ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့နယ်၊ညောင်ပင်လေးဈေးရှိ ငါးဈေးနှုန်းအနည်းငယ်မြင့်တက်လာမှု

  ငါးမုတ်နှင့်ငါးကြင်းသည် မြန်မာနိုင်ငံ၏‌ရေချိုဒေသများမှ အဓိကထွက်ရှိပြီး ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့မှ အများဆုံး ထွက်ရှိပါသည်။ ငါးမုတ်သည် ရေငန် ရေချိုနှစ်ခုလုံးတွင် ပေါက်ဖွားပြီး ငါးကြင်းသည် ရေချိုတွင်သာ ပေါက်ဖွားပါသည်။ ငါးမုတ်သည် အသားပျော့ အဆီဓာတ်များသောကြောင့် ကင်ခြင်း၊ ပေါင်းခြင်း၊ ငါးခြောက်၊ ငါးပိ၊ ငါးဖယ်ချဉ်စသည်ဖြင့် ပြုလုပ်စားသုံးကြပြီး ငါးကြင်းသည် အသားမာပြီး ချိုသော အရသာရှိသောကြောင့် ကြော်ချက်ခြင်း၊ ပြုတ်ခြင်း၊ မုန့်ဟင်းခါးချက်စားခြင်းဖြင့် အမျိုးမျိုး စားသုံးကြ ပါသည်။

  တောင်ငူမြို့နယ်၊ ညောင်ပင်လေးဈေးထဲတွင် ယခုဩဂုတ်လ (ဒုတိယပတ်)၌ ငါးမုတ် နှင့်ငါးကြင်း ဈေးနှုန်းများ မြင့်တက်လျက်ရှိရာ ယခင်ဇူလိုင်လထက် အနည်းငယ်မြင့် တက်သွားခဲ့ ပါသည်။ ဇူလိုင်လက ငါးမုတ် အကောင်ကြီးတစ်ပိဿာလျှင် ၉၅၀၀ ကျပ်၊ ယခုဩဂုတ်လ (ဒုတိယပတ်)တွင် ၁၀၅၀၀ ကျပ်ထိ အနည်းငယ် မြင့်တက်သွားပြီး၊ ငါးကြင်း ၁ပိဿာလျှင် ယခင်ဇူလိုင်လက ၁၂၀၀၀ ကျပ်၊ ယခုဩဂုတ်လ (ဒုတိယပတ်)တွင် ၁၃၀၀၀ ကျပ်ထိ ဈေးနှုန်းအနည်းငယ်မြင့်တက်သွားကြောင်း သိရသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့ဟင်းသီးဟင်းရွက်ဈေးကွက်တွင် မုန့်ညှင်းဖြူထုပ်ဈေးနှုန်းဆက်လက်မြင့်တက်

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ မြို့မဈေးတွင် ရာသီပေါ်ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုပ်၊ ‌ရွှေပဲသီး၊ မုန့်ညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး၊ ခါကြက်ဥနှင့် မုန့်ညှင်းဖြူထုတ်ကိုတို့ကို ရောင်းချလျက်ရှိရာ မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှမှာယူ ရောင်းချကြောင်း သိရှိရသည်။

     ကန့်ဘလူမြို့ဟင်းသီးဟင်းရွက်ဈေးတွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း  ရောင်းချ လျက်ရှိသည့် မုန်ညှင်းဖြူထုပ်ဈေးနှုန်းမှာ မုန့်ညှင်းဖြူထုပ် လက်လီတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ လက်က္ကားတစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း မုန့်ညှင်းဖြူထုပ် (၁)ပိဿာလျှင် (၃၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း၊ မုန့်ညှင်းဖြူထုပ်ကို စားသောက်ဆိုင်များက ဓိကဝယ်ယူလျက်ရှိပြီး အိမ်ရှင်မများကလည်းဝယ်ယူကြောင်း ဟင်းသီးဟင်းရွက် ရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့ပန်းဈေးကွက်ရှိ နှင်းပန်းနှင့် ပန်းတိမ်ငိုပန်းဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပန်းဈေးကွက်၌ နှင်းဆီပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ သပြေပန်း၊ အာစီယံသပြေ၊ စံပါယ်ပန်း၊ ဇွန်ပန်း၊ ပန်းထိမ်ငိုပန်းစသည့် ပန်းမျိုးစုံရောင်းချ လျက်ရှိကြောင်း၊ ဒေသခံပြည်သူများကလည်း ဘုရားပန်းကပ်လှူရန်၊ ပန်းအလှဆင်ရန်နှင့် အလှပန်ဆင် ရန် နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူမြို့ပန်းဈေးကွက်၌ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ပန်းဈေးနှုန်းများအနေဖြင့် နှင်းပန်းတစ်စီးလျှင်(၇၀၀)ကျပ်နှင့် (၃)စီးလျှင်(၂၀၀၀)ကျပ်ဖြင့်လည်းကောင်း ၊ပန်းထိမ်ငိုပန်း(၁)စီးလျှင် (၇၀၀)ကျပ်၊ (၃)စီးလျှင်(၂၀၀၀)၊ (၁၀)စီးလျှင် (၆၇၀၀)ကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ပန်းထိမ်ငိုပန်းသည် တာရှည်အထားခံသည့်အပြင် လှပသည့်အသွင်သဏ္ဍာန် ကြောင့် လူကြိုက်များကာ အရောင်းသွက်လျှက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့သစ်သီးဈေးကွက်၌ ပန်းသီးဈေးနှုန်းမြင့်တက်

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ ဘုရာကြီးဈေးရှိ သစ်သီးဆိုင်များတွင် ဒေသထွက်အသီးအနှံများ၊ မန္တလေးတိုင်းဒေသကြီးနှင့် မြစ်ကြီးနားဒေသထွက် အသီးအနှံများ ရောင်းချလျက်ရှိပြီး ပန်းသီးများကို မန္တလေးသစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း၊ ပန်းသီးသည် ကျန်းမာရေးအတွက် အထောက်အကူများစွာ ပြုပေးသည့်အတွက် အရောင်းသွက်သည့် အသီးတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

          ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ပန်းသီး အကြီး(၁)လုံးလျှင် (၈၀၀၀မှ ၉၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၇၀၀၀)ကျပ်နှင့် အသေး(၃)လုံးလျှင် (၁၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ပန်းသီးသည် နူးညံ့ထူးကဲသော အရသာရှိသည့်အတွက် စားဖူးသူတိုင်း ကြိုက်နှစ်သက်သည့်အတွက် အရောင်းသွက်လျက်ရှိသည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့သစ်သီးဈေးကွက်၌ ဈေးနှုန်းမြင့်တက်နေသော  နာနတ်သီး

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့သစ်သီးဈေးကွက်သို့ မြစ်ကြီးနားဒေသ ထွက်နာနတ်သီးများနှင့် မန္တလေးသစ်သီးဈေးကွက်မှ နာနတ်သီးများ ဝင်ရောက်လျက်ရှိကြောင်း ယခုပတ်အတွင်း နာနတ်သီးဝင်ရောက်မှု များသောကြောင့် ဈေးအနည်းငယ်ကျသွားကြောင်း သစ်သီး ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။ ကန့်ဘလူသစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း မန္တလေးနာနတ် သီး(၁)လုံးလျှင် (၃၀၀၀မှ ၄၀၀၀)ကျပ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း မြစ်ကြီးနားသီး(၁)လုံးလျှင် (၄၅၀၀မှ ၅၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိ ကြောင်း၊ နာနတ်သီးသည် ရာသီပေါ်အသီးတစ်မျိုး ဖြစ်သည့်အတွက် ဝယ်ယူစားသုံးသူများပြား၍ နာနတ်သီးများ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ဝင်ရောက်သမျှ အရောင်းသွက်နေသည့် ဒူးရင်းသီး

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ သစ်သီးမျိုးစုံရောင်းချသည့် ဆိုင်များတွင် ပန်းသီး၊ နာနတ်သီး၊ စပျစ်သီး၊ သရက်သီးနှင့် ဒူးရင်းသီးများ ရောင်းချလျက်ရှိရာ ဒေသထွက်သစ်သီးများ ရောင်းချသလို မြစ်ကြီးနားမြိုနှင့် မန္တလေးမြို့မှလည်း မှာယူရောင်းချလျှက်ရှိကြောင်း သိရှိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် ရောင်းချနေ သောဒူးရင်းသီးဈေးနှုန်းမှာ  အကြီးတစ်လုံးလျှင်(၆၀၀၀၀)ကျပ်၊  အလတ်တစ်လုံးလျှင် (၄၅၀၀၀)ကျပ်နှင့် ဒူးရင်းသီး အလုံးသေးတစ်လုံးလျှင် (၃၀၀၀၀)ကျပ်နှင့် အသားသီးသန့်(၁)ဗူးလျှင် (၃၀၀၀၀မှ ၅၀၀၀၀) ကျပ်တို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒူးရင်းသီးသည် အခြားဒေသမှ ဝယ်ယူရောင်းချရသည့် အတွက်အဝင်နည်းကာ ကြိုက်နှစ်သက်သူများ၍ အရောင်းသွက်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။   

DOCA(စစ်ကိုင်း)

                  

စီးပွားဖြစ်လျက်ရှိသည့် တောင်ငူဒေသထွက် ပဲကြော်နှင့်ပဲကြီးလှော်

  ပဲခူးတိုင်းဒေသကြီးအရှေ့ ဒေသထွက် စားသောက်ကုန် တစ်မျိုးဖြစ်သည့် နေဝင်းအောင် ပဲကြော် နှင့် ပဲကြီးလှော် လုပ်ငန်းသည် တောင်ငူဒေသထွက် စားသောက်ကုန်တစ်မျိုးဖြစ်ပါသည်။ နေဝင်းအောင် တံဆိပ်ပါ ပဲကြော်နှင့် ပဲကြီးလှော်များသည် ထုပ်ပိုးမှုအဆင့်အတန်းမှီသည့်အပြင် အရသာမှာလည်း အလွန်ကောင်းမွန်၍ ဈေးနှုန်းလည်းသင့်တင့်သည့်အတွက် လူမျိုးဘာသာမရွေး စားသုံးနိုင်သည်။

    ပဲမျိုးစုံသည် ပရိုတင်းဓာတ်ရရှိစေသော အစားအစာတစ်မျိုးဖြစ်ပါသည်။သတ်သတ်လွတ် စားသုံးသူများအနေဖြင့် ပဲများစားသုံးပေးခြင်းဖြင့် အသားဓါတ်အပြည့်အဝ ရရှိစေနိုင်သည်ဟု လေ့လာ သိရှိရသည်။ ပဲများမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်သောကြောင့် အူမကြီးကို ကျန်းမာစေနိုင်၍ ဝမ်းမှန်စေနိုင်သည်။

    ပဲများဈေးနှုန်းအနေဖြင့် ပဲကြီးလှော် ၂၅ ကျပ်သား တစ်ထုပ်လျှင် ၂၂၀၀ကျပ်၊ ကုလားပဲလုံးကြော် ၂၅ ကျပ်သားလျှင် ၃၀၀၀ ကျပ် နှင့် နှစ်ပြန်ကြော် ၂၅ ကျပ်သားလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် လက်လီ/လက်ကား ရောင်းချလျက်ရှိပြီး အသင့်စားဂျင်း ၁၀ ကျပ်သားလျှင် ၇၀၀ကျပ်၊ အသင့်စား လ္ဘက်မျိုးစုံကိုလည်း လက်လီ/လက်ကား ဝယ်ယူရရှိနိုင်ပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ဒညင်းသီးဈေးနှုန်းမြင့်တက်

      မြန်မာနိုင်ငံတွင် ဒညင်းသီးပင်ကို ကရင်၊ ပဲခူး၊ မော်လမြိုင်နှင့် ရခိုင် စသည့်ဒေသများတွင်အ များဆုံး စိုက်ပျိုးကြကြောင်း၊ ဒညင်းသီးကိုစားသုံးသူ တော်တော်များများ ကြိုက်နှစ်သက်တဲ့ အစား အစာတစ်ခုအဖြစ်တွေ့ရကြောင်း၊ ဒညင်းသီးအုန်းနို့ဆမ်း၊ ဒညင်းသီးဝက်သားချက်၊ ဒညင်းသီးပြုတ် ဆီဆမ်း၊ ဒညင်းသီးကိုမီးဖုတ် ငပိရည်နဲ့တို့စားတာစသည်ဖြင့် အမျိုးမျိုးစားသုံးကြကြောင်း၊ သို့သော် ဒညင်းသီးသည် တန်ဆေးလွန်ဘေး ဆိုသည့်အတိုင်းမဖြစ်အောင် သတိပြုစားသုံးရန်လိုအပ်ကြောင်း သိရှိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့တွင် ဒညင်းသီးအသေး(၁)လုံးလျှင် (၂၀၀)ကျပ်၊ အကြီး(၁)လုံးလျှင် (၃၀၀)ကျပ်နှင့် (၁၀)လုံးလျှင် (၂၈၀၀)ကျပ်၊ ဒညင်းသီးပြုတ်(၁) လုံးလျှင် (၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကန့်ဘလူမြို့တွင် ရောင်းချနေသည့် ဒညင်းသီး များကို မြစ်ကြီးနားမြို့နှင့် မော်လမြိုင်မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း ဒညင်းသီးရောင်းချသူ များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော တို့ဟူးခြောက်နှင့်တို့ဟူးစိမ်းဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဒေသထွက်အစားအစာများ၊ ဒေသထွက်အသီးအနှံများနှင့် အခြားဒေသမှဝင်ရောက်လာသည့် အရန်သင့်အစားအစာများရောင်းချ လျှက်ရှိရာ မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိရန်အတွက် ကုလားပဲကို အမှုန့်ကြိတ်၍ တို့ဟူးစိမ်းနှင့် တို့ဟူးခြောက်များပြုလုပ်ပြီး ကန့်ဘလူမြို့မဈေးတွင် နေ့စဉ်ရောင်းချလျှက်ရှိကြောင်း၊ သိရသည်။

    ကန့်ဘလူမြို့ “မြို့မဈေး”တွင် ဩဂုတ်လ ဒုတိယပတ်အတွင်းဖြစ်ပေါ်နေသော တို့ဟူးစိမ်း ဈေးနှုန်းများမှာ တို့ဟူးစိမ်းလက်လီ(၁)ပိဿာလျှင် (၂၅၀၀)ကျပ်၊ လက်ကား(၁)ပိဿာလျှင် (၂၄၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၂၅၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ တို့ဟူးစိမ်းကို တို့ဟူးသုတ် နှင့် တို့ဟူးပျော့တို့ ပြုလုပ်ရောင်းချကြောင်း၊ တို့ဟူးခြောက်(၁)ထုပ်လျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့မဈေးရှိ တို့ဟူးစိမ်းနှင့် တို့ဟူးခြောက်ရောင်းချသည့် ဈေးသည် များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

                                                         

ကန့်ဘလူမြို့မဈေးတွင် နေ့စဉ်အရောင်းအဝယ်ဖြစ်နေသည့် ဆူးပုတ်ရွက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်း သူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိ ကြောင်း၊ ယခုအခါ ကန့်ဘလူမြို့ပေါ်ရပ်ကွက်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဆူးပုတ်ရွက်များ လာရောက်ရောင်းချကြောင်း သိရသည်။

   ကန့်ဘလူမြို့ဟင်းသီးဟင်းရွက်ဈေး၌ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ဆူးပုတ် ရွက်(၁)စီးလျှင် (၃၀၀)ကျပ်၊ (၄)စီးလျှင် (၁၀၀၀)ကျပ်နှင့် (၁၀)စည်းပါ(၁)ထုံးလျှင် (၂၅၀၀)ကျပ် တို့ဖြင့် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဆူးပုတ်ရွက်ကို အကြော်ဆိုင်များ၊ အိမ်ရှင်မများ နှင့် ထမင်းဆိုင်များက  ဝယ်ယူအသုံးပြုလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း