ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မန်ကျည်းပင်ဈေးရှိ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်ဈေးနှုန်း

              စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်များကို မိမိတို့နေအိမ် ခြံဝင်းများတွင်လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မုံရွာမြို့ပေါ်ရှိ မန်ကျည်းပင်ဈေးနှင့် ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  အိမ်ရှင်မများမှ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်ကိုပြုတ်၍ မြေပဲဆံ၊ ပဲမှုန့်တို့ဖြင့် သုပ်စားကြသလို ငပိရည်နှင့်တွဲဖက်၍ အတို့အမြုပ်အဖြင့်လည်း စားသုံးကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္တပတ်တွင် မုံရွာမြို့၊ မန်ကျည်းပင်ဈေးတွင် ပဲစောင်းလျားသီး(၂၅)ကျပ်သားလျှင် (၈၀၀/-)ကျပ်၊ ၁ပိသာလျှင် (၃၂၀၀)ကျပ်နှင့် ဟင်းနုနွယ်ရွက်ဈေးနှုန်းမှာ အစီးသေးတစ်စီးလျှင် (၂၀၀/၄၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း ကုန်စိမ်းရောင်းချသူမျးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကယားပြည်နယ်တွင်ဖြစ်ပေါ်နေသော မျှစ်ဈေးနှုန်း

      အိမ်ရှင်မများအတွက် ဟင်းချက်စရာအမယ်တစ်ခုအဖြစ်ရှိနေသော (Bamboo Shoot) ဝါးပင်ပေါက်စလေးများကို မျှစ်ဟုခေါ်ကြသည်။ ဝါးပင်ပေါက်လေးများဖြစ်သည့်အတွက် နုပြီး အရသာချိုပါသည်။ မျှစ်တွင် ဗီတာမင်များ၊ သတ္တုဓာတ်များ ပါဝင်သည့်အတွက် မျှစ်စားသုံးခြင်းသည် ကျန်းမာရေးအကျိုးပြုမှုများလည်း ရရှိနိုင်ပါသည်။မျှစ်ကို ကြော်၍စားကြသလို၊ပြုတ်၍ ငပိရည်ကျို၊ ငပိထောင်းများနှင့် တို့၍လည်း စားကြပါသည်။ထို့ပြင်မျှစ်ကို အခြောက်လှမ်း၍ဖြစ်စေ၊ အချဉ် တည်၍ ဖြစ်စေ ကြာရှည်ခံအောင်ပြုလုပ်၍လည်း စားကြပါသည်။

     ကယားပြည်နယ်၊လွိုင်ကော်မြို့၊သီရိမင်္ဂလာဈေးအတွင်း (၂၇-၁၀-၂၀၂၅) ရက်နေ့တွင် ဖြစ် ပေါ်နေသော မျှစ်ဈေးနှုန်းမှာ မျှစ်ချဉ်တစ်ပိဿာလျှင်(၉၀၀၀/-)ကျပ်၊ မျှစ်စပ် တစ်ပိဿာလျှင် (၅၀၀၀/-)ကျပ်၊မျှစ် (ရိုးရိုး) တစ်ပိဿာလျှင်(၃၀၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မျှစ်ချဉ်များကို မန္တလေးမြို့၊ မိတ္တီလာဘက်မှ ဝယ်ယူရောင်းချပြီး မျှစ်စပ်နှင့် မျှစ်(ရိုးရိုး)များကို ယခုမိုးတွင်းကာလတွင် ဒေသတွင်းချိုးယူရောင်းချကြကြောင်း မျှစ်ရောင်းသူ ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်ရှိ ပူစီနံနှင့် နံနံပင်ဈေးနှုန်း

         မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် နံနံပင်၊ ပူစီနံပင်၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ကန်ဇွန်းရွက်၊ ပဲတောင့်ရှည်သီး၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်  ခဝဲသီးများကို စိုက်ပျိုးလျက်ရှိပါ သည်။  စိုက်ပျိုးထွက်ရှိသော သီးနှံများမှ ပူစီနံပင်များနှင့် နံနံပင်များကို  မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ နံနံပင်နှင့်ပူစီနံသည်  မြန်မာဟင်းများတွင် သာမက မုန့်ဟင်းခါးအသုပ်စုံတို့တွင်လည်း တွဲဖက်စားသုံးကြပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်တွင် နန္ဒဝန်ဈေးသစ်၌  ရောင်းချနေသော နံနံပင်ဈေးနှုန်းမှာ တစ်စည်းလျှင်(၁၀၀/၂၀၀)ကျပ် ဖြစ်ပြီး ပူစီနံဈေးနှုန်းမှာ တစ်စည်းလျှင် (၂၀၀)ကျပ်မှ (၃၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

လွိုင်ကော်မြို့အတွင်းဖြစ်ပေါ်နေသော ငရုတ်သီးဈေးနှုန်း

    မြန်မာလူမျိုးများခေါ်ဝေါ်သည့် အမည်(ငရုတ်)ဟူသည်မှာ ရုက္ခဗေဒအမည်ဖြင့်(Capsicum spp)ဖြစ်ပါသည်။Capsicum sppဆိုသည့်အတိုင်း Capsicum ဓါတ်ပါဝင်မှုကြောင့် ငရုတ်သီးများတွင် အစပ်ဂုဏ်သတိ္တများ ရှိကြပါသည်။

     ငရုတ်ပင်အမျိုးအစားအလိုက် အသီးသီးရာတွင် အချို့ငရုတ်သီးသည်မိုးပေါ်သို့ထောင်သီး ကြပြီး အချို့ငရုတ်မှာအောက်သို့စိုက်၍သီးကြပါသည်။ငရုတ်သီးအမျိုးအစားအလိုက် အသီးသီးပုံများ မတူညီကွဲပြား ကြသကဲ့သို့ အသီး၏ပုံသဏ္ဌာန်များမှာလည်း မတူညီကြပါ။ ငရုတ်သီး အရှည်၊ အပု နှင့်အဝိုင်းဟူ၍ အမျိုးမျိုးရှိကြပါသည်။

      ကယားပြည်နယ်၊လွိုင်ကော်မြို့၊သီရိမင်္ဂလာဈေးအတွင်း ဖြစ်ပေါ်နေသော ငရုတ်သီးဈေးနှုန်း များမှာ  ငရုတ်သီးခြောက်(အရှည်) တစ်ပိဿာလျှင်(၁၇၀၀၀/-)ကျပ်၊ငရုတ်သီးခြောက်(အပု) တစ် ပိဿာ လျှင်(၄၀၀၀၀/-)ကျပ်နှင့်ငရုတ်သီးအစိမ်း တစ်ဘူးလျှင်(၈၀၀/-)ကျပ်နှင့်(၁၀၀၀/-)ကျပ်ကြား အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ငရုတ်သီးများကို ကယားပြည်နယ်၊ လောပိတမြို့တွင် အနည်း ငယ်စိုက်ပျိုးကြပြီး ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နှင့်အောင်ပန်းမြို့တို့မှ ဝယ်ယူရောင်းချကြကြောင်း ငရုတ်သီးရောင်းချသော ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ကယား)

အသား၊ ငါး ဈေးနှုန်း၊ဈေးကွက်အခြေအနေ

      ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် အောက်တိုဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော အသား၊ ငါး ဈေးနှုန်းများမှာ ကြက်သား(CP)(အသားတိုး) တစ်ပိဿာလျှင်(၂၄၀၀၀/-) ကျပ်၊ ကြက်သား(CP) (ဥနှုန်းကျ)တစ်ပိဿာလျှင် (၂၄၀၀၀/-)ကျပ်၊ ကြက်(ဗမာ) တစ်ပိဿာ လျှင် (၅၀၀၀/-)ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၃၅၀၀၀/-)ကျပ်၊ အမဲသား တစ်ပိဿာ လျှင် (၃၅၀၀၀/-)ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင်(၅၀၀၀၀/-)၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၂၀၀၀/-)ကျပ်၊ ငါးခူ တစ်ပိဿာလျှင်(၁၈၀၀၀/-)ကျပ်၊ အာပြဲခြောက် တစ်ပိဿာလျှင် (၃၅၀၀၀/-)ကျပ်၊ ငါးတံခွန်တစ်ပိဿာလျှင်(၁၇၀၀၀/-)ကျပ်ဖြင့် အရောင်းဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

     ယခင်တစ်ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် ကြက်သား(CP) (အသားတိုး)တစ်ပိဿာလျှင်(၂၀၀၀/-)ကျပ်၊ ငါးတံခွန်တစ်ပိဿာလျှင်(၁၀၀၀/-)ကျပ်စီဖြင့် ဈေးနှုန်းတက်လာ ပြီး ငါးခူတစ်ပိဿာလျှင်(၄၀၀၀/-)ကျပ်ဖြင့် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ကျန်အသား၊ ငါး ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ အသား၊ငါးရောင်းချသည့် ဈေးသည်များထံမှ သိရှိရပါသည်။

      ကြက်သား(CP)များကို ရှမ်းပြည်နယ်တောင်ကြီးမြို့၊ ငါးတံခွန်များကို ရန်ကုန်မြို့တို့မှ ဝယ်ယူရောင်းချရပြီး ဝယ်ယူရသည့် အရင်းဈေးနှုန်းများ တက်သွားသောကြောင့် ဈေးနှုန်းများ မြှင့်တက်လာရခြင်းဖြစ်ကြောင်း၊ ငါးခူများကို ယခုကာလတွင် ဒေသအတွင်း မွေးမြူမှုများလာ သောကြောင့် ဈေးနှုန်းကျဆင်းရခြင်းဖြစ်ကြောင်း သုံးသပ်မိပါသည်။

DOCA(ကယား)

 

မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်းရနာဈေးတွင်ရောင်းချနေသော ပိန်းဥနှင့် ပီလောပီနံဥ ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင် အိမ်ခြံဝင်းများနှင့် ယာကွက်များတွင်  ပိန်းဥနှင့် ပီလောပီနံဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ ပိန်းဥနှင့် ပီလောပီနံဥကို  ပြုတ်၍သော်လည်းကောင်း၊ ပေါင်း၍သော်လည်းကောင်း သရေစာအဖြစ် ပြုလုပ်စားသုံးကြပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ  စတုတ္ထပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးနှင့် ချင်းတွင်းရတနာဈေးတို့တွင်   ရောင်းချနေသော  ပိန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၂၂၀၀) ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၂၅၀၀)ကျပ်နှင့် ပီလောပီနံဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာ လျှင်(၂၈၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၃၄၀၀)ကျပ်နှင့်ဖြင့် ရောင်းဝယ်လျက်ကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၏ ပန်းသီးနှင့် နဂါးမောက်သီးဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီးနှင့် နဂါးမောက်သီးများ အများအပြား ရောင်းချလျက်ရှိကြပါသည်။  ပန်းသီးနှင့် နဂါးမောက်သီးများကို သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင် သိရှိရပါသည်။     နဂါးမောက်သီးပင်များသည် အပူပိုင်းဒေသ ရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်းနွယ်ဝင် အပင်တစ်မျိုးဖြစ်သည်။ နဂါးမောက်သီးတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိပါသည်။ ပန်းသီးနှင့် နဂါးမောက်သီးသည် ကျန်းမာရေးအတွက် အထောက်အကူများစွာပေးပြီး၊ ပန်းသီးဖျော်ရည်၊ နဂါးမောက်သီးဖျော်ရည်များ ပြုလုပ်စာသောက်ရသည့်အတွက် လူကြိုက်များ ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ် အောက်တိုဘာလ စတုတ္တပတ်အတွင်း မုံရွာမြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီးအလုံးကြီး(၁)လုံးလျှင် (၃၈၀၀)ကျပ်၊ (၃)လုံးလျှင်(၁၁၀၀၀)ကျပ်နှင့်  ပန်းသီးအလုံးသေး (၅)လုံးလျှင် (၆၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ နဂါးမောက်သီး အလုံးသေးတစ်လုံးလျှင် (၅၀၀)ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၇၀၀)ကျပ်နှင့် အလုံးကြီးတစ်လုံးလျှင်(၉၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကယားပြည်နယ်တွင် ဖြစ်ပေါ်နေသော ပန်းဂေါ်ဖီ  ဈေးနှုန်း

    ပန်းဂေါ်ဖီတွင် ကယ်လ်လိုရီပါဝင်မှုနည်းပါးပြီး အမျှင်ဓာတ်ကြွယ်ဝစွာပါရှိခြင်း၊ ဗီတာမင် C၊ ဗီတာမင် K နှင့် အရောင်ကျစေနိုင်သည့် အာနိသင်များပါရှိခြင်း စသည်များကြောင့်  ကျန်းမာရေး အတွက် များစွာအထောက်အကူဖြစ်စေနိုင်ပါသည်။ ပန်းဂေါ်ဖီတွင် အဖြူရောင်နှင့် အစိမ်းရောင်ဟူ၍ နှစ်မျိုးရှိပါသည်။ အိမ်ရှင်မများအနေဖြင့် ပန်းဂေါ်ဖီများကို အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ အခြားဟင်းသီးဟင်းရွက်များနှင့် ရော၍ ကြော်စား၊ ချက်စားကြပါသည်။ မိခင်များအနေဖြင့် ကလေးငယ်များ အဟာရဖြည့်စွက်စာအဖြစ် ပန်းဂေါ်ဖီစိမ်းများကို အသား၊ ငါး၊ ထမင်းများနှင့် ရောပေါင်း၍ ကျွေးကြပါသည်။

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်း (၂၈-၁၀-၂၀၂၅)ရက်နေ့တွင် ဖြစ်ပေါ်နေသော ပန်းဂေါ်ဖီဈေးနှုန်းမှာ ပန်းဂေါ်ဖီ(အဖြူ)တစ်ပွင့်လျှင်(၁၅၀၀/-)ကျပ်မှ(၂၀၀၀/-) ကျပ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပန်းဂေါ်ဖီများကို ရှမ်းပြည်နယ်ဘက်မှ ဝယ်ယူ ရောင်းချကြကြောင်း ကုန်စိမ်းရောင်းချသူ ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

ပန်းဂေါ်ဖီ၊ မုန်လာထုပ်နှင့် မုန်လာဥဖြူဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းရတနာဈေးနှင့်သံလမ်းဈေးရှိ  ဟင်းသီးဟင်းရွက် ဈေးတန်းများ၌ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်နှင့် မုန်လာဥဖြူများလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပန်းဂေါ်ဖီ၊ မုန်လာထုပ်နှင့် မုန်လာဥဖြူများကို အိမ်ရှင်မများက အိမ်သုံးအတွက် ဝယ်ယူကြသလို စားသောက်ဆိုင်များမှလည်း အဓိကဝယ်ယူကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်တွင် ချင်းတွင်းရတနာဈေးနှင့် သံလမ်းဈေးတို့တွင် ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၁၈၀၀ /၃၀၀၀) ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၂၃၀၀/ ၂၈၀၀)ကျပ်၊ မုန်လာဥဖြူမှာ အသေးစည်း (၁၀)ပင်ပါ တစ်စည်းလျှင် (၁၀၀၀) ကျပ်နှင့် အကြီးစည်း (၅)ပင်ပါ တစ်စည်းလျှင် (၁၄၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ဈေးဟောင်းရှိ ဆလပ်ရွက်နှင့် အိုးမုန်ညှင်းရွက်ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်ရှိ ကျေးရွာများတွင်  အသီးအရွက်များကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊  စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပါသည်။  စိုက်ပျိုးရေးသီးနှံများမှ ဆလပ်ရွက်နှင့်အိုးမုန်ညှင်းရွက်ကို ဒေသတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး မုံရွာမြို့၊ ဈေးဟောင်းရှိ  ကုန်စိမ်းစျေးများတွင် ပြန်လည်ရောင်းချကြပါသည်။ ဆလပ်ရွက်နှင့် အိုးမုန်ညှင်းရွက်တို့သည် အသားနှင့်တွဲဖက်၍ဖြစ်စေ၊  ငပိရည်နှင့် တို့စာရာအဖြစ် တွဲဖက်၍လည်း စားသုံးလေ့ရှိပြီး ဟင်းသီးဟင်းရွက်များထဲမှ စျေးကောင်းရရှိသော အသီးအနှံများ ဖြစ်ကြကြောင်း သိရသည်။

       အောက်တိုဘာလ စတုတ္ထပတ်တွင် ဈေးဟောင်းတွင် ဖြစ်ပေါ်နေသော ဆလပ်ရွက်ဈေးနှုန်းမှာ ဆလပ်ရွက်တစ်စည်းလျှင် (၃၀၀)ကျပ်မှ(၄၀၀)ကျပ်၊ အိုးမုန်ညှင်းရွက်ဈေးနှုန်းမှာ အစည်းအကြီးအသေးပေါ်မူတည်၍ တစ်စည်းလျှင် (၃၅၀)ကျပ်မှ (၅၀၀)ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း