ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်သူများအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးလျှက်ရှိသော ဖီးကြမ်းငှက်ပျော

             မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် မဲဇလီရေလွှဲဆည်ရေဖြင့် စပါး၊ နှမ်း၊ မြေပဲ၊ ပဲထောပတ်၊ ပဲတီစိမ်း၊ စိုက်ပျိုးကြပြီး မုန်းချောင်းဘေးတစ်လျှောက်ရှိ မြေနုကျွန်းနှင့် ကိုင်းမြေများတွင် ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံ နှင့် နှစ်ရှည်သီးနှံများကို စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်ကြကြောင်းသိရသည်။ အချို့သောဒေသခံ တောင်သူများသည် ရေလွှဲဆည်ရေများနှင့် မြေအောက်ရေများကိုအမှီပြု၍ စပါး၊ ကုလားပဲ စိုက်ပျိုးမှုနှင့်အတူ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကိုပါ စီးပွားဖြစ်တွဲဖက်စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ်တွင် ငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကာ ငှက်ပျောအထွက်နှုန်း ကောင်းမွန်လျှက်ရှိကြောင်း သိရှိရပါသည်။

          ပွင့်ဖြူမြို့နယ်ရှိ ဒေသခံအချို့မှာ ဥယျာဉ်ခြံမြေများတွင် ဖီးကြမ်းငှက်ပျော၊ ငှက်ပျောချဉ်၊ သီးမွှေး ငှက်ပျော၊ ရခိုင်ငှက်ပျောတို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ပွင့်ဖြူဒေသတွင် ဖီးကြမ်း ငှက်ပျောကို အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ဖီးကြမ်းငှက်ပျောသည် စားသုံးသူများ အကြိုက်တွေ့ကာ လူမျိုးဘာသာဆင်းရဲချမ်းသာမရွေး ဝယ်ယူစားသုံးနိုင်သည့်အပြင် တစ်နေ့လျှင် ဖီးကြမ်းငှက်ပျောသီး (၃)လုံးစားပေးခြင်းဖြင့် အဆစ်အမြစ်ရောင်ရမ်းခြင်းသက်သာစေပြီး ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသည့်အပြင် ဈေးနှုန်းလည်းသက်သာသည့်အတွက် မကွေးတိုင်း အတွင်းရှိ မြို့ပေါ်နှင့် ကျေးလက်နေ ပြည်သူများမှ ဝယ်ယူစားသုံးမှုများသည့်အတွက် တောင်သူများအတွက် တစ်နှစ်ပတ်လုံး ဝင်ငွေရ၍ စီးပွားရေးအတွက်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုကြောင်းသိရှိရပါသည်။ ငှက်ပျောပင်ကို စတင်စိုက်ပျိုးရာတွင် ပေါင်းမြတ်များရှင်းပြီး မြေတစ်ဧကကို ငှက်ပျောပင်(၃၀၀)လောက် အကွက်ချ၍ စိုက်ပျိုးပြီး (၆)လ/ (၁)နှစ်အကြာတွင် ငှက်ပျောတစ်ဧကလျှင် အပင်(၈၀၀ မှ ၁၀၀၀)ခန့်ထိ ပွားလာကြောင်း သိရှိရပါသည်။ မကွေးတိုင်းဒေသကြီးတွင် မြစ်အနောက် ဘက်ကမ်းဖြစ်သော စကု၊ ပွင့်ဖြူနှင့် စလင်းနယ်မြေတစ်ကြောတွင် ငှက်ပျောစိုက်ဧက (၃၀၀၀)ကျော် ခန့်ရှိကြောင်းသိရှိရပါသည်။ ဈေးကွက်အတွင်း ဖီးကြမ်းငှက်ပျော (အဖီးလှလှ)တစ်ဖီးလျှင် ငွေကျပ် (၁၀၀၀ မှ ၁၂၀၀)နှုန်း၊ ဖီးကြမ်းငှက်ပျော (ပုံမှန်အဖီး)တစ်ဖီးလျှင် ငွေကျပ်(၈၀၀ မှ ၁၀၀၀)နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းနှင့် ပွင့်ဖြူဒေသထွက် ငှက်ပျောသီးများကို မကွေး၊ မင်းဘူးနှင့် အခြားမြို့ကြီးများသို့လည်း တင်ပို့ရောင်းချနေရသည့်အတွက် ပွင့်ဖြူနယ်ရှိတောင်သူများ တစ်ဖက်တစ်လမ်းမှ စားဝတ်နေရေးအတွက် အထောက်အကူပြုလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ဈေးနှုန်းနှင့်ဈေးကွက်ကောင်းမျှော်လင့်နေသော လျှော်ဖြူစေး

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုအတွက် နိုင်ငံတော်၏ သီးနှံကဏ္ဍစိုက်ပျိုး ထုတ်လုပ်တင်ပို့မှုတိုးတက်ရေး၊ သီးနှံထွက်ကုန်များ ပြည်တွင်းစားသုံးမှုဖူလုံရေးအပြင် ပြည်ပပို့ကုန် မြှင့်တင်၍ နိုင်ငံခြားဝင်ငွေတိုးတက်ရှာဖွေနိုင်ရေးတို့အတွက် ပြည်ပပို့ကုန်အလားအလာရှိသော သီးနှံများ ရှာဖွေဖော်ထုတ်ပြီး စိုက်ပျိုးထွက်ရှိမှု၊ ဈေးနှုန်းဈေးကွက်အခြေအနေများကို လေ့လာသုံးသပ်တင်ပြလျှက် ရှိပါသည်။ ပြည်ပပို့ကုန်အလားအလာရှိသည့် လျှော်ဖြူစိုက်ပျိုးသည့်တောင်သူများ၊ အသင်းအဖွဲ့များ၊ အစုအဖွဲ့များအနေဖြင့် ရေရှည်ဈေးကွက်ခိုင်မာရေး၊ အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီသော လျှော်ဖြူစေး ထွက်ရှိရေးနှင့် ဈေးနှုန်း၊ ဈေးကွက်အခိုင်အမာရရှိရန် ရည်ရွယ်လျှက် အထက်ဌာန၏ လမ်းညွှန်မှုဖြင့် (၁၂.၆.၂၀၁၈)ရက်နေ့တွင် ရွှေဘိုမြို့ “ရွှေဖြူ”မင်္ဂလာခန်းမ၌ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးမှကြီးမှူး၍ မြန်မာနိုင်ငံ လျှော်ဖြူအသင်း၏ဦးဆောင်မှုဖြင့် ရွှေဘိုခရိုင် လျှော်ဖြူစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဖွဲ့စည်းခြင်း အခမ်းအနားကို ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်၊ ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဒီပဲယင်းမြို့နယ်များနှင့် ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်ရှိ လျှော်ဖြူ(ခ)ဆေးကုလားမ စိုက်ပျိုးသော တောင်သူ၊ လုပ်ငန်းရှင်များ၊ တင်ပို့ရောင်းချသူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၁၃၅)ဦးတက်ရောက်ခဲ့ပြီး ရွှေဘိုခရိုင် လျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကို အလုပ်အမှုဆောင်(၂၁)ဦးဖြင့် ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ရွှေဘိုခရိုင်အနေဖြင့် ယနေ့အထိ လျှော်ဖြူ အစုအဖွဲ့ (၁၄)ဖွဲ့နှင့် အသင်း(၁)သင်း ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်။  

        ၂၀၁၉ခုနှစ်တွင် နိုင်ငံတော်မှ လျှော်ဖြူ(ခ)ဆေးကုလားမကို TRAGACANTH GUM HERB အမည်ဖြင့်  တရုတ်(တိုင်ပေ)သို့ တရားဝင်လမ်းကြောင်းဖြင့် စတင်တင်ပို့ခွင့်ပြုခဲ့ပြီး လျှော်ဖြူစိုက်တောင်သူများ၊ အသင်း အဖွဲ့၊ အစုအဖွဲ့များအနေဖြင့် ရေရှည်စျေးကွက်ခိုင်မာရေး၊ အရည်အသွေး စံချိန်စံညွှန်းပြည့်မှီသော လျှော်ဖြူ အစေးထွက်ရှိရေး အလေးထားဆောင်ရွက်သွားရန် လိုအပ်သဖြင့် ကုန်ကြမ်းလိုအပ်ချက်နှင့် ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှု၊ သုံးစွဲမှု၊ တင်ပို့မှု၊ စျေးနှုန်းစျေးကွက်အခြေအနေ၊ စျေးကွက်အလားအလာများ သုံးသပ် တင်ပြနိုင်ရန်အတွက် စိုက်ဧက၊ အထွက်နှုန်း၊ သုံးစွဲမှု၊ ပိုလျှံမှုစသည့် အခြေခံစာရင်းများပြုစုထားရှိနိုင်ရေး အတွက် မြို့နယ်အလိုက် လျှော်ဖြူ(ခ)ဆေးကုလားမပင်စိုက်ဧက Updateစာရင်းကို ကွင်းဆင်၍ လည်းကောင်း၊ သက်ဆိုင်ရာအသင်းအဖွဲ့၊ အစုအဖွဲ့များဖြင့် ပေါင်းစပ်ညှိနှိုင်း၍လည်းကောင်း  စာရင်း ကောက်ယူပြုစု၍တင်ပြခဲ့ပါသည်။ ၎င်းအပြင် ပြည်ပဈေးကွက်ဝင်နှစ်ရှည်ပင်ဖြစ်သည့် လျှော်ဖြူ(ခ) ဆေးကုလားမပင်၏ စိုက်ပျိုးထုတ်လုပ်မှု၊ သုံးစွဲမှု၊ တင်ပို့မှု၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို ၂၀၁၉ခုနှစ်တွင် Market Surveyပြုလုပ်၍ အစီရင်ခံစာများတင်ပြခဲ့ပါသည်။

     ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၁-၂၀၂၂ခုနှစ် ဧပြီလကုန်အထိ ရွှေဘိုမြို့နယ်တွင်(၉၈)ဧက၊ ဝက်လက် မြို့နယ်တွင် (၁၂၅၀)ဧက၊ ခင်ဦးမြို့နယ်တွင်(၇၉၄)ဧက၊ ရေဦးမြို့နယ်တွင်(၂၇)ဧက၊ တန့်ဆည်မြို့နယ်တွင် (၃၅၄)ဧက ဒီပဲယင်းမြို့နယ်တွင်(၂၂၁)ဧကနှင့် ကျောက်မြောင်းမြို့တွင်(၁၀၄၀)ဧက၊ စုစုပေါင်း(၃၇၈၄)ဧက စိုက်ပျိုး ထားရှိပြီးဖြစ်ပါသည်။ ၎င်းစိုက်ပျိုးထားသော လျှော်ဖြူစိုက်ဧကများအနက် အစေးထုတ်နိုင်သည့် ဧကမှာ ရွှေဘိုမြို့နယ်တွင်(၂၇)ဧက၊ ဝက်လက်မြို့နယ်တွင်(၁၂၅)ဧက၊ ခင်ဦးမြို့နယ်တွင်(၄၃၆)ဧက၊ တန့်ဆည်မြို့နယ်တွင်(၁၅၃)ဧက၊ ဒီပဲယင်းမြို့နယ်တွင်(၁၅)ဧကနှင့် ကျောက်မြောင်းမြို့တွင်(၃၀၅)ဧက၊ စုစုပေါင်း (၁၀၆၁)ဧကဖြစ်ပြီး တစ်ဧကအထွက်နှုန်း(၂၃၂၅.၃၁)ပိဿာခန့်ရှိသဖြင့် (၂၄၆၇၁၅၀)ပိဿာ ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။

        လျှော်ဖြူစေးထုတ်လုပ်ရောင်းချမှုနှင့်ပတ်သက်၍ ရွှေဘိုခရိုင် လျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းအလုပ်အမှုဆောင်အဖွဲ့ ဒု-ဥက္ကဌ(၂)ထံ ချိတ်ဆက်မေးမြန်းရာ ၂၀၁၉ခုနှစ်တွင် မန္တလေးဈေးကွက်၌ ရေခဲသားအပွင့်အကြွထိပ်စ တစ်ပိဿာလျှင် (၂၈၀၀ဝိ/-)ဈေးဖြင့်ရောင်ချရပြီး ၂၀၂၂ခုနှစ်၌ ယခင်လများတွင် မန္တလေးဈေးကွက်၌ ထိပ်စတစ်ပိဿာလျှင် (၈၀၀ဝိ/-)မှ (၅၀၀ဝိ/-)၊ (၃၀၀ဝိ/-)၊ (၂၀၀ဝိ/-)ဈေးနှုန်းဖြင့် အရည်အသွေးအမျိုးအစားလိုက် ရောင်းချရသဖြင့် တွက်ခြေမကိုက် ကြောင်း၊ မန္တလေးရှိကုန်သည်များမှ ဇွန်လကုန်ခါနီးတွင် နယ်အရောက်ဆင်းဝယ်ခြင်းမဟုတ်ဘဲ မန္တလေး ဈေးကွက်၌ ထိပ်စတစ်ပိဿာလျှင် (၈၀၀ဝိ/-)ဖြင့် ဝယ်ယူမည်ဟုသိရှိရကြောင်း၊ ယခုအချိန်တွင် လျှော်ဖြူ စိုက်ပျိုးသူများအနေဖြင့် ကုန်ကျစရိတ်နှင့် ရောင်းချရသည့်ဈေးနှုန်း တွက်ခြေမကိုက်၍ အစေးမထုတ်ကြ သေးကြောင်း၊ အပင်များတုတ်ပြီး အစေးခြစ်သည့် ဒဏ်ရာ(မန်း)တက်အောင် ပြုစုလျက်ရှိကြောင်း၊ ဈေးနှုန်းနှင့် ဈေးကွက်ကောင်းမည်ဆိုပါက (၁၀)ရက်ခန့်ကြိုတင်ပြင်ဆင်ပြီး အစေးထုတ်၍ရကြောင်း၊ လျှော်ဖြူအစေးသည် နေရောင်တိုက်ရိုက်ထိတွေ့ခြင်းကို မကြိုက်၍  နေတစ်ဆင့်ခံအလင်းရောင်ရသည့် နေရာတွင် ပန်ကာဖြင့်အခြောက်ခံပါက အစေးအရည်အသွေးကောင်းပြီး အရောင်တော်တော်နှင့် မပျက် ကြောင်း၊ အစေးထုတ်ပြီး(၃)ရက်မှ (၁၅)ရက်အတွင်း ဈေးကွက်သို့ရောင်းချ၍ရကြောင်း၊  လျှော်ဖြူပင်သည် စိုက်ပျိုးပြီး(၃)နှစ်သားအရွယ်တွင်  အစေးခြစ်ရန်အကောင်းဆုံးဖြစ်သော်လည်း မြေ၊ စိုက်ပျိုးသည့်စနစ်၊ ပျိုးပင်နှင့် အပင်ပြုစုပုံပေါ်မူတည်၍ တစ်နှစ်ခွဲအရွယ်ဖြင့် အစေးထုတ်၍ရကြောင်း၊ မိမိအနေဖြင့် ဧက(၂၀)စိုက်ပျိုးထားပြီး ကုန်သည်များမှ လျှော်ဖြူစေးဝယ်ယူလိုကြောင်း ချိတ်ဆက်လာပါက နည်းစနစ် ပိုင်း၊ ပစ္စည်းအရည်အသွေးပိုင်း၊ တစ်ရက်ထွက်ရှိမည့်ပိဿာများကို ရွှေဘိုနယ်အနီးရှိ ဧက(၂၀၀)ခန့်အား တာဝန်ယူ ဆောင်ရွက်ပေး၍ရကြောင်းနှင့် ယခုအချိန်တွင်လျှော်ဖြူစိုက်ပျိုးသူများအနေဖြင့် လျှော်ဖြူစေး အချိန်မရွေးထုတ်၍ရစေရန် ပြုစုခြင်းများဆောင်ရွက်လျှက်ရှိသဖြင့် ဈေးနှုန်းနှင့်ဈေးကွက်ကောင်းမျှော်လင့်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA  ( စစ်ကိုင်း )

 

လူကြိုက်များသည့် ရွှေလံဗိုလ်ငရုတ် စိုက်ပျိုးခြင်းမှ မိသားစုပုံမှန်ဝင်ငွေရရှိ

                  စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ရွှေလံဗိုလ်ငရုတ်သီး ( ဒေသအခေါ်  ) စိုက်ပျိုးခြင်းကို မိသားစုတနိုင်တပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြကြောင်းသိရသည်။

                 ရွှေလံဗိုလ် ငရုတ်စိုက်ခင်း စိုက်ပျိုးသူ တောင်သူဦးကျော်သန်းမှ ငရုတ်သီးများကို  တစ်ပတ်လျှင် နှစ်ကြိမ်ကျ ဆွတ်ခူးရောင်းချရပါကြောင်း၊ ထိုသို့ဆွတ်ခူးရောင်းချရာ ယခင်နှစ်များက တစ်ကီလိုလျှင် ( ၆၀၀၀ ) ကျပ် ရရှိပြီး ယခုကာလတွင်  တစ်ကီလိုလျှင် ( ၃၀၀၀ ) ကျပ်  ခန့်သာ    ပေါက်စျေးများ ရရှိပါကြောင်း ပြောကြားခဲ့ပါသည်။

                ယခုနှစ် ဧပြီလနှင့် မေလပိုင်းတွင် တစ်ကီလိုကို ( ၆၀၀၀ ) ကျပ် မှ  ( ၆၅၀၀ ) ကျပ် ထိ  ပေါက်ဈေးများဖြင့် ရောင်းချရပါကြောင်း၊ ဇွန်လတွင် ထက်ဝက်ခန့် ဈေးနှုန်းကျဆင်းသွားကာ တစ်ကီလိုလျှင် ( ၃၀၀၀ ) ကျပ်ခန့်သာ ပေါက်ဈေးနှုန်းများဖြင့် ရောင်းချရပါကြောင်း ငရုတ်စိုက်ပျိုး တောင်သူ ဦးကျော်သန်းကပြောပါသည်။

             ရွှေလံဗိုလ် ငရုတ်သီးများကို အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့သို့ အဓိက တင်ပို့ရောင်းချနေရပြီး ဒေသအတွင်း စားသုံးသူများမှလည်း အခြားငရုတ်မျိုးများထက် ရွှေလှံဗိုလ်ငရုတ်ကို လူကြိုက်များသဖြင့် ရွှေလံဗိုလ်ငရုတ်များကို ပိုမိုစိုက်ပျိုးလာကြပြီး စျေးနှုန်းပိုမိုရရှိသည့်အတွက် စိုက်ပျိုးရေး တောင်သူများအနေဖြင့် အကျိုးအမြတ် ပိုမိုရရှိကာ မိသားစုအပိုဝင်ငွေရရှိသည့်အတွက် တောင်သူများအနေဖြင့် ပိုမိုစိုက်ပျိုးကြသည် ဖြစ်ပါကြောင်း တောင်သူ ဦးကျော်သန်းထံမှ မေးမြန်းသိရှိရပါသည်။

DOCA  ( စစ်ကိုင်း )

 

တမူးခရိုင်၊ ခမ်းပတ်မြို့ရှိ နာနတ်သီးများ နှစ်စဉ် ဈေးကောင်းရရှိလျက်ရှိ

              စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် စိုက်ပျိုးသော နာနတ်သီးများ နှစ်စဉ် အခြားမြို့များသို့ တင်ပို့ကာ ဈေးကွက်အတွင်း ဈေးကောင်းရရှိကာ နာနတ်သီးစိုက်ခင်း ပိုင်ရှင်များအနေဖြင့် မိသားစု အပိုဝင်ငွေများ ရရှိနေကြောင်း သိရသည်။

              နာနတ်သီးများကို ခမ်းပတ်မြို့၏ အမှတ် ( ၁ ) ရပ်ကွက်၊ အမှတ် ( ၄ ) ရပ်ကွက်နှင့် ဘုတ်ကန်ကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးကြပြီး နာနတ်သီးတစ်လုံးကို ငါးရာကျပ်နှုန်းဖြင့် ကလေးမြို့၊ တမူးမြို့ ၊မြို့သစ်မြို့များအထိ ပို့ဆောင်ပေးနေရသည်။

          ယခုနှစ်သည် ယခင်နှစ်များထက် ရာသီဥတုပိုမိုကောင်းမွန်၍ အလုံးပိုလှပါကြောင်း၊ ရောင်းဈေးအနေဖြင့်လည်း ယခင်နှစ်များထက် ဈေးနှုန်းပိုမိုရရှိပါကြောင်း၊ ယခင်နှစ်များက နာနတ်သီး တစ်လုံးလျင် သုံးရာကျပ် ဈေးနှုန်းသာရရှိခဲ့ပြီး  ယခုနှစ်တွင် နာနတ်သီးတစ်လုံးလျင်  ငါးရာကျပ် ပေါက်ဈေးနှုန်းများဖြင့် ရောင်းချရသည့်အတွက် မိသားစုအပိုဝင်ငွေ  ပိုမိုရရှိပါကြောင်း ဘုတ်ကန်ကျေးရွာနေ နာနတ်သီးစိုက် တောင်သူတစ်ဦးထံမှ မေးမြန်းသိရှိရပါသည်။

              ဘုတ်ကန်မှ ထွက်ရှိသည့် နာနတ်သီးများ ကလေးမြို့နှင့် တမူးမြို့တို့တွင် နာနတ်သီးတစ်လုံးကို တစ်ထောင်ကျပ် ဈေးနှုန်းဖြင့် လက်လီပြန်လည်ရောင်းချလျက်ရှိပါကြောင်း သိရသည်။   

DOCA  ( စစ်ကိုင်း )

 ကသာမြို့တွင် ကြက်သွန်နီဈေးနှုန်း တည်ငြိမ်လျက်ရှိ

           ကသာခရိုင်အတွင်းသို့ ယခုတစ်ပတ်အတွင်း ကြက်သွန်နီဝင်ရောက်မှုအနေဖြင့် မန္တလေး၊ မုံရွာ ဘက်မှ (၃၅)ပိဿာပါ အိတ် (၁၀၀)ခန့်နှင့် ခင်ဦး၊ ရေဦးဘက်မှ (၃၅)ပိဿာပါ အိတ် (၁၀၀)ခန့် ဝင်ရောက်လျက်ရှိကြောင်း ကြက်သွန်နီရောင်းချသူကုန်သည်များထံမှ သိရှိရသည်။

          ယခုတစ်ပတ် ကသာမြို့အတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းမှာ လက်ကား တစ်ပိဿာလျှင် အကြီး၊အလတ်၊ အသေးပေါ်မူတည်၍ (၂၀၀၀၊ ၁၇၀၀၊ ၁၅၀၀)ကျပ်ခန့်ရှိပြီး လက်လီ တစ်ပိဿာလျှင် အကြီး (၂၃၀၀) ကျပ် ၊အလတ်( ၂၀၀၀)နှင့် ၊ အသေး (၁၇၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကာ ယခင်အပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကြက်သွန်နီဈေးနှုန်းမှာ ပြောင်းလဲမှု မရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA  ( စစ်ကိုင်း )

 

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

           ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇွန်လ နောက်ဆုံးပတ်တွင် စပါး ဈေးနှုန်း အနည်းငယ်မြင့်တက်၍ ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ စတုတ္ထပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၅၀၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၈၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၇၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၁၃၀၀၀၊ တန်အားဖြင့် ၅၆၅၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက် မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၇၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၉၀၀၀၊ နေပြည်တော်သို့ အိတ်ရေ၉၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၆၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၆၅၀၀၊ပခုက္ကူသို့ အိတ်ရေ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၀၉၀၀၀ ၊ တန်အားဖြင့် ၅၄၅၀တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၄၀၀၀၊ တန်အားဖြင့် ၂၀၀တန် လျော့၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဇွန်လ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၁၆၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၅၅၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင်ကျပ်၁၀၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၄၀၀၀၊ ၂၀၂၁-၂၀၂၂ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်းစပါး တင်း၁၀၀လျှင် ကျပ် ၆၅၀၀၀၀၊ ‌ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၂၉၀၀၀၊ ၇၄၇စပါး တင်း ၁၀၀လျှင် ကျပ် ၇၅၀၀၀၀၊ ၇၄၇ ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၂၉၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA  ( စစ်ကိုင်း )

 

ဈေးကွက်တည်ငြိမ် ကြက်/ဘဲဈေးဒိုင်ဈေးကွက်

             ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှ စားသုံးသူပြည်သူများ လွယ်ကူစွာဝယ်ယူစားသုံးနိုင်ရန်အတွက် ပြည်နယ်နှင့် တိုင်းများသို့ ကြက်/ ဘဲများကို နေ့စဉ် လက်လီ/လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်ရုံးမှ ဝန်ထမ်းများသည် ၂၇.၆.၂၀၂၂ ရက်နေ့ တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲ‌ဈေးဒိုင်သို့သွားရောက်၍ ဈေးကွက်/ဈေးနှုန်းစုံစမ်းခြင်းများပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအပြင် ဧရာဝတီတိုင်းဒေသကြီးမှလည်း ကောင်း၊ အခြားတိုင်းနှင့် ပြည်နယ်များမှလည်းကောင်း၊ ရန်ကုန်ကြက်/ဘဲဈေးဒိုင်သို့ အဆက်မပြတ်ဝင် ရောက်နေခြင်းကြောင့် ယခင်လများနည်းတူ ဈေးနှုန်းများတည်ငြိမ်လျက်ရှိပါသည်။

          ထိုသို့ ပြန်လည်ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများမှာ အိမ်မွေးကြက် ၁ ပိဿာလျှင် (၉၅၀ဝိ-၁၀၀၀ဝိ) ကျပ်၊ အသားတိုးကြက် ၁ ပိဿာလျှင် (၄၈၀ဝိ-၄၉၀ဝိ) ကျပ်၊ မွေးမြူရေးကြက် (အထီး/အမ) ၁ ပိဿာလျှင် (၄၂၀ဝိ-၄၈၀ဝိ) ကျပ်၊ ဘဲ ၁ ပိဿာလျှင် (၄၀၀ဝိ-၅၅၀ဝိ) ကျပ်တို့ဖြင့် အသီးသီးရောင်းချလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

            ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဇွန်လ (၂၁) ရက်နေ့မှ ဇွန်လ (၂၇) ရက်နေ့ အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ သဲတော၊ တပ်ကုန်း၊ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၁၇၀၀၊ အလုံးလတ် ကျပ် ၁၂၀၀၊ အလုံးသေး ကျပ် ၈၀၀ ၊ မော်လမြိုင်၊ ဘီးလင်းမှ ကျွဲကောသီး အလုံးကြီး ကျပ် ၂၅၀၀ မှ ၂၀၀၀၊ အလုံးလတ် ကျပ် ၁၅၀၀ မှ ၁၂၀၀၊ အလုံး သေး ကျပ် ၁၀၀၀ မှ ၈၀၀၊၅၀၀၊ ပြင်ဦးလွင် မှ နဂါးမောက်သီး(အနီ) ဂျပ်ဖာ အလုံးကြီး ၁၆ လုံးပါ ကျပ် ၁၂၀၀၀၊ အလုံးလတ် ၁၈ လုံးပါ ကျပ် ၁၀၀၀၀၊ အလုံးသေး ၂၄ လုံးပါ ကျပ် ၈၀၀၀ ၊၃၂ လုံးပါ ကျပ် ၆၀၀၀၊ ရေး မှ ဒူးရင်းသီး အလုံးကြီးတစ်လုံး  ကျပ် ၇၀၀၀ ၊ အလုံးလတ် ကျပ် ၅၀၀၀ ၊ အလုံး သေး ကျပ် ၃၀၀၀ မှ ၂၀၀၀ ၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၇၀၀၊ အလုံးလတ် ကျပ် ၆၀၀ ၊ အလုံးသေး ကျပ် ၅၀၀ မှ ၄၀၀၊ မှော်ဘီ၊ တိုက်ကြီး၊ ပုပ္ပါး မှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀ ၊ အလုံးသေး ကျပ် ၃၀၀ မှ ၂၀၀၊ မန္တလေး၊ ကသာ၊ ရတနာပုံ မှ သရက်သီး (ရင်ကွဲ) အလုံးကြီး သေတ္တာ အလုံးကြီး ၉၀ လုံးပါ ကျပ် ၁၄၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၁၂၀ ပါကျပ် ၁၁၀၀၀၊ အလုံးသေး သေတ္တာ အလုံး ၁၄၀ ပါ ကျပ် ၈၀၀၀၊ မန္တလေး၊ ရတနာပုံ မှ သရက် သီး (မချစ်စု) အလုံးကြီး သေတ္တာ အလုံး ၆၅ လုံးပါ ကျပ် ၁၆၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၈၀ ပါကျပ် ၁၃၀၀၀၊ ရပ်စောက် မှ သရက်သီး(စိန်တလုံး) ခြင်းကြီးတစ်ခြင်း  ၃၅ လုံးပါ ကျပ် ၁၅၀၀၀၊ အလုံးလတ် ၄၅ လုံးပါ ကျပ် ၁၂၀၀၀၊ အလုံးသေး ၆၀ လုံးပါ ကျပ် ၁၀၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်း ချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

            အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇွန်လ (၂၄)ရက်နေ့မှ ဇွန်လ (၃၀)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၁၂၀၀ မှ ၁၆၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၄၀၀ မှ ၆၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၄၀၀ မှ ၆၀၀ အတွင်း၊ ရွှေဖရုံသီး(လုံး)ကျပ် ၁၅၀၀ မှ ၂၀၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၅၀၀ မှ ၁၀၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၂၀၀ မှ ၁၅၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၂၀၀ မှ ၁၉၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ) ၂၁၀၀ မှ ၃၆၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၂၅၀၀ မှ ၃၅၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၈၀၀ မှ ၁၀၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၁၀၀ မှ ၁၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၅၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး(ရှည်)(ပိဿာ)ကျပ် ၁၂၀၀ မှ ၁၇၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၂၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ) ၁၂၀၀ မှ ၂၀၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၂၅၀၀ မှ ၃၅၀၀ အတွင်း ဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၁၂၆၇၀၀)ကျော်၊ ခရမ်းသီး(ရှည်)(ပိဿာ)(၆၆၁၀)ကျော်၊ ဗူးသီးအလုံးပေါင်း (၁၂၉၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၇၄၇၅)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၂၇၇၀၀)ကျော်၊ ပန်းဂေါ်ဖီ ထုပ်ပေါင်း (၂၄၁၅၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၄၄၂၅)ကျော်၊ ဖရဲသီးလုံး ပေါင်း (၆၀၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

 

တနင်္သာရီတိုင်းဒေသကြီး ပုဇွန်ခြောက်စျေးအတက်/အကျ

             မြန်မာဟင်းလျာများချက်ရာတွင် အသုံးတည့်လှသောအိမ်ရှင်မများအကြိုက် ပုဇွန်ခြောက်များကို ထားဝယ်၊မြိတ်၊ပုလောမြို့တို့တွင် အများအပြားထွက်ရှိပါသည်။ ပုဇွန်ခြောက်ပြုလုပ်ပုံ အမျိုးအစား အကြမ်းဖျင်း(၂)မျိုးရှိပါသည်။ ပထမတစ်မျိုးမှာ ပုဇွန်ကိုပြုတ်၍ နေပူလှန်းအခြောက်ခံပြီး  ဒုတိယတစ်မျိုးမှာ ပုဇွန်ကိုပြုတ်၍ ပုဇွန်ကင်သည့်စင်(ဖို)ပေါ်တင်ပြီး မီးအပူငွေ့ရိုက်ကာ အခြောက်ခံပြုလုပ်ရပါသည်။

              နွေဦးကာလဆိုလျှင်ပုဇွန်ခြောက်စျေးနှုန်းက ပုံမှန်စျေးပေး၍ဝယ်ယူရပြီး မိုးတွင်းကာလ ဆိုလျှင် ပုဇွန်လှန်းရန် ခက်ခဲသောကြောင့် စျေးပိုပေး၍ ဝယ်ယူရကြောင်းစုံစမ်း သိရှိရပါသည်။ လတ်တလော ထားဝယ်မြို့တွင်ဖြစ်ပေါ်နေသော စျေးနှုန်းမှာ ရေချို(ရှယ်) တစ်ပိဿာလျှင် ၄၂၀၀၀ ကျပ်၊ ရေချို(အလတ်စား) တစ်ပိဿာလျှင် ၃၇၀၀၀ကျပ်၊ ရိုးရိုးပုံမှန် တစ်ပိဿာလျှင် (၃၃ဝဝဝ-၃၂ဝဝဝ)နှုန်းရှိ၍ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း