်းပလာနိုင်ပါတယ်။ ဆံပင်ကျွတ်တာအတွက် အုန်းရည်ထဲ သံပုရာရည်ရောကာ တပတ်လျှင် တကြိမ်ခန့် လိမ်းပေးနိုင်ပါတယ်။ အိမ်မှာဆောင်ထားသင့်တဲ့ အသီးတမျိုးဖြစ်ပါတယ်။

တစ်နှစ်ပတ်လုံးရာသီပေါ် သံပုရာသီးကို ယခုဒီဇင်ဘာလတွင် ပုသိမ်မြို့နယ်ရှိ ဈေးများ ထဲတွင် တစ်လုံးလျှင် ငွေကျပ် (၁၅၀ မှ ၂၀၀) အထိရောင်းချရကြောင်း၊ ပုသိမ်မြို့တွင် သံပရာ ပင်များ စိုက်ပျိုးဖြစ်ထွန်းလျက် ရှိသည့်အပြင် အိမ်ခြံဝင်းထဲမှာ တပိုင်တနိုင် သံပုရာပင် စိုက်ပျိုး ထားသူများအနေဖြင့် လိုက်လံရောင်းချစရာ မလိုဘဲ ဝယ်ယူသူများက အိမ်တိုင်ရာရောက် လာရောက်ဝယ်ယူလျက်ရှိကြောင်း သံပုရာပင်စိုက်ပျိုးသူများထံမှ သိရသည်။

DOCA (ဧရာဝတီ)

 

“တောင်ကြီးမြို့၊ အမှတ်(၅)ဈေးမှ ကန်စွန်းဥဈေးကွက်”

    ဈေးချို၊ အလွယ်တကူဝယ်ယူလို့ရပြီး အရာသာချိုချိုဆိမ့်ဆိမ့်စေးစေးလေးရှိသည့် ကန်စွန်းဥကို ပြုတ်ပြီး ဆီ၊ ဆားနှင့်စားကြသလို မီးဖုတ်၍လည်းကောင်း၊ ပေါင်းစား၍လည်းကောင်း၊ ယိုထိုးစား၍လည်းကောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်အနေဖြင့် ကန်စွန်းဥခြောက်ကြော်အပြင် အခြားမုန့်မျိုးစုံ ပြုလုပ်ရာတွင်လည်း ပါဝင်ပစ္စည်းအဖြစ် အသုံးပြုကြပါသည်။ ကန်စွန်းဥအား ခရမ်းရင့်ရောင်၊ ကြက်ဥနှစ်ရောင်၊ အဝါရောင်တို့ကို အများဆုံးတွေ့ရလေ့ရှိပြီး အနီရောင်နှင့် အဖြူရောင်တို့လည်း ရှိပါသည်။

   ဈေးကွက်အနေဖြင့် တောင်ကြီးမြို့၊ အမှတ်(၅)ဈေး၌ ကန်စွန်းဥ(ငချိပ်)တစ်ပိဿာလျှင် (၃၅၀၀-၄၀၀၀)ကျပ်၊ ကန်စွန်းဥ(ရွှေဝါ)တစ်ပိဿာလျှင် (၃၀၀၀-၃၅၀၀) ကျပ် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ဧရာဝတီတိုင်း ပုသိမ်ခရိုင် သာပေါင်းမြို့နယ်အတွင်းရှိ မုန်လာဥ ဈေးကွက်

ဧရာဝတီတိုင်း ပုသိမ်ခရိုင် သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာ လုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖို ဆောင်သီးနှံတစ်မျိုးဖြစ်သော မုန်လာဥကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်သိရသည်။

          မုန်လဥကို အောက်တိုဘာလတွင် စတင်စိုက်ပျိုး၍ ရက်ပေါင်း ၃၀-၄၀ အကြာတွင် တူးဖော်ရကြောင်း၊ အထွက်နှုန်းကောင်းမွန်သည့် ဆင်ဆွယ်မုန်လာဥတံဆိပ်ပါ မုန်လာဥဖြူမျိုး များကို အများဆုံးစိုက်ပျိုးကြကြောင်း ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်အားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၆ သိန်းခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် မုန်လာဥဖြူ ၆၀၀၀-၇၀၀၀ ဥခန့်ထွက်ရှိကြောင်း လက်ကားဈေး မုန်လာဥဖြူ တစ်ဥလျှင် ငွေကျပ် ၄၀၀ နှင့် ၃ ဥပါ တစ်စည်းလျှင် ငွေကျပ် ၁၂၀၀ ဖြင့် ရောင်းချရပြီး တစ်ဧက လျှင် ငွေကျပ် ၈ သိန်းခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်း အရောက် အခင်းပြတ်လာရောက်ဝယ်ယူ၍ သာပေါင်းမြို့နယ်အပြင် ပုသိမ်မြို့ပေါ်ရှိ ကုန်စိမ်းဒိုင်များသို့ တင်ပို့ရောင်းချကြပြီး  ယခု မုန်လာဥစတင်ပေါ်ချိန်တွင် တောင်သူများ အနေဖြင်း ဈေးကောင်းရရှိပြီး အကျိုးမြတ်ပိုမိုရရှိကြကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့နယ်တွင် ပြည်တွင်းပြည်ပအရောင်းအဝယ်ဖြစ်နေသော ပီလောပီနံ ဈေးကွက်

ပြည်တွင်း ပြည်ပဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသော စက်မှုကုန်ကြမ်း ပီလော ပီနံကို ဧရာဝတီတိုင်းဒေသကြီးအတွင်း နှစ်စဉ် ပီလောပီနံ စိုက်ဧက (၃၀၀၀၀) ခန့် စိုက်ပျိုး လျက်ရှိရာ ပုသိမ်ခရိုင်တွင် ပီလောပီနံ စိုက်ဧက (၂၀၀၀၀) ဝန်းကျင်ဖြင့် အများဆုံး စိုက်ပျိုး လျက်ရှိကြောင်းသိရသည်။

ပီလောပီနံအမှုန့်ကို ပြည်ပတင်ပို့ခြင်းနှင့် ပြည်တွင်းဈေးကွက်တွင် သာကူစေ့ပြုလုပ်ခြင်း၊ မုန့်အမျိုးမျိုးတွင် သုံးစွဲခြင်း၊စားသောက်ကုန်များတွင် အသုံးပြုလျှက်ရှိပြီး ပီလောပီနံမှ အမှုန့် ပြုလုပ်၍ကျန်ရှိသည့် စစ်ဖတ်များကိုလက်တစ်ဆုပ်စာ အလုံးများပြုလုပ်ပြီး အခြောက် လှန်းကာ  တိရစ္ဆာန်အစာအဖြစ် အသုံးပြုလျှက်ရှိကြောင်းဈေးကွက်မှသိရသည်။

ပုသိမ်မြို့နယ်တွင် ယခင်နှစ် ပီလောပီနံမှုန့် ၁ပိဿာကျပ် ၂၇၀၀/၂၈၀၀ဈေး ပီလောပီနံ စစ်ဖတ် အလုံး၁တင်းကျပ် ၃၅၀၀/၃၈၀၀ဈေး အရောင်းအဝယ်ဖြစ်၍ ယခုနှစ် ပီလောပီနံမှုန့် ၁ပိဿာ ၂၃၅၀/၂၄၀၀ဈေးနှင့် ပီလောပီနံစစ်ဖတ်အလုံး၁ပိဿာကျပ် ၁၇၀၀/၁၈၀၀ဖြစ်သွား၍ ယခင်နှစ် ဈေးနှုန်းနှင့် ကာလတူ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ပီလောပီနံမှုန့် ၁ပိဿာကျပ် ၄၀၀နှင့် ပီလောပီနံစစ်ဖတ် ၁ပိဿာကျပ် ၂၀၀၀ခန့် ဈေးနှုန်းကျဆင်းလျှက်ရှိကြောင်း ပီလောပီနံ ဈေးကွက်မှ သိရသည်။

DOCA (ဧရာဝတီ)

ရာသီစာ ထန်းမြစ်အကြောင်းဈေးကွက်တွင်ဈေးကောင်းရရှိလျက်ရှိပါကြောင်း

ထန်းပင်မြစ်ဆိုတာ ဆောင်းရာသီနဲ့ အင်မတန်လိုက်ဖက်လှပြီး ရာသီစာ အစားအစာတစ် မျိုးလည်း ဖြစ်ပါသည်။ ထန်းသီးမှထွက်လာသော အစို့ကို ထန်းမြစ်(ထန်းပင်မြစ်)ကို မီးဖုတ်၍ လည်းကောင်း၊ ပြုတ်၍လည်းကောင်း၊ ကြော်၍လည်းကောင်း စားသုံးလေ့ရှိကြပါသည်။ ထန်းမြစ် စိုက်ပျိုးရန်အတွက် ထန်းသီးအစေ့ရင့်များကို ဝါဆိုလနှင့် ဝါခေါင်လတို့တွင် မြေကျင်းများတူး၍ မြှပ်ပြီး စိုက်ပျိုးကာ တန်ဆောင်မုန်း လဆန်းပိုင်းတွင် ထန်းပင်မြစ်များ တူးဖော်ရောင်းချ ကြပါသည်

ပုသိမ်မြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများဖြစ်သော သာပေါင်းမြို့နှင့် အနီးတဝိုက်ရှိ ရွာများ သစ်ပုတ်ကုန်း၊ ကြောင်ပန်းကုန်း၊ ရွှေမြင်တင်၊  စိုင်ခြံ၊ ရေချိုကုန်း ကျေးရွာများတွင် ၎င်းကိုတစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ပုသိမ်မြို့၊ မြို့မဈေးကြီးနှင့် အခြားဈေးများသို့ တင်ပို့ ရောင်းချကြောင်းသိရပါသည်။ ။ ယခုအချိန်တွင် ထန်းပင်မြစ်များ စတင်ထွက်ပေါ်လာပြီ ဖြစ်ပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်၍ ထန်းပင်မြစ်(၁၀)ချောင်းပါ တစ်စည်းလျှင် (၃၅၀၀)ကျပ်၊ (၃၀၀၀)ကျပ်တို့ ဖြင့် ဈေးကောင်းရလျက် ရောင်းချနေကြောင်း သိရပါသည်။

DOCA (ဧရာဝတီ)

“တောင်ကြီး သံပုရာသီးဈေးနှုန်းဈေးကွက်”

        ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ရှိ အမှတ်(၅)  ဈေးသို့ ဒေသ အသီးသီး မှ သံပုရာသီးများ လာရောက်ရောင်းချသည့်အတွက် ဈေးကွက်အတွင်း လှိုင်လှိုင် ပေါများ၍ အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

        သံပုရာသီးမှာ နေ့စဉ်ချက်ပြုတ်စားသုံးရာတွင် မရှိမဖြစ်အသုံးဝင်ပြီး ကိုယ်ခံစွမ်းအား အစာခြေ စနစ်နှင့် အရေပြားကျန်းမာရေးကို မြှင့်တင်ပေးနိုင်သည့် အရသာရှိပြီး ကျန်းမာရေးနှင့်ညီညွှတ်သော အစားစာတစ်မျိုးဖြစ်ပါသည်။ သံပုရာသီးကို လူတန်းစားမရွေးကြိုက်နှစ်သက်ကြပြီး သံပုရာသီးသနပ်၊ သံပုရာယို၊ ပျားသံပုရာရည်၊ သံပုရာချဉ်၊ သံပုရာရည် စသည်တို့အပြင် အခြားကြိုက်နှစ်သက်ရာ အသီးသီးအမျိုးမျိုးဖြင့် ရောစပ်၍ စားသောက်ကုန်အမျိုးမျိုးပြုလုပ်ပြီး ဈေးကွက်အတွင်းသို့ ဖြန့်ဖြူး ရောင်းချကြကြောင်း သိရှိရပါသည်။

        သံပုရာသီးတစ်လုံးလျှင် ယခင်က (၂၀၀) ကျပ်ပေးရပြီး ယခုအချိန်တွင် တစ်လုံး (၂၅၀) ကျပ်မှ (၃၀၀) ကျပ်အထိ အရွယ်အစားပေါ်မူတည်ပြီး ဈေးရှိကြောင်း၊ သံပုရာသီးဈေးမြင့်သော်လည်းစားသောက် ဆိုင်များမှ ပုံမှန်ဝယ်ယူခြင်းနှင့် စားသုံးသူများမှ ဟင်းချက်ရာတွင် မရှိမဖြစ်လိုအပ်သည့် အတွက် ဝယ်ယူစားသောက်ကြ၍ အရောင်းအဝယ်ဖြစ်နေကြောင်း ဒေသခံများထံမှ သိရှိရပါသည်။

DOCA(ရှမ်း)

 

ပန်းတနော်မြို့နယ်ရှိ စိုက်ပျိုးရေးထွက်ကုန် ငရုပ်သီးဈေးကွက်

          ဧရာဝတီတိုင်းဒေသကြီး၊ ၊ မအူပင်ခရိုင် ၊ ပန်းတနော်မြို့နယ်၏ မြေဩဇာ ကောင်းမွန် သော နှုန်းမြေပေါ်တွင် ငရုတ်သီးစိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင် သီးနှံတွင် မပါမဖြစ် သုံးစွဲနေသော ငရုပ်သီးကို ပြည်ပသို့ တင်ပို့ရန်နှင့် ပြည်တွင်းသုံးစွဲရန် နှစ်စဉ် မိုးရာသီနှင့် ဆောင်း ရာသီတို့တွင် စိုက်ဧက (၁၂၀၀၀) ဝန်းကျင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

          ညောင်တုန်းမြို့ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ငရုပ်သီးဈေးနှုန်းမှာ ယခင်နှစ် ငရုပ်တောင့်ရှည် (၁) ပိဿာလျှင် ကျပ် (၄၀၀၀/၅၀၀၀) ဈေးနှင့် မိုးမျှော်ငရုပ်သီး (၁) ပိဿာလျှင် ကျပ် (၅၀၀၀/၆၀၀၀) အရောင်းအဝယ်ဖြစ်လျက် ရှိသော် လည်း ယခုနှစ် ငရုပ်သီး ဈေးနှုန်းမှာ ငရုပ်တောင့်ရှည် (၁) ပိဿာလျှင် ကျပ် (၈၀၀၀/၉၀၀၀) ဈေးနှင့် မိုးမျှော်ငရုပ်သီး (၁) ပိဿာလျှင် ကျပ် (၉၀၀၀/၁၀၀၀၀) ဝန်းကျင်ဈေးရရှိသည့်အတွက် ငရုပ်စိုက်ပျိုးသော တောင်သူ များ တွက်ချေကိုက်လျက်ရှိကြောင်း ငရုပ် (၁) ပိဿာဈေးနှုန်းမှာ ယခင်နှစ်နှင့်ယခုနှစ် ကာလတူ နှိုင်းယှဉ်ပါက ငရုပ်တောင့်ရှည် (၁) ပိဿာလျှင် ကျပ် (၄၀၀၀) ဈေးနှင့် မိုးမျှော်ငရုပ်သီး (၁) ပိဿာလျှင် ကျပ် (၃၀၀၀) ပိုမိုရရှိကြောင်း ငရုပ်သီးဈေးကွက်မှ သိရသည်။

DOCA (ဧရာဝတီ)

(၁၆.၁၂.၂၀၂၄) ရက်နေ့ လှိုင်မြို့နယ်၊ အုတ်ကျင်းဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

            ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အုတ်ကျင်းဈေးအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများဖြစ်သော ဆန်ကြမ်း/ ဆန်ချောအမျိုးအစားအလိုက် ဒီဇင်ဘာလ တတိယအပတ်တွင် ဧည့်မထတစ်ပြည်လျှင် အနိမ့်ဆုံးဈေးနှုန်း ၃၀၀၀ မှ ၃၅၀၀ ကျပ်၊ ဇီယာတစ်ပြည်လျှင် ၂၅၀၀ မှ ၃၀၀၀ ကျပ်၊ ပေါ်ဆန်းတစ်ပြည်လျှင် ၅၅၀၀ ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် ၇၉၀၀ ကျပ်၊ မြေပဲဆီတစ်ပိဿာ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ(ကြီး) တစ်ပိဿာ ကျပ် ၅၀၀၀၊ (သေး) တစ်ပိဿာ ကျပ် ၃၀၀၀၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာကျပ် ၁၅၀၀၀ ကျပ်၊ အမွှာတစ်ပိဿာ ကျပ် ၂၀၀၀၀၊ အာလူး(သေး)တစ်ပိဿာ ကျပ် ၃၈၀၀၊ အာလူး(ကြီး) တစ်ပိဿာ ကျပ် ၁၃၀၀၀၊ အိုင်အိုဒင်းဆားတစ်ထုပ် ကျပ် ၈၀၀၊ ရိုးရိုးဆားတစ်ပိဿာ ကျပ် ၁၀၀၀၊မန်ကျည်းသီးမှည့်တစ်ပိသာ ကျပ် ၁၀၀၀၀၊ ငရုပ်တောင့်(အရှည်) တစ်ပိဿာ ကျပ် ၂၀၀၀၀၊ ငရုပ်တောင့်(အပု) တစ်ပိဿာ ကျပ် ၂၅၀၀၀၊ မြန်မာပဲနီလေး တစ်ပိဿာ ကျပ် ၁၄၀၀၀၊ ပဲဝါလေးတစ်ပိဿာ ကျပ် ၅၀၀၀၊ကုလားပဲခြမ်းတစ်ပိဿာ ကျပ် ၆၅၀၀ တို့ဖြစ်ပြီး  ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ကန်စွန်းရွက်တစ်စီး ကျပ် ၁၀၀၀၊ ချည်ပေါင်ရွက်တစ်စီး ကျပ် ၃၀၀၊ မုန့်ညှင်းတစ်စီး ကျပ် ၄၀၀၊ ပန်းဂေါ်ဖီတစ်ထုပ် ကျပ် ၁၅၀၀၊ ဆလပ်ရွက်တစ်စီး ကျပ် ၃၀၀၊ ကြက်ဥတစ်လုံး ကျပ် ၃၈၀၊ ဘဲဥတစ်လုံး ကျပ် ၅၀၀ ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

              ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်နှိုင်းယှဉ်ရာတွင် ဆန်ကြမ်း/ ဆန်ချောဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိပြီး အခြေခံစားသောက်ကုန်များမှာ တည်ငြိမ်လျက်ရှိပါသည်။ စားအုန်းဆီဈေးနှုန်းများမှာ အနည်းငယ်လျော့နည်းသွားခဲ့ကြောင်း သိရှိရပါသည်။

 DOCA(ရန်ကုန်)

(၁၇.၁၂.၂၀၂၄) ရက်နေ့ထိ စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

          ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေးအတွင်း အခြေခံစားသောက်ကုန်များဖြစ်သော ဆန်အမျိုးအစားများအနက် ဧည့်မထတစ်ပြည်လျှင် ကျပ် ၄၀၀၀မှ ၅၀၀၀ထိ၊ ဇီယာတစ်ပြည်လျှင် ကျပ် ၃၅၀၀ မှ ၄၅၀၀ ထိ၊ ပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၅၀၀၀ မှ ၆၀၀၀ ထိလည်းကောင်း၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၇၄၅၀ မှ ၇၆၅၀၊ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၁၄၀၀၀ မှ ၁၆၀၀၀၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ကန်စွန်းရွက်တစ်စီးလျှင် ကျပ် ၅၀၀ မှ ၇၀၀၊ ချည်ပေါင် ရွက်တစ်စီး ကျပ် ၃၀၀ မှ ၅၀၀၊ မုန့်ညှင်းတစ်စီး ကျပ် ၅၀၀ မှ ၇၀၀၊ ကိုက်လန်တစ်စီး ကျပ် ၆၀၀ မှ ၇၀၀၊ ဂေါ်ဖီတစ်ထုပ်လျှင် ကျပ် ၂၀၀၀ မှ ၄၀၀၀၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ် ၂၅၀၀ မှ ၃၅၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၂၅၀၀ မှ ၃၅၀၀၊ ဗူးသီးတစ်လုံး ကျပ် ၃၀၀၀ မှ ၄၀၀၀၊ အာလူးတစ်ပိဿာ ကျပ် ၃၈၀၀ မှ ၄၂၀၀၊ ကြက်သွန်ဖြူတစ်ပိသာ ကျပ် ၂၅၀၀၀ မှ ၃၀၀၀၀၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၄၅၀၀ မှ ၅၀၀၀၊ ဂျင်း တစ်ပိဿာ ကျပ် ၃၀၀၀ မှ ၄၀၀၀၊ ကုလားပဲတစ်ပိဿာလျှင် ကျပ် ၆၀၀၀ မှ ၁၀၀၀၀၊ မွေးမြူရေးကြက် တစ်ပိသာလျှင် ကျပ် ၁၈၀၀၀ မှ ၁၉၀၀၀၊ ဝက်သားတစ်ပိဿာလျှင် ကျပ် ၃၀၀၀၀ မှ ၃၂၀၀၀၊ ဆိပ်သားတစ် ပိဿာလျှင် ကျပ် ၂၅၀၀၀ မှ ၃၀၀၀၀၊ ငါးကြင်းတစ်ပိဿာ ကျပ် ၂၀၀၀၀ မှ ၂၃၀၀၀၊ ပုဇွန်ထုပ်သေး တစ်ပိဿာလျှင် ကျပ် ၄၀၀၀၀ မှ ၅၀၀၀၀၊  ငါးခူတစ်ပိဿာလျှင် ကျပ် ၂၀၀၀၀ မှ ၂၃၀၀၀၊ ငါးရံ့တစ်ပိဿာ  ကျပ် ၃၀၀၀၀ မှ ၃၂၀၀၀ တို့ဖြစ်ပြီး ကြက်ဥတစ်လုံးလျှင် ကျပ် ၃၇၀၊ ဘဲဥတစ်လုံး ကျပ် ၄၀၀ မှ ၆၀၀ တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း