ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သဘာဝ သံပုရာဖျော်ရည်

သံပုရာသီးတွင် သံပုရာသီးနှင့် သံပုယိုသီးဟူ၍ နှစ်မျိုးရှိသည်။ သံပုရာပင်၊ သံပုယိုပင်များကို နေရာဒေသမရွေး စိုက်ပျိုးနိုင်ပါသည်။ အိမ်တိုင်း၊ ခြံတိုင်းလိုလိုမှာ တစ်ပင်နှစ်ပင်စိုက်ပျိုးလေ့ရှိ ကြပါသည်။ စီးပွားဖြစ်ဧကများစွာ စိုက်ပျိုးကြသူများလည်း ရှိကြပါသည်။ သံပုရာ၊ သံပုယိုပင်သည် တစ်ခါစိုက်ပြီးလျှင်(၁၀/၁၅) နှစ်အထိခူးယူ၍ရသော နှစ်ရှည်ပင်သီးပင်စားပင်မျိုးဖြစ်ပါသည်။ သံပုရာ၊ သံပုယိုပင်သည် ဈေးကွက်အမြဲရှိသော သီးနှံဖြစ်သည်။ ဈေးကွက်အတွင်း၌ သံပုရာသီးတစ်လုံးလျှင် (၅၀၀)ကျပ်၊ သံပုယိုသီးတစ်လုံးလျှင်(၃၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။ သံပုရာ၊ သံပုယိုသီးကို ရေ၊ သကြား၊ ဆားအနည်းငယ်ထည့်၍ သဘာဝသံပုရာဖျော်ရည်ပြုလုပ်၍ ရောင်းချကြ သလို မိမိတို့ကိုယ်တိုင်ဖျော်၍လည်း သောက်သုံးလို့ရပါသည်။ သဘာဝသံပုရာဖျော်ရည်ကို သောက် သုံးခြင်းဖြင့် မောပန်းနွမ်းနယ်မှုကို ပြေစေပါသည်။ အစာအဆိပ်၊ အရက်အဆိပ်၊ ခေါင်းမူးတို့ကို ပျောက်ကင်းစေပါသည်။ နှလုံးတုန်ခြင်း၊ ရင်ခုန်ခြင်း၊ မူးဝေမောပန်းခြင်းများကို သက်သာပျောက် ကင်းစေပါသည်။ သံပုရာသီးကို ရှူပေးလျှင်လည်း အမူးအမော်ကို ပြေစေပါသည်။ သံပုရာ၊ သံပုယိုသီးကို သံပုရာချဉ်တည်၍လည်းကောင်း၊ သံပုရာသီးသနပ်လုပ်၍လည်းကောင်း စားသုံး ကြသလို ကြာဇံဟင်းခါး၊ မုန့်တီသုပ်၊ မုန့်ဟင်းခါးများတွင်လည်း  သူမပါလျှင်မပြီးဖြစ်ပါသည်။ ယခုဈေးကွက်တွင် နာမည်ကြီးနေသော သံပုရာသီးသုပ်မှာလည်း မြင်ရသူတို့မစားရမနေနိုင်တဲ့စိတ် သားရေတမျှမျှဖြစ်စေပါသည်။ အသင့်သောက်ဖျော်ရည်များ ဘယ်လောက်ပဲထွက်ပေါ်ပါစေ သဘာဝ သံပုရာ ဖျော်ရည်က ယခုထက်တိုင် ဈေးကွက်ရှိဆဲဖြစ်ပါသည်။ သဘာဝသံပုရာဖျော်ရည်တစ်ခွက် လျှင်(၁၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သစ်သီးမျိုးစုံဖျော်ရည်အရောင်းဆိုင်မှ သိရှိရသည်။

DOCA(မန္တလေး)

ဆူးပုတ်ကြီးဈေးကွက်

   မန္တလေးဈေးကွက်အတွင်းသို့ ဆူးပုတ်ကြီးများ မတ်လဆန်းမှစ၍ ဝင်ရောက်လာပြီ ဖြစ်ပါ သည်။ ဆူးပုတ်ကြီးပင်သည် ဆူးပါသော အနံ့ဆူးရှ အပင်မျိုးဖြစ်သည်။ နေရာဒေသမရွေးရှင်သန် ဖြစ်ထွန်းပါသည်။ ယခင်က မိမိအိမ်ခြံစည်းရိုး၊ လယ်ကန်သင်းရိုးများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုး ရာမှ ယခုအခါ ဧကအလိုက် စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ မတ္တရာဒေသတွင် ငါးမွေးမြူရေး ကန်များ၏ ဘေးပတ်ပတ်လည်တွင် စီးပွားဖြစ်စိုက်ပျိုးကြသည်။ ဆောင်းရာသီရောက်လျှင် ဆောင်းရာသီစာများဖြစ်ကြသော မုန်ညင်း၊ ကိုက်လန်၊ ပန်းမုံလာများ ထွက်ပေါ်တက်သလို နွေဦးရာသီရောက်လျှင် နွေဦးရာသီစာ ပဲကြီး၊ မရမ်းသီး၊ ဂွေးတောက်ရွက်၊ ဆူးပုတ်ရွက်၊ ကင်မွန်း ချဉ်ရွက်၊ မန်ကျည်းရွက် စသည်ဖြင့် နွေဦးရာသီစာများ ထွက်ပေါ်လျှက်ရှိပါသည်။ ပဲကြီးဟင်းချို ဆူးပုတ်ရွက်ခက်ပြီး မရမ်းသီးချဉ်ထောင်းက ယခုရာသီအတွက် လိုက်ဖက်ညီသော ထမင်းမြိန် စေသည့် ဟင်းလျာတစ်ခွက်ဖြစ်သည်။ ဆူးပုတ်ရွက်တွင် ဗီတာမင် A၊ B၊ Cနှင့် အမျှဉ်ဓါတ်၊ သံဓါတ်တို့ပါဝင်သည်။ ခန္ဓာကိုယ်တွင်းအောက်စီဂျင်ပြည့်ဝစေဖို့ အထောက်အကူပြုပါသည်။ အစာကြေစေ၍ အူတွေ၏ အဟာရစုတ်ယူနိုင်ဖို့နှင့် လှုပ်ရှားမှုကောင်းစေဖို့ အထောက်အကူပေးနိုင် ပါသည်။ ဆူးပုတ်ရွက်က ကျန်းမာရေးအတွက် အကျိုးပေးပေမယ့်လည်း ဆီးချို၊ သွေးတိုး ရောဂါရှိသူများနှင့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ရောဂါအခံရှိသူများ အလွန်အမင်း စားသုံးခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။ အလွန်အမင်းစားမိက အော့အန်တာ၊ မအီမသာဖြစ်တာ၊ စိတ်ခံမှုမကောင်းမျိုးဖြစ်တက်ပါသည်။ ဆူးပုတ်ကြီးရွက်ကို ဟင်းချိုချက်၍သော်လည်းကောင်း၊ ကန်စွန်းရွက်၊ ဟင်းနုနွယ်ရွက်တို့နှင့် တွဲ၍ ကြော်ချက်၍သော်လည်းကောင်း၊ ကြက်ဥ၊ ဘဲဥနှင့် ကြော်၍သော်လည်းကောင်း ချက်ပြုတ်စားသောက်ကြပါသည်။ ဈေးကွက်အတွင်း၌ ဆူးပုတ်ကြီး တစ်စည်းလျှင်(၅၀၀/၁၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ကုန်စိမ်းဆိုင်မှ သိရှိရသည်။

DOCA(မန္တလေး)

 

ကျန်းမာရေးအတွက် ကန်စွန်းရွက်

   လူတိုင်းလူတိုင်း ကျန်းမာစွာအသက်ရှင်သန်နိုင်ဖို့အတွက် လွန်စွာအရေးကြီးလှပါသည်။ အစာစားတိုင်း ကြေညပ်အောင် ဝါးစားသင့်ပါသည်။ ထို့အတူ ကျန်းမာရေးအတွက် ကန်စွန်းရွက်ကိုနေ့စဉ်စားသုံးသင့်ပါသည်။ အိမ်ရှင်မများ နေစဉ်စားသုံးဟင်းလျာအဖြစ် လွန်စွာအရေးပါသော အသီးအရွက်တစ်မျိုးဖြစ်ပါသည်။ ကန်စွန်းရွက်သည် ဝမ်းဗိုက်ထဲရောက်နေသော ရောဂါဖြစ်မည့် အဆိပ်မျိုးစုံကို ပယ်ဖျောက်ပေးနိုင် ပါသည်။ သွေးကိုသန့်ရှင်းစေပါသည်။ အမျိုးသမီးများ ဓမ္မတာကိစ္စ၊ သွေးဆုံးမီးယပ်ရောဂါမှန်သမျှ ကောင်းအောင်ကုသပေးနိုင်သော သဘာဝသမားတော်ဖြစ်သည်။ အသက်ကြီးလာလျှင် ကုန်ခမ်း သွားသော ရိုးတွင်းမှ  ကယ်စီယမ်ဓါတ်ကို ကန်စွန်းရိုးနီက ပြန်လည်ဖြည့်ပေးနိုင်ပါသည်။ ကန်စွန်း ရွက်ကို ကြော်ချက်၍သော်လည်းကောင်း၊ ချဉ်ရည်ဟင်းချက်၍သော်လည်းကောင်း စားသုံးကြပါ သည်။ ကန်စွန်းရိုးနီကို ထန်းလျက်နှင့်ပြုတ်သောက်လျှင် ဆီးရွှင်ကျန်းမာစေပါသည်။ ကျန်းမာရေး ကောင်းမွန်စေတဲ့ အစားအစာတွေထဲမှာ ကန်စွန်းရွက်လည်းပါပါသည်။ ကန်စွန်းရွက်တွင် ရေဓါတ်၊ အမျှင်ဓါတ်များစွာပါ၍ အစာကြေစနစ်ကို ကောင်းမွန်စေပါသည်။ ဝမ်းချုပ်ခြင်းမှ ပျောက်ကင်းစေပါသည်။ မျက်စိအာရုံကောင်းမွန်စေပြီး နှလုံးကျန်းမာရေးလည်း ကောင်းမွန်စေ ပါသည်။ ကန်စွန်းရွက်သည် ရေထဲ(သို့) စိုစွတ်သောမြေပေါ်တွင် ရှင်သန်ဖြစ်ထွန်းပါသည်။ ကန်စွန်းရိုးကို အဆစ်များမှနေ၍ ဖြတ်တောက်စိုက်ပျိုး၍ရသလို မျိုးစေ့စိုက်၍လည်း စိုက်ပျိုး ကြပါသည်။ ဗမာကန်စွန်း၊ တရုတ်ကန်စွန်းဟူ၍ ရှိပါသည်။ ဗမာကန်စွန်းရွက်သည် အလေ့ကျ ပေါက်ပင်များဖြစ်ပြီး လယ်ကန်သင်းရိုး၊ ချောင်းများ၊ မြောင်းများ စသည်ဖြင့် နေရာစုံပေါက်ရောက် ရှင်သန်ပါသည်။ ဗမာကန်စွန်းရိုးသည် အရိုးနီပြီး အရွက်သေးပါသည်။ တရုတ်ကန်စွန်းသည် အစိမ်းရောင်ရှိပြီး အရိုးပွကာအရွက်ကြီးပါသည်။ ဈေးကွက်အတွင်း၌ ဗမာကန်စွန်းရွက် (၁၀)ကျပ်သားလျှင်(၅၀၀)ကျပ်၊ တရုတ်ကန်စွန်းရွက်တစ်စည်းလျှင်(၂၀၀/၃၀၀)ကျပ်ဖြင့် ရောင်းချ လျှက်ရှိကြောင်း ကုန်စိမ်းဆိုင်မှ သိရှိရသည်။

DOCA(မန္တလေး)

 

ဆေးဖက်ဝင် ရဲယိုပင်

ရဲယိုပင်သည် မြန်မာပြည်အနှံ့ပေါက်ရောက်ပြီး မြစ်ချောင်းအင်းအိုင်များ၊ ကမ်းရိုးတန်းများတွင် သဘာဝအတိုင်း ပေါက်ရောက်သည်ကိုလည်းတွေ့ရှိရပါသည်။ ရှေးယခင်က အိမ်တိုင်းနီးပါးတွင် ရဲယိုပင်ရှိပြီး ရှေးလူကြီးများသည် ရဲယိုသီးနှင့် ရဲယိုရွက်ကို သဘာဝဆေးစာအဖြစ် စားသုံးခဲ့ကြသည်။ ရှေးလူကြီး များသည် ရဲယိုရွက်ကို ငါးဖြင့်ပေါင်း၍ ငါး‌ပေါင်းထုပ်အဖြစ်လည်းကောင်း၊ ပုစွန်ပေါင်းထုပ်လုပ်၍လည်း ကောင်း၊ ရဲယိုရွက်ကို ပြုတ်၍ ငါးပိရည်နှင့်တွဲဖက်၍ တို့စရာအဖြစ်လည်းကောင်း၊ မြန်မာ့ရိုးရာသားရေစာ ဖြစ်သော ဟင်းထုပ်တွင် ရဲယိုရွက်ကို အုပ်၍လည်းကောင်း အမျိုးအမယ်စုံလင်စွာ လုပ်စားကြသည်ကို တွေ့ရပါသည်။

ယခုခေတ်တွင်မူ ရဲယိုပင်၏ ဆေးဖက်ဝင်ပုံကို လူအများ စိတ်ဝင်စားမှုမရှိတော့သည်ကို တွေ့ရပါသည်။ ကမ္ဘာပေါ်ရှိ အပင်များထဲတွင် ရဲယိုပင်သည် ဆေးဖက်ဝင် ဓာတုပစ္စည်းအများဆုံးပါဝင်သည့် အပင်ဖြစ်သည်။ နာနတ်သီးထက် ရှစ်ဆခန့်ပိုများသည်ကိုတွေ့ရပါသည်။ ရဲယိုပင်၊ ရဲယိုသီး၊ ရဲယိုရွက် အစိတ်အပိုင်းအားလုံးသည် လူ၏ခန္ဓာကိုယ်အထွေထွေကျန်းမာရေးအတွက် လွန်စွာအစွမ်းထက်သော၊ အသုံးဝင်သော၊ အကျိုးပြုသော သဘာဝဆေးတစ်ရပ်ဖြစ်ပါသည်။ ရဲယိုရွက်သာမက ရဲယိုသီးကိုလည်း ဆေးအဖြစ်စားသုံးနိုင်ပါသည်။ ရဲယိုသီးနှင့် ရဲယိုရွက်တို့ကို ဆေးဖက်ဝင်သော သဘာဝဆေးအစာအဖြစ် ရှေးယခင်ကတည်းက လူအများ လက်ခံစားသုံးလာခဲ့ကြသည်။ ရဲယိုရွက်တွင် အများဆုံးပါဝင်သော အာဟာရဓာတ်မှာ ရေငွေ့ဓာတ်ဖြစ်ပြီး ကစီဓာတ်မှာ ဒုတိယအများဆုံးဖြစ်သည်။ ရဲယိုရွက်သည် အဆုတ် ကင်ဆာဆဲလ်များကိုသေစေနိုင်ပြီး ခန္ဓာကိုယ်အတွက် မကောင်းသော၊ အကျိုးမပြုသောဆဲလ်များကိုလည်း တိုက်ဖျက်နိုင်ပါသည်။

လေဖြတ်လေငန်းဝေဒနာရှင်များ၊ ဆီးနှင့်ကျောက်ကပ်ရောဂါရှိသူများ၊ အရိုးအဆစ်အားနည်းပြီး ကျီးပေါင်းရောဂါရှိသောဝေဒနာရှင်များသည် ရဲယိုရွက်ကို ငါးခူနှင့်ရောချက်စားပါက သက်သာပျောက်ကင်း စေပါသည်။ ထို့ပြင် ရဲယိုရွက်သည် အူကျရောဂါ၊ လေချုပ်ရောဂါ၊ ဝမ်းဗိုက်နာရောဂါ၊ အာခေါင်ပူလောင် သောရောဂါ၊ သည်းခြေဖောက်ပြန်သောရောဂါနှင့် သွေးတိုးရောဂါတို့ကိုပျောက်ကင်းစေပါသည်။ ကိုယ်ဝန် ဆောင်မိခင်များအတွက် ရဲယိုရွက်ကိုပြုတ်၍ သုပ်စားပါက နို့ရည်ခန်းရောဂါ၊ နို့ချောင်းပိတ်ရောဂါတို့ကို ပျောက်ကင်းစေသည့်အတွက် ရဲယိုရွက်သည် ကိုယ်ဝန်သည်မိခင်များအတွက် သင့်လျော်သော မြန်မာ့ဆေး အစာတစ်မျိုးဖြစ်ပါသည်။ ရဲယိုရွက်သည် အဆစ်နာခြင်း၊ အဆစ်ရောင်ခြင်းတို့ကိုလည်း သက်သာပျောက် ကင်းစေနိုင်ပါသည်။

ချောင်းဆိုးရောဂါနှင့် ပန်းနာရင်ကြပ်ရောဂါရှိသူများအနေဖြင့် ရဲယိုသီးကိုပျားရည်နှင့်‌ ခေါက်၍ စားပေးပါက သက်သာပျောက်ကင်းစေပါသည်။ ထို့ပြင် ဝမ်းဖော၊ ဝမ်းရောင်၊ ရင်ပြည့်ရင်ကယ်၊ အစာမကြေရောဂါများကို သက်သာပျောက်ကင်းစေကာ ရင်ချောင်စေပါသည်။ လေထိုးလေအောင့်နှင့် သွေးတက်ရောဂါရှိသူများအနေဖြင့် ရဲယိုသီးနုနုကိုပြုတ်၍ သုပ်စားပါက သက်သာပျောက်ကင်းစေပါသည်။ ရဲယိုသီးသည် သွားနှင့်သွားဖုံးရောဂါများကိုလည်းသက်သာစေနိုင်ပြီး ရဲယိုသီးမမှည့်တမှည့်တစ်လုံးကို မီးဖုတ်ပြီးဆားနှင့်ရောနယ်စားပါက သွားဖုံးရောင်ခြင်းကိုသက်သာစေနိုင်ပါသည်။ ရဲယိုသီးကို စားသုံးခြင်းဖြင့် သွေးကြောများကိုကျယ်စေပြီး သွေးလည်ပတ်မှုကိုကောင်းစေပါသည်။ ရဲယိုရွက်နှင့် ရဲယိုသီးကို ကျန်းမာရေးအတွက် စားသုံးပေးခြင်းသာမက ရဲယိုသီးကိုလည်း ဖျော်ရည်အဖြစ်လည်း ဆေးဖြစ်ဝါးဖြစ် သောက်သုံးနိုင်ပါသည်။

အချုပ်အားဖြင့် ရဲယိုရွက်နှင့် ရဲယိုသီးတို့သည်ခါး၍ ပူစပ်စပ်အရသာရှိသဖြင့် အဖျားကိုဖယ်ထုတ်ကာ သလိပ်ကိုနိုင်သည်။ သွေးလည်ပတ်မှုကောင်းစေသဖြင့် ခန္ဓာကိုယ်အနှံ့ သွေးကြောများမှတစ်ဆင့် ဦးနှောက်သို့ အောက်ဆီဂျင်ကောင်းစွာရောက်ရှိစေပါသည်။ အဆုတ်ဆဲလ်များကိုကျန်းမာစေသည်။ ထို့ကြောင့် ရဲယိုရွက်နှင့် ရဲယိုသီးကို များများစားသင့်ကြောင်း အကြုံပြုလိုက်ရပါသည်။

DOCA(မန္တလေး)

 

မန္တလေးမြို့ပေါ်ရှိကြက်ဟင်းခါးသီးဈေးကွက်

ကြက်ဟင်းခါးပင်သည် ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး နေရာဒေသမရွေး စိုက်ပျိုးလေ့ရှိကြသည်။ အေးသောတောင်အရပ်ဒေသများတွင် နွေရာသီကိုသာ စိုက်ပျိုးဖြစ်ထွန်း လျက်ရှိပြီး ရေကြိုက်သောအပင်ဖြစ်ကြောင်းသိရှိရပါသည်။  ကြက်ဟင်းခါးပင်သည် နွယ်ပင် ဖြစ်သောကြောင့်  အပွင့်မှာ အဝါရောင်ဖျော့ဖျော့လေး ပွင့်လေ့ရှိ၍  အရွက်မှာ အစိမ်းဝါရောင်ရှိပြီး  အပူပိုင်းဒေသများတွင်အများဆုံးပေါက်ရောက်လျက်ရှိသည်။  ကြက်ဟင်းခါးသီးမျိုးများမှာ အလုံးမျိုး၊ အရှည်မျိုး၊ အပုမျိုးဟူ၍ အမျိုးမျိုးရှိကြောင်းသိရှိရပါသည်။ ကြက်ဟင်းခါးအရိုင်းမျိုးမှာ အ‌လေ့ကျ ပေါက်ရောက်လျက်ရှိကြပြီး အသီးမှာ အလုံးပုံသဏ္ဍာန်သီးလေ့ရှိကြသည်။ ကြက်ဟင်းခါးသီး၏ အရောင်မှာ အစိမ်းရင့်၊ အစိမ်းနုနှင့်အဖြူ အမျိုးမျိုးရှိကြပြီး အသီးမှာ ခါးသောအရသာရှိ၍ ဝါးခြမ်း စင်ထိုး၍ စိုက်ပျိုးလေ့ရှိကြသည်။ ကြက်ဟင်းခါးညွန့်များ စင်ပေါ်ရောက်လျှင် အညွှန်များကို ဖြတ်ပေးခြင်းအားဖြင့် နောက်ထပ်အညွန့်များဖြာထွက်လာပြီး အပွင့်များ အသီးများ ပိုမို၍ ဖြစ်ထွန်း လာကြောင်းသိရှိရပါသည်။ ကြက်ဟင်းခါးရွက်မှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဗီတာ K၊ ဗီတာမင် B6၊ ဗီတာမင် B9၊ ဗီတာမင် B2၊ ဗီတာမင် C နဲ့ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ဖော့စဖရိတ် တို့ပါဝင်ခြင်းကြောင့် ကျန်းမားရေးအတွက် အထောက်အကူပြုသော ဆေးဖက်ဝင်သောအပင်တစ်မျိုးဖြစ်သည်။ ကြက်ဟင်း ခါးရွက်ကို ကြိတ်ခြေပြီး သတ္တုရည်ကို သောက်ခြင်း နှင့် ပြုတ်ရည်ကိုသောက်ခြင်းဖြင့် ဆီချို၊ လိပ်ခေါင်း၊ ဝမ်းပျက်ဝမ်းလျှော၊ ပန်းနာရင်ကျပ်၊ အသည်းရောင်အသားဝါ၊ လည်ချောင်းနာလျင် ကြက်ဟင်းခါး ရွက်နှင့် ပင်စိမ်းရွက်ကို ရေနွေးအပူထဲတွင် ၁၅ မိနစ်လောက်စိမ့်ပြီး ပျားရည်အနည်းငယ်ရော၍ သောက်သုံးခြင်းဖြင့် ပျောက်ကင်းနိုင်ပြီး၊ ရာသီတုတ်ကွေးများဖြစ်ခဲ့လျင် ကြက်ဟင်းခါးရွက်ကို ကြိတ်၍ မျက်လုံးထဲသို့ထည့်ပေးခြင်းဖြင့် ပျောက်ကင်းနိုင်ကြောင်း လေ့လာသိရှိရပါသည်။ ကြက်ဟင်း ခါးသီးတွင် ရေဓာတ်၊ ပရိုတင်း၊ အဆီ၊ ကာဗိုဟိုက်ဒရိတ်၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရိတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ဇင့်နှင့်  ဗီတာမင် C တို့ပါဝင်ကြောင်း လေ့လာ သိရှိရပါသည်။  ကြက်ဟင်းခါးသီးတွင် ခါးဓာတ်ပါဝင်သောကြောင့် သွေးသန့်ခြင်း၊ သွေးတွင်းသကြား ဓာတ်ကိုထိန်းညှိပေးခြင်း၊ လေဖြတ်နိုင်ခြေကို လျော့ချ ပေးခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်သောကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးခြင်း၊ ပိုတက်ဆီယမ် ပါဝင်သောကြောင့် အသက်ရူလမ်းကြောင်းရှိ ချွဲသလိပ်များ ဖယ်ရှားပေးခြင်း၊ အမျှင်ဓာတ်နှင့် ရေဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အစာခြေစနစ်ကောင်းမွန်ခြင်း၊ ဗီတာမင် C နှင့် ဇင့်ဓာတ်များ ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ခံအားကောင်းမွန်ခြင်းနှင့် အသည်းကျန်းမာခြင်းကို အထောက်အကူပြုကြောင်းလေ့လာသိရှိရပါသည်။  ကြက်ဟင်းခါးသီးကို ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်၊ ရောဂါအခံရှိသူများ စားသုံးရန်မသင့်ကြောင်း လေ့လာသိရှိရပါသည်။ ကြက်ဟင်းခါး သီးစားခြင်းဖြင် အကြောတက်ခြင်း၊ သွေးတိုးခြင်းစသော အယူအဆများလဲရှိကြသလို အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကျင်သင့်ကြောင်း လေ့လာသိရှိရပါသည်။  ကြက်ဟင်းခါးသီးသည် ခါးသက်သော အရသာလည်း လူအများစားသုံးသော အရံဟင်းလျာတစ်မျိုးဖြစ်သည်။  ကြက်ဟင်းညွှန့်ကို ပြုတ်၍ အတို့အမြှပ်အဖြစ် စားသောက်လေ့ရှိကြပြီး၊ ကြက်ဟင်းခါးသီးအကင်းများကိုပြုတ်၍ အတို့အမြှပ်ပြု လုပ်ခြင်းနှင့် ပုဇွန်ခြောက်၊ ကြက်ဥ၊ အသားမျိုးစုံနဲ့ကြော်၍ စားသောက်၍ရသလို၊ ကြက်ဟင်းခါးသီးကို ဆီပြန်နှပ်၍စားသုံးလေ့ရှိကြောင်း လေ့လာသိရှိရပါသည်။ မန္တလေးမြို့ပေါ်ရှိ ယခု မတ်လဈေးနှုန်း အနေဖြင့် လက်ကားဈေးနှုန်း(၁ပိဿာ)လျှင် ၄၀၀ဝိ/-၊ လက်လီဈေး(၁ပိဿာ)လျှင်၆၀၀ဝိ/-နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

မန္တလေးမြို့တွင်း ဆန်ဈေးနှုန်းဈေးကွက်

မန္တလေးမြို့တွင်းသို့ စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့် ရေဦးမြို့နယ်များမှ ထွက်ရှိသော ရွှေဘို ပေါ်ဆန်း၊ ဧရာမင်း၊ မဂျမ်းတောနှင့် ပဒေသာဆန်များ ဝင်ရောက်သကဲ့သို့ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ပုသိမ်၊ မြောင်းမြဘက်များမှ ဖန်သီးသုခ၊ ရက် ၉၀၊ မှော်သုခ၊ မှော်ဘီ-၂၊ မှော်ဘီ-၃ ဆန်သစ်များလည်း ဝင်ရောက်လျက်ရှိပါသည်။

          မန္တလေးမြို့တွင်းသို့ ဝင်ရောက်သည့်ဆန်များအနေနှင့် အောက်ပိုင်းမှ ဝင်ရောက်သည့် ဆန် များကိုပြည်သူများအနေနှင့် စားသုံးမှုနည်းပြီး မုန့်လုပ်ငန်းရှင်များအတွက် အသုံးပြုမှုများကြောင်း၊ ဆန်ဈေးနှုန်းဈေးကွက်အနေနှင့် ဖန်သီးသုခ၊ ရက် ၉၀၊ မှော်သုခ၊ မှော်ဘီ-၂၊ မှော်ဘီ-၃ တို့သည် (သစ်) ၂၄ ပြည်တစ်အိတ်လျှင် ၈၀၀၀၀ ကျပ် မှ ၈၅၀၀၀ ကျပ်၊ (ဟောင်း) ၂၄ ပြည်တစ်အိတ်လျှင် ၈၅၀၀၀ ကျပ် မှ ၉၅၀၀၀ ကျပ်ထိရှိပြီး စားသုံးသူများစားသုံးသည့် ရွှေဘိုပေါ်ဆန်း(သစ်) တစ်ပြည်လျှင် ၅၈၀၀ ကျပ်၊ ၂၄ ပြည်တစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်၊ (ဟောင်း) တစ်ပြည်လျှင် ၆၃၀၀ ကျပ်၊ ၂၄ ပြည်တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်မှ ၁၅၀၀၀၀ ကျပ်၊ မဂျမ်းတောဧရာမင်း၊ ဧရာပဒေသာ (သစ်)တစ်ပြည်လျှင် ၅၅၀၀ ကျပ်၊ ၂၄ ပြည်တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်၊ (ဟောင်း) တစ်ပြည်လျှင် ၆၂၀၀ ကျပ်၊  ၂၄ ပြည်တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်တို့နှင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

 

“မန်ကျည်းဈေးကွက်”

မန္တလေးမြို့တွင်းသို့ ကျောက်ပန်းတောင်း၊ ရမည်းသင်းနှင့် မိတ္ထီလာ နယ်ဘက်များမှ ဝင်ရောက်သည့် မန်ကျည်းမှည့်များနှင့် မန္တလေးမြို့တွင်း အနီးတဝိုက်မှ ထွက်ရှိသော အမရပူရ၊ ပုသိမ်ကြီးနှင့် မတ္တရာမြို့နယ်များမှ မန်ကျည်းမှည့်များ ယခုအခါ လှိုင်လှိုင်ထွက်ရှိနေပါသည်။ မန်ကျည်းမှည့်အသစ်များကို မိုးရာသီနှင့် ဆောင်းရာသီတွင် စားသုံးရန်အတွက်ဝယ်ယူထားရှိခြင်း၊ နွေရာသီတွင် မန်ကျည်းမှည့်ဖျော်ရည်အေးအေးလေး သောက်သုံးရန်အတွက် ဝယ်ယူသိုလှောင် ထားရှိကြပါသည်။ မန္တလေးမြို့တွင် ပူပြင်းသည့်နွေရာသီကာလ၌ သစ်ပင်အရိပ်များအောက်တွင် တွန်းလှည်းလေးများဖြင့် ရောင်းချသည့် မန်ကျည်းကျောက်ကျောဖျော်ရည်သည် အလွန် ကောင်းလှ ပါသည်။ ပူပြင်းလှသည့် နွေတွင် ရင်ကိုအေးမြစေပါသည်။ ယခုနှစ် မန်းမြို့အတွင်း ဝင်ရောက် သည့် မန်ကျည်းဈေးကွက်အနေနှင့် (၁)ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ ၁၆၀၀၀ ကျပ်များနှင့် ဈေးကွက်တွင် ရောင်းဝယ်မှုရှိနေပြီး ယခင်နှစ် ယခုလိုကာလတွင် မန်ကျည်းမှည့် (၁)ပိဿာ လျှင် ၈၀၀၀ ကျပ်၊  ၉၀၀၀ ကျပ်ဈေးနှုန်းများနှင့် ဈေးကွက်တွင်း ဖြစ်ပေါ်ခဲ့သည့်အတွက် ယခုနှစ်တွင် (၁)ပိဿာလျှင် ၅၀၀၀ ကျပ်ဝန်းကျင် ဈေးမြင့်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

မရမ်းချိုသီးဈေးကွက်

၁၇.၃.၂၀၂၅       

မန်းသစ်သီးဈေးကွက်အတွင်း မရမ်းသီးမှည့်များ ဝင်ရောက်လျက်ရှိပါသည်။ မရမ်းသီးကို ဒီဇင်ဘာလ တတိယပတ်လောက်မှ စတင်ဝင်ရောက်ခဲ့ပြီး လုံးသေးများကို ရာသီစာအဖြစ် မရမ်းသီးထောင်း၍ ဟင်းအဖြစ်စားသုံးကြပါသည်။ စတင်ဝင်ရောက်ချိန်တွင် မရမ်းသီး ၁၀ ကျပ်သားလျှင် ၁၀၀၀၀ ကျပ်ထိ ဈေးရှိခဲ့ပြီး၊ ဇန်နဝါရီလတွင် ၁၀ ကျပ်သား ၆၀၀၀ ကျပ်ဝန်းကျင် ထိဈေးရှိပြီး၊ ယခု မတ်လတွင် မရမ်းသီးများ ရင့်မှည့်လာပြီး ဈေးနှုန်းလည်းကျဆင်းခဲ့ပါတယ်။ အချို့အိမ်ရှင်မများအနေနှင့် ယခုလိုမရမ်းသီး ၁၀ ကျပ်သား ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်ဝန်းကျင် ဈေးပေါချိန်တွင် မရမ်းသီးများကို ပါးပါးလှီး၍ နေလှမ်းပြီး အခြောက်ထိန်းသိမ်းထားရှိကာ မိုးကာလ ခရမ်းချဉ်သီးရှားပါးသည့်ချိန်တွင် ခရမ်းချဉ်သီးအစား မရမ်းသီးခြောက်နှင့် ဟင်းများချက်ပြုတ် စားသောက်ကြပါသည်။ မရမ်းသီးအမှည့်မှာ ချဉ်ချိုမွှေးအရသာရှိသည့် အတွက် အချဉ်ကြိုက်သူများက မရမ်းသီးမှည့်များကို နှစ်သက်ကြပါသည်။ ယခု လတ်တလော မရမ်းသီးမှည့်ဈေးကွက်အနေနှင့် ၁၀ ကျပ်သားလျှင် ၃၀၀၀-၃၅၀၀ ကျပ်ထိ ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

“အညာဒေသထွက်မုန့်ခေါင်းအုံးစျေးကွက်”

ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အညာဒေသထွက် တစ်ခု ဖြစ်သော မုန့်ပေါင်းအုံးမုန့်များပြုလုပ်ရောင်းချသော မြစ်သားမြို့နယ်၊မှိုင်းအုံကေးရွာသို့သွားရောက် ကွင်းဆင်း လေ့လာခဲ့ပါသည်။ မှိုင်းအုံကျေးရွာတွင် ရွာလုံးကျွတ်နီးပါး မုန့်ခေါင်းအုံးများ ပြုရောင်းချ၍ အသက်မွေးဝမ်းကြောင်းပြုကြကြောင်း၊မုန့်ခေါင်းအုံးပြုလုပ်ရာတွင်ကုန်ကြမ်းဖြစ်သော ကောက်ညှင်း ဆန်ကိုပေါင်းရကြောင်း၊ပေါင်းပြီးသားကောက်ညှင်းဆန်များကို ထုထောင်းပြီးပြားနေအောင်ပြုလုပ်၍ အနေတော်အတုံးဖြစ်‌စေ ၊  အပြားလေးများဖြစ်‌‌စေလှီးဖြတ်၍ အခြောက်ခံရကြောင်း ၊  အခြောက်ခံပြီး

သောကောက်ညှင်းပြားလေးများကို သဲကိုအပူပေးထားသော အိုးခင်းထဲတွင်ထည့်၍လှော်ရကြောင်း၊ လှော်ထားသော ကောက်ညှင်းပြား၊ကောက်ညှင်းချောင်းလေးများကို ထန်းလျက်ကို အနေတော် မပျစ် မကျဲကြို၍ စတီးလင်ပန်းအရှည်ပေါ်တွင် လှော်ထားသော ကောက်ညှင်းပြား ၊ ကောက်ညှင်း ချောင်းလေးများကို ထန်းလျက်ရည်ဖြင့်ရော၍ သမအောင်ယောင်းမနှစ်ချောင်းဖြင့်မွှေပေးရကြောင်း၊ ထန်းလျက်(၁)ပိဿာလျှင်(၆၀၀၀/-) ပေးရကြောင်း၊ ကောက်ညှင်းဆန်(၁)ပြည်လျှင်(၈၀၀၀/-)ကျပ်၊ ကောက်ညှင်းဆန်(၁၀)ပြည်တွင် မုန့်ခြောက်(၁၈-၂၀)ပိဿာအထိထွက်ရှိကြောင်း၊ မုန့်ခြောက်အချိန် (၂၀-၂၅)တွင် ထန်းလျက်(၂၅)ပိဿာခန့် ထည့်ရကြောင်း ၊ စုစုပေါင်း ကုန်ကျစရိတ်(၂၃၀၀၀၀/-) ကျပ် ခန့်ကုန်ကျကြောင်း ၊ အဆင်သင့်စားသုံး၍ရောင်းရသော မုန့်ခေါင်းအုံး လက်လီ (၁)ပိဿာလျှင် (၁၅၀၀၀/-)ကျပ် ရောင်းချရကြောင်း ၊ ဖောက်သည်စျေးအနေဖြင့်(၁)ပိဿာလျှင် (၁၀၀၀၀/)ကျပ်ဖြင့်‌ ရောင်းချရကြောင်း၊ မုန့်ခေါင်းအုံးလုပ်ငန်းကို မိရိုးဖလာ ရှေးယခင် ဘိုးဘွားများလက်ထပ်ကပင် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း ၊ မုန့်ခေါင်းအုံးလုပ်ငန်းကို ပွဲရာသီများဖြစ်သော တန်ဆောင်မုန်းလမှ တပေါင်းလအတွင်း မိသားစုလိုက် မုန့်များဖြိုင်ဖြိုင်ပြုလုပ်၍ ဝါးပိုးခြင်းများတွင်ထည့်၍ ပွဲများသို့ လှည့်လည်ရောင်းချကြကြောင်း၊ ရွှေပွဲလာများမှလည်း ပွဲမှအပြန် အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ယူ သွားကြောင်း၊ ပွဲတိုင်းကြော်မုန့်ခေါင်းအုံးမုန့်မှာ ဝယ်ယူစားသုံးသူများပြားကြောင်း ၊ အညာဒေသထွက် ဖြစ်သော မုန့်ခေါင်းအုံးမှာ ကျန်းမာရေးနှင့် ညီညွတ်ပြီး လူကြီး၊လူငယ်မရွေးကြိုက်နှစ်သက်သော မုန့်ခေါင်းအုံးများကို ဝယ်ယူစားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“ကုန်းကန်စွန်းရွက်စိုက်ပျိုးခြင်းဖြင့်ဝင်ငွေတိုး”

          ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူဦးကြီးများသည် ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးကြပါ သည်။ စပါး၊ပဲ၊ပြောင်း၊ကြက်သွန်သီးနှံအပြင် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊နှမ်း၊နေကြာများကို လည်းစိုက်ပျိုးကြပါသည်။၄င်းသီးနှံများအပြင် စီးပွားဖြစ်ဝင်ငွေတိုးသော ကန်စွန်းရွက်သီးနှံကိုလည်း စိုက်ပျိုးလာကြပါသည်။ကန်စွန်းရွက်စိုက်ပျိုးရာတွင် ပြုပြင်ထား‌သောမြေပေါ်တွင် ဘောင်များပြုလုပ် ၍တိုက်ရိုက်အစေ့ချစနစ်ဖြင့်စိုက်ပျိုးကြောင်း၊စိုက်ပျိုးရန်အတွက် မျိုးစေ့(၈-၁၀)ထုပ်အထိစိုက်ပျိုးရ ကြောင်း၊မျိုးထုပ်စျေးနှုန်းအနေဖြင့် (၁)ထုပ်လျှင်(၂၅၀၀၀/-)ကျပ် ပေးဝယ်ရကြောင်း ၊ မျိုးစေ့ချ စိုက်ပျိုးမှု အစေ့ချမှုအပေါ်မူတည်၍ အထုပ်အနည်းအများကွာကြောင်း၊အစေ့ချနည်းလျှင်(၅-၆)ထုပ် ကုန်ကျကြောင်း၊(၁)ဧကစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်  စုစုပေါင်း(၆၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ စိုက်ပျိုးပြီး(၃-၄)ပတ်သားအရောက်တွင် စတင် ရိတ်သိမ်းပြီးရောင်းချ၍ရကြောင်း၊ကန်စွန်းပင်လက်နှစ်လုံးချန်ရိတ်ပြီး အစည်းလေးများ စည်းပေးရ ကြောင်း၊(၁)ဧကလျှင် (၁၀)စည်းပါ တစ်ထုံးလျှင် အစည်းပေါင်း(၃၀၀၀)ခန့်ရကြောင်း ၊ ကန်စွန်းရွက် (၁၀)စည်းပါ တစ်ထုံးလျှင်(၅၀၀/-)ကျပ်ဖြင့် ဖောက်သည်စျေးရောင်းချပေးပြီး လက်လီစျေးအနေဖြင့် (၁၀)စည်းပါတစ်ထုံးလျှင်(၈၀၀)ကျပ်ဖြင့်ရောင်းချပေးကြောင်း၊ကန်စွန်းပင်များမှာလည်းအတက်များ ထွက်လာပြီး အတက်မွေးကာပြန်လည်ရောင်းချရသဖြင့် အကျိုးအမြတ်ဖြစ်ထွန်းလျှက်ရှိကြောင်း ၊ ကန်စွန်းပင်သည် ရေသွင်း၊ရေထုတ်မှန်မှန်ပြုလုပ်ပါက ပြန်လည်ရှင်သန်စေကြောင်း ၊ ရောင်းဝယ်မှု အနေဖြင့် ကန်စွန်းခင်းထဲအရောက် ကုန်စိမ်းပွဲစားများ လာရောက်ဝယ်ယူကြောင်း၊ပွဲစားများမှတဆင့် အမြို့မြို့အနယ်နယ်ရှိ စျေးများသို့ပြန်လည်ရောင်းချပေးကြောင်း ၊ ကန်စွန်းရွက်သည် စျေးကွက် ဝယ်လိုအားရှိသောအသီးအရွက်တစ်မျိုးဖြစ်ပြီးစားသုံးသူများမှကန်စွန်းပလိန်းကြော်၊ကန်စွန်းရွက်သုပ်၊ မှိုကန်စွန်းစသည်ဖြင့် အမျိုးမျိုး ချက်ပြုတ်စားသောက်ကြပါသည် ။ ကန်စွန်းရွက်စားသုံးခြင်းဖြင့် ကိုယ်လက်စထရောကိုကျစေနိုင်ခြင်း၊ အမျှင်ဓာတ်ပါဝင်ပြီး အစာခြေစနစ်ကိုကောင်းမွန်စေကြောင်း ၊

သံဓာတ်လုံလောက်စွာပါဝင်သောကြောင့် သွေးအားနည်းရောဂါရှိသူများ စားသုံးသင့်ပါကြောင်း ၊ ကန်စွန်းရွက်စိုက်ပျိုးခြင်းဖြင့် စီးပွားလည်းဖြစ်ဝင်ငွေတိုးကြောင်း ၊ ကန်စွန်းစိုက်ပျိုးသောတောင်သူ တစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း