ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကွက်အတွင်း၌ ကြက်သွန်နီဈေးနှုန်းမြှင့်တက်လျှက်ရှိ

    ကယားပြည်နယ်တွင်အခြေခံစားသုံးကုန်စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီကို ပြည်နယ်အတွင်းစားသုံးမှုလိုအပ်ချက်အရ မိထ္ထီလာ၊ မန္တလေးတိုင်း၊ မြစ်သားတို့မှ အများဆုံး တင်သွင်းကြပြီး ယခုနိုဝင်ဘာလအတွင်း၌ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းမှာ ကြက်သွန်နီအလုံးကြီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်နှုန်းဖြင့် အလုံးအလတ်တစ်ပိဿာလျှင် (၃၆၀၀) ကျပ်၊အလုံးသေးတစ်ပိဿာလျှင် (၃၂၀၀)ကျပ်ခန့်အထိမြှင့်တက်လာခဲ့ပြီး ယခင် အောက်တိုဘာလအတွင်း ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းမှာအလုံးကြီး တစ်ပိဿာလျှင် ( ၃၅၀၀)ကျပ်နှုန်းဖြင့် အလုံးအလတ်တစ်ပိဿာလျှင်(၃၀၀၀)ကျပ် ၊ အလုံးသေး တစ်ပိဿာလျှင် (၂၅၀၀) ကျပ်သာရှိခဲ့ပြီး ယခင်အောက်တိုဘာလနှင့်ယခုနိုဝင်ဘာလနှိုင်းယှဉ် လျှင်ကြက်သွန်နီအလုံးကြီးတစ်ပိဿာလျှင်(၅၀၀)ကျပ်နှုန်းဖြင့်ကြက်သွန်နီ အလုံးအလတ် တစ်ပိဿာလျှင်(၆၀၀)ကျပ်၊အလုံးသေးတစ်ပိဿာလျှင်(၇၀၀)ကျပ်ခန့်အထိမြှင့်တက်လာခဲ့ကြောင်း ဈေးနှုန်းမြှင့်တက်လာရခြင်းမှာဓာတ်မြေဩဇာဈေးနှုန်းမှာမြှင့်တက်လာခြင်း၊စက်သုံးဆီ ဈေးနှုန်းမြှင့်တက်လာ၍ သယ်ယူစရိတ်မြှင့်မားလာခြင်းကြောင်းဖြစ်သည့်ဟု ကြက်သွန်နီရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

ဆိတ်မွေးမြူရေးလုပ်ငန်းအကြောင်း

        ဆိတ်မွေးမြူခြင်းလုပ်ငန်း၏ တွက်ချေကိုက်မှုကို သိရှိနိုင်စေရန် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ဆိတ်မွေးမြူသူနှင့်တွေ့ဆုံဆွေးနွေးခဲ့ရာ ဆိတ်မွေးမြူသူအနေဖြင့် လွန်ခဲ့သော(၅)နှစ်ခန့်မှစ၍ ဆိတ်(၃) ကောင် စတင်မွေးမြူခဲ့ရာ ယခုအချိန်တွင်ဆိတ်ကောင်ရေ(၂၃)ကောင် ပိုင်ဆိုင်ပြီဖြစ်ကြောင်း၊ ရွှေဘိုမြို့နယ် အနေဖြင့် ဆိတ်ကျောင်းရန်စားကျက်ပေါများသည့်အတွက် မိမိတို့မိသားစုမှ တစ်နိုင်တစ်ပိုင် ဆိတ်ကျောင်း သည့်လုပ်ငန်း ဆောင်ရွက်နိုင်ပါက ဆိတ်ဝယ်ရသည့် ကုန်ကျစရိတ်မှလွဲ၍ ငွေကုန်ကြေးကျသက်သာပြီး အကျိုးအမြတ်ရှိသောလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ရွှေဘိုမြို့နယ်တွင် ဆိတ်ကို မိုးကောင်းတောဒေသများ ဖြစ်သည့် ရွှေဘိုမြို့အရှေ့ဘက်နှင့် အရှေ့တောင်ဘက်ရှိကျေးရွာများတွင် အများဆုံးမွေးမြူကြပြီး မြို့ပေါ်ရှိ ရပ်ကွက်များတွင်လည်း အနည်းငယ်မွေးမြူကြကြောင်းသိရှိရပါသည်။ ဆိတ်သည် တစ်ကောင်လုံး အသုံးဝင်ပြီးအသား၊ အရိုး၊ သားရေနှင့် ဆိတ်ချေးပါမကျန် ရောင်းချရသည့်တိရစ္ဆာန်ဖြစ်ပါသည်။ ယခုလက်ရှိအချိန်တွင် (၂)နှစ်သားအရွယ်ဝန်းကျင်းရှိ ရိုးရိုးဆိတ်တစ်ကောင်၏ပေါက်ဈေးမှာ (၈၀၀၀ဝိ/-)၊ ဆိတ်သိုးတစ်ကောင်၏ ပေါက်ဈေးမှာ(၁၅၀၀၀ဝိ/-)နှင့် နို့ခွာ၍(၆)လသားအရွယ် ဆိတ်ပေါက်တစ်ကောင် ၏ပေါက်ဈေးမှာ (၂၅၀၀ဝိ/-)မှ(၃၀၀ဝဝိ/-)ရှိကြောင်း၊ ဆိတ်အရှင်ကို အသားစားအနေဖြင့်ရောင်းချပါက မန္တလေးဈေးကွက်သို့ ပွဲစားများမှတစ်ဆင့်ရောင်းချကြောင်း၊  ယခုအချိန်တွင် ပွဲစားအနေဖြင့် ဆိတ်မွေးသူ ထံမှ အလေးချိန် တစ်ပေါင်လျှင်(၁၂၀ဝိ/-)ဖြင့်ဝယ်ယူပြီး မန္တလေးဈေးကွက်သို့ တစ်ပေါင်လျှင်(၁၅၀ဝိ/-)ဖြင့် ပြန်လည်ရောင်းချကြောင်း၊ ယခင်ကပွဲစားမှ တစ်ပေါင်လျှင်(၁၅၀ဝိ/-)ဖြင့်လည်းကောင်း၊ ပေါင်တစ်ရာ ကျော်ပါက(၂၀၀ဝိ/-)ဖြင့်လည်းကောင်း ပေးဝယ်ပြီး မန္တလေးဈေးကွက်သို့ တစ်ပေါင်လျှင်(၂၆၀ဝိ/-)ဖြင့် ရောင်းချကြောင်း၊ ယခင်ကဆိတ်သားရေများဝယ်ယူသော်လည်း ယခုမဝယ်တော့ကြောင်း သိရှိရပါသည်။

      ရွှေဘိုမြို့တွင် ဆိတ်သားတစ်ပိဿာပေါက်ဈေးမှာ(၂၅၀၀ဝိ/-)ရှိကြောင်း၊ ဆိတ်ချေးတစ်တင်းခွဲဝင် တစ်အိတ်လျှင်(၇၀ဝိ/-)နှင့် ထွေလာဂျီကားတစ်စီးလျှင်(၂၀၀၀ဝိ/-)ပေါက်ဈေးရှိပြီး သနပ်ခါးခြံများတွင် မြေဩဇာအဖြစ်အသုံးပြုသည်ဟုသိရှိရကြောင်း၊ ဆိတ်မတစ်ကောင်သည် တစ်နှစ်လျှင်နှစ်သားပေါက်ပြီး ကိုယ်ဝန်ဆောင်ချိန် လေးလခွဲကြာမြင့်၍ တစ်ခါသားပေါက်လျှင် တစ်ကောင်သို့မဟုတ်နှစ်ကောင် အများဆုံးပေါက်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဆိတ်ကလေးသေပါက ဆိတ်နို့ညှစ်၍ရောင်းနိုင်ပြီး တစ်လီတာဝင်ရေသန့်ဗူးတစ်ဗူးလျှင်(၂၀၀ဝိ/-)ဖြင့် ရောင်းချရကြောင်း၊ ရောဂါအနေဖြင့် အဆုတ်ပွခြင်း၊  ပလုပ်ရောင်ခြင်း၊ ခွာနာရောဂါများဖြစ်ပွားတတ်ကြောင်း၊ ဆိတ်မွေးမြူရန်အတွက် အဆောက်အဦအနေဖြင့် ရိုးရိုးမြေကြီးတဲကို သွပ်မိုးဖြင့်ဆောက်လုပ်ထားကြောင်း၊ ဆိတ်သည် အအေးမကြိုက်သည့် တိရစ္ဆာန် ဖြစ်သဖြင့် ဆောင်တွင်းရာသီရောက်၍ အအေးပိုပါက ဆိတ်ခြံ၏ ဘေးပတ်လည်ကိုမိုးကာဖြင့် ကာပေးရကြောင်းနှင့် ဆိတ်မွေးမြူသည့်လုပ်ငန်းသည် လွယ်ကူပြီး နှစ်စဉ်ဝင်ငွေတိုးတက်သဖြင့် မွေးမြူသင့်သည့်လုပ်ငန်းဖြစ်သည်ဟု ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းတည်ငြိမ်လျှက်ရှိ

       စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခင်အပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် ပုလဲဓာတ်မြေဩဇာ(ရွှေတောင်) (50Kg)တစ်အိတ် (၁၃၀၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်)) (50Kg)တစ်အိတ် (၉၅၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅) (50Kg)တစ်အိတ် (၁၅၀၀၀၀)ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ) (50Kg)တစ်အိတ် (၁၅၅၀၀၀)၊ ပန်းဖူး(မြန်မာ့သြဘာ) (50Kg)တစ်အိတ် (၁၂၀၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) (50Kg)တစ်အိတ် (၁၄၂၀၀၀)ကျပ်၊ ဇာမဏီ(ကွန်ပေါင်း) (50Kg)တစ်အိတ် (၇၇၀၀၀) ကျပ်ဖြင့်အရောင်း အဝယ်ရှိခဲ့ပြီး၊ ပိုးသတ် ဆေးအမျိုးအစားများဖြစ်သည့် စတား (အာမို) (100 CC)တစ်ဗူး (၅၅၀၀)ကျပ် ၊ လန်ဒါ (ဝိစာရ)(500 CC)တစ်ဗူး (၁၇၅၀၀)ကျပ် ၊ မိုရယ်မုန် (သြဘာ) (500 CC)တစ်ဗူး (၂၂၅၀၀)ကျပ်၊ အစီဖိတ်(သြဘာ) (500g) တစ်ဗူး (၂၀၀၀၀)၊ ရွှေတောနစ် (မြင်းကြား) (500 CC)တစ်ဗူး (၁၂၀၀၀) ကျပ်၊ ဖို့စတင်း (သြဘာ) (1 liter) တစ်ဗူး (၃၂၀၀၀) ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း   သိရှိရသည်။

          ယခုအပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် ပုလဲဓာတ်မြေဩဇာ (ရွှေတောင်) (50Kg)တစ်အိတ် (၁၃၀၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်)) (50Kg)တစ်အိတ် (၉၅၀၀၀)ကျပ်၊ ကျွဲနက် ၁၅း၁၅း၁၅ (50Kg)တစ်အိတ် (၁၅၀၀၀၀)ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ) (50Kg)တစ်အိတ်(၁၆၃၀၀၀)၊ ပန်းဖူး (မြန်မာ့သြဘာ) (50Kg)တစ်အိတ် (၁05000)ကျပ်၊ MC(ကွန်ပေါင်း) (50Kg)တစ်အိတ်(၁၄၂၀၀၀)ကျပ်၊ ဇာမဏီ( ကွန်ပေါင်း) (50Kg)တစ်အိတ် (၇၇၀၀၀)ကျပ် ဖြင့်အရောင်းအဝယ် ရှိခဲ့ပြီး၊ ပိုးသတ်ဆေး အမျိုးအစားများဖြစ် သည့် စတား (အာမို) (100 CC)တစ်ဗူး (၅၅၀၀)ကျပ် ၊ လန်ဒါ (ဝိစာရ)(500 CC)တစ်ဗူး (၁၇၅၀၀)ကျပ် ၊ မိုရယ်မုန် (သြဘာ) (500 CC)တစ်ဗူး (၂၃၀၀၀)ကျပ်၊ အစီဖိတ်(သြဘာ) (500g) တစ်ဗူး(၁၉၀၀၀)ကျပ်၊ ရွှေတောနစ် (မြင်းကြား) (500 CC) တစ်ဗူး (၁၂၅၀၀) ကျပ်၊ ဖို့စတင်း(သြဘာ) (1 liter)တစ်ဗူး (၃၂၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့်အတွက် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်း များ အတက်၊ အကျ အနည်းငယ်သာရှိပြီး ဈေးနှုန်းတည်ငြိမ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့ ပဲနှမ်းကုန်စည်ဒိုင်၏ နိုဝင်ဘာလ ပထမပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုအခြေအနေ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျှက်ရှိပါသည်။

      ရွှေဘိုမြို့ပဲ၊နှမ်းကုန်စည်ဒိုင်အနေဖြင့် နိုဝင်ဘာလ ပထမပတ်အတွင်း အစေ့ထုတ်ပြောင်းနှင့် မြေပဲဆံများ အရောင်းအဝယ်ဖြစ်ခဲ့‌ကြောင်း၊ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် အနိမ်းဈေး(၁၈၀၀ဝိ/-)နှင့် အမြင့်ဈေး(၁၈၅၀ဝိ/-)ပေါက်ဈေးရှိခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀၀)တင်း/(၂၂၅)တန်ဖြစ်ကြောင်း၊  မြေပဲဆံတစ်တင်းလျှင် အနိမ့်ဈေး(၈၀၀၀ဝိ/-)နှင့် အမြင့်ဈေး(၈၂၀၀ဝိ/-) ပေါက်ဈေးရှိခဲ့ပြီး အရောင်း အဝယ်ဖြစ်မှုမှာ (၂၂၅၀)တင်း/(၅၂)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်အရောင်းအဝယ်ဖြစ်မှု နှိုင်းယှဉ်ပါက  အစေ့ထုတ်ပြောင်းမှာ ယခင်အပတ်အောက်(၉၀၀၀)တင်း/(၂၅၅)တန် လျော့နည်းခဲ့ပြီး မြေပဲဆံမှာ ယခင်အပတ်ထက် (၁၀၅၀)တင်း/(၂၄)တန် ပိုမိုခဲ့ကြောင်း၊  ပဲ၊ နှမ်းကုန်စည်ဒိုင်မှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သိရှိရပါသည်။ ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ဝင်ရောက်လာသည့် သီးနှံများကို ပဲ၊ နှမ်းကုန်သည်များမှ ပြန်လည်သိုလှောင်ခြင်းအပြင် မန္တလေးမြို့နှင့် ရန်ကုန်မြို့သို့ ပြန်လည်တင်ပို့ခြင်းများ ဆောင်ရွက်ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

          ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ နိုဝင်ဘာလ ‌ဒုတိယပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ နိုဝင်ဘာလ ပထမပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၃၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၄၄၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၈၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၈၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၅၁၀၀၊ တန်အားဖြင့် ၅၂၅၅တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၃၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၃၆၀၀၊ နေပြည်တော်သို့ အိတ်ရေ၉၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၈၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၈၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၀၃၆၀၀ ၊ တန်အားဖြင့် ၅၁၈၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၁၅၀၀၊ တန်အားဖြင့် ၇၅တန် လျော့၍ စီးထွက်ခဲ့ပါသည်။

         ရွှေဘိုမြို့၏ နိုဝင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၂၄၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၄၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ၂၀၂၁-၂၀၂၂ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်းစပါး တင်း၁၀၀လျှင် ကျပ် ၁၁၀၀၀၀၀၊ ‌ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ပန်းတောင်းမြို့နယ်တွင် မိုးစပါးများစတင်ရိတ်သိမ်း

       ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ သရက်လိန်အုပ်စု၊ ခတ္တိယကျေးရွာတွင် မိုးစပါးများ စတင်ရိတ်သိမ်းလျက်ရှိသဖြင့်  စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု ဈေးနှုန်းဈေးကွက်အခြေအနေများအား သိရှိနိုင်ရန် ကွင်းဆင်း လေ့လာခဲ့ပါသည်။

      စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်သန်းသန်းအေးနှင့် ဝန်ထမ်းများသည် သရက်လိန်အုပ်စု ခတ္တိယကျေးရွာရှိ မိုးစပါး စိုက်ပျိုး ထုတ်လုပ်သူ ဒေါ်ခင်မာဌေးနှင့် တွေ့ဆုံပြီး မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု ဈေးနှုန်းဈေးကွက် အခြေအနေများကိုတွေ့ဆုံမေးမြန်းရာ ၎င်းမှ မိုးစပါး (၇)ဧက စိုက်ပျိုးထားရှိပြီး ယခုအချိန်ထိ (၂)ဧက ရိတ်သိမ်းပြီးဖြစ်ပါသည်။ စိုက်ပျိုးသည့် စပါးမျိုးမှာ ရတနာတိုးစပါးမျိုးဖြစ်ပြီး တစ်ဧကလျှင် တင်း(၆၀)ခန့် ထွက်ရှိသည်ဟု သိရှိရပါသည်။ ယခုလက်ရှိတွင် စပါးပေါက်ဈေးနှုန်းမှာ တင်း(၁၀၀) လျှင် (၉)သိန်းကျပ်ခန့် ရရှိသည်ဟုသိရှိရပါသည်။ မိုးစပါး အထွက်နှုန်းမှာ နွေစပါးအထွက်နှုန်း ထက်စာလျှင် နည်းလာကြောင်း တွေ့ရှိရပါသည်။ ပန်းတောင်း မြို့နယ် အနေဖြင့် ၂၀၂၀ ခုနှစ်တွင် တစ်ဧကလျှင် (၈၅)တင်းခန့်ထွက်ရှိပြီး ၂၀၂၁ ခုနှစ်တွင် အထွက်နှုန်း များကျဆင်းလာပြီး ယခုနှစ်တွင် မိုးနည်းပါးလာသဖြင့် မိုးစပါးအထွက်နှုန်းနည်းလာခြင်းဖြစ်သည်ဟု သိရှိရပါသည်။

         မိုးစပါးစိုက်ပျိုးသူ တောင်သူများအနေဖြင့် စိုက်ပျိုးချိန်တွင် မိုးနည်းပြီး စပါးများထွက် ပေါ်ချိန်တွင် မိုးများကောင်းလာသဖြင့် ယခုနှစ်တွင် တစ်ဧကအထွက်နှုန်း များကျဆင်းလာသော်လည်း ဈေးများကောင်းသဖြင့် သင့်တင့်သည့် အကျိုးအမြတ်များရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်ရှိ ပဲစောင်းလျားသီးဈေးနှုန်းဈေးကွက်

        ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန် ကျေးရွာတွင် ဟင်းသီးဟင်းရွက် အုပ်စုဝင်ဖြစ်သော ပဲစောင်းလျားသီးများ စိုက်ပျိုးလျက်ရှိပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများသည် မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာသို့ သွားရောက်၍ ပဲစောင်းလျားသီးစိုက်ပျိုးသူ ဒေါ်သဇင်အေးနှင့် တွေ့ဆုံ၍မေးမြန်းရာ ပဲစောင်းလျားသီးကို အတို့အမြုပ်ပြုလုပ်၍လည်းကောင်း၊ သုပ်စား၍ လည်းကောင်း စားသုံးကြပါသည်။ ပဲစောင်းလျားမြစ်ကိုလည်း ပဲမြစ်အဖြစ် စားသုံးမှုများကြပါသည်။ ပဲစောင်း လျားပင်ကို နယုန်လတွင် စတင်စိုက်ပျိုးပြီး ဝါခေါင်လတွင် စတင်ခူးဆွတ်ရပါသည်။ မိုးဦးကာလတွင် စိုက်ပျိုးသောသီးနှံဖြစ်၍ ရက်(၉၀)ခန့် အကြာတွင် ခူးဆွတ်ရပါသည်။ စိုက်ပျိုးသည့်မျိုးများမှာ ကင်းခြေများမျိုးဖြစ်ပြီး ဧကဝက်စိုက်ပျိုးကြောင်း သိရှိရပါသည်။ ထိုစိုက်ပျိုးသောဧကဝက်တွင် ပဲစောင်းလျားအပင်ရေ (၁၀၀၀)ကျော်ခန့် စိုက်ပျိုးကြောင်းသိရှိရပါသည်။ ပဲစောင်းလျားပင် စိုက်ပျိုးရာတွင် ဘောင်များပြုလုပ်၍ တစ်ဘောင်နှင့် တစ်ဘောင် အလျားလိုက်မြောင်းဆွဲပြီး ကျင်းများ တူးကာ မျိုးစေ့များထည့်၍ စိုက်ပျိုးရပါသည်။ တစ်ပင်နှင့်တစ်ပင် တတောင်ခန့်ခြား၍ စိုက်ပျိုးရပါသည်။ ပဲစောင်းလျားသီး စတင်ထွက်ပေါ်ချိန်မှစ၍ တစ်ရက်ခြားတစ်ခါ ခူးဆွတ်ရပြီး တစ်ခါခူးဆွတ်လျှင် အတောင့်(၃၀၀၀) ကျော်ခန့် ခူးဆွတ်ရကြောင်း သိရှိရပါသည်။ ထွက်ရှိလာသော ပဲစောင်းလျားသီးများကို ရွှေတောင်ဒေသရှိ ကုန်စိမ်းဒိုင်များမှတစ်ဆင့် ရန်ကုန်မြို့ရှိ ဈေးကွက်နှင့် ပြည်မြို့ရှိ ကုန်စိမ်း ဈေးကွက်သို့ ရောင်းချကြောင်းသိရပါသည်။ ပဲစောင်းလျားသီးဈေးကွက်အနေဖြင့် လက်ကားဈေး တစ်တောင့်လျင် (၄)ကျပ်နှုန်းဖြင့်ရောင်းချသလို လက်လီဈေးတစ်တောင့်လျှင် (၅)ကျပ်နှုန်းဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

         ပဲစောင်းလျားသီးစိုက်ပျိုးသူအနေဖြင့် တစ်ရက်ခြားတစ်ခါ ဝင်ငွေ ၁၂၀၀၀ကျပ်ခန့်ရရှိသဖြင့် သုံးစွဲရန်အပိုဝင်ငွေရရှိသလို ဧကများလည်းတိုးချဲ့စိုက်ပျိုးပါက မိသားစုဝင်ငွေလည်းရရှိပြီး အကျိုးအမြတ်ပိုမိုဖြစ်ထွန်းမည်ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ပဲခူး)

 

                                                         

ရွှေတောင်မြို့ ဒေသထွက်ဂန္ဓမာရွှေစိမ်း

      ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကသစ်ကိုင်းအုပ်စု၊ တောင်ညိုကျေးရွာတွင် ဂန္ဓမာရွှေစိမ်းများ စိုက်ပျိုးလျက်ရှိပါသည်။

      စားသုံးသူရေးရာဦးစီးဌာန ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဂန္ဓမာရွှေစိမ်း စိုက်ပျိုးသော တောင်သူ ဒေါ်အေးဝင်းကို နှင့်တွေ့ဆုံ၍ မေးမြန်းရာ ဂန္ဓမာပျိုးပင်ကို ပြင်ဦးလွင်မြို့မှ မှာယူ၍ စိုက်ပျိုးရပြီး ပျိုးပင်တစ်ပင်လျှင် ၁၂-၁၅ ကျပ်အထိပေး၍ ဝယ်ယူစိုက်ပျိုးကြောင်း သိရှိိ ရပါသည်။ စိုက်ပျိုးသောမျိုးမှာ ဂန္ဓမာရွှေစိမ်းမျိုးဖြစ်ပြီး ဧကဝက်ခန့် စိုက်ပျိုးထားကြောင်း သိရှိ ရပါသည်။ ဧကဝက်စိုက်ပျိုးရာတွင် အပင်ပေါင်း ၂သောင်းခွဲခန့် စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီး (၄)လ အကြာတွင် ပန်းများပွင့်၍ စတင်ခူးဆွတ်ရပါသည်။ ထွက်ရှိလာသောပန်းများကို အခိုင်ကြီးလျှင် တစ်ခိုင်၊ အခိုင်သေးလျှင် နှစ်ခိုင်လောက်ကို နှီးဖြင့်စည်း၍ တစ်စည်းလျှင် လက်ကားဈေး ၂၀၀ကျပ်ဖြစ်ပြီး လက်လီဈေးတစ်စည်းလျှင် ၂၅၀-၃၀၀ကျပ် အထိရောင်းချကြောင်းသိရှိရပါသည်။

       ရွှေတောင်မြို့နယ်မှထွက်ရှိသော ဂန္ဓမာရွှေစိမ်းများကို ရန်ကုန်မြို့သို့ တင်ပို့သလို ပြည်မြို့သို့ လည်းတင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ဂန္ဓမာပန်းများမှာ ဘုရားတင်၊ နတ်တင်ရန်ဝယ်ယူမှုရှိသဖြင့် လူအများစုအသုံးများသဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးလျှင် အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

DOCA(ပဲခူး)

ပေါက်ခေါင်းဒေသထွက် တန်ဆောင်မုန်းပဲ

        သဖန်းချိုကျေးရွာတွင် တန်ဆောင်မုန်းပဲများ ထွက်ပေါ်လာတော့မည်ဖြစ်သဖြင့် တန်ဆောင်မုန်း ပဲစိုက်ပျိုးမှုဈေးနှုန်းဈေးကွက်နှင့် အကျိုးအမြတ်ကို သိရှိစေရန်အတွက်  လေ့လာတင်ပြလိုက်ရပါသည်။ တန်ဆောင်မုန်း ပဲဆိုသည်မှာ ဒေသအခေါ်အဝေါ်ဖြစ်ပြီး တိုင်ထောင်ပဲနှင့် ဆင်တူပါသည်။ တန်ဆောင် မုန်းပဲကို ဝါခေါင်လမှစတင် စိုက်ပျိုးပြီး (၄) လအကြာ တန်ဆောင်မုန်းလတွင် စတင်အသီးများ ခူးဆွတ် ရပါသည်။

         တန်ဆောင်မုန်းပဲစိုက်ပျိုးဧကမှာ နှစ်ယောက်စိုက်ဖြစ်ပြီး၊ စိုက်ပျိုးသောမျိုးမှာ ဒေသမျိုး ဖြစ်ပါ သည်။ တန်ဆောင်မုန်းပဲ နှစ်ယောက်စိုက်လျင် မျိုးအနေဖြင့် နို့ဆီဗူး (၁)ခန့်ကုန်ကျပြီး တစ်ဘူးလျှင် (၁၀၀၀၀) ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးကြောင်း သိရှိရပါသည်။ နှစ်ယောက်စိုက်ကုန်ကျစရိတ်မှာ (၁၅၀၀၀၀) ကျပ်ခန့်ကုန်ကျပြီး ထွက်ရှိလာသော ပဲသီးများကို ပြည်ဈေးကွက်သို့ ပို့သလို၊ ပြည်မြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ တန်ဆောင်မုန်းပဲသီး ဈေးနှုန်းများမှာ တစ်တောင့်လျှင် (၅ - ၁၀) ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိပါသည်။ တန်ဆောင်မုန်း ပဲသီး နှစ်ယောက် စိုက်လျှင် အကျိုးအမြတ်အနေဖြင့် (၉၀၀၀၀၀) ကျပ်ခန့်ရရှိသဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးသင့်သည့် သီးနှံ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

ဝဥစိုက်ပျိုးဝင်ငွေတိုး

           ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ ကသစ်ကိုင်းအုပ်စု၊ ကသစ်ကိုင်းကျေးရွာတွင် ‘ဝ’ ဥများ  စမ်းသပ် စိုက်ပျိုးလျက်ရှိပါသည်။

       စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့်ဝန်ထမ်းများသည် ကသစ်ကိုင်း အုပ်စု၊ ကသစ်ကိုင်းကျေးရွာ ၊  ဝဥတစ်ဧကစမ်းသပ်စိုက်ပျိုးသော စိုက်ကွင်းသို့ ကွင်းဆင်းမေးမြန်းခဲ့ရာ ‘ဝ’ ဥစိုက်ပျိုးသူ ဦးမောင်နိုင်မှ ဝဥကို အဓိကစိုက်ပျိုးသောဒေသများမှာ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ဖြစ်ပြီး ယခုပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် စမ်းသပ်စိုက်ပျိုးလျက်ရှိ ပါသည်။ ဝဥကို ဧပြီလကုန်တွင် စတင်စိုက်ပျိုးရာ  စက်တင်ဘာလကုန်တွင် အပင်များကျပြီး ဝဥများတူး ယူရသဖြင့် သက်တမ်းမှာ (၅) လသာရှိသော သီးနှံဖြစ်ပါသည်။ ဝဥသည် အေးသောဒေသများ တွင်ဖြစ်ထွန်း၍ ရွှေတောင်မြို့နယ်အနေဖြင့် အပူချိန်မြင့်တက်သည့် အတွက် အမိုးအစိမ်းများမိုး၍ စမ်းသပ်စိုက်ပျိုးကြောင်း သိရှိရပါသည်။ စိုက်ပျိုးသော မျိုးများမှာ ချင်းမျိုး (ပန်းရောင်) ဖြစ်ပြီး ရာသီဥတုဒဏ်ခံနိုင်ရန်အတွက် မျိုးရွေးချယ်၍ စိုက်ပျိုးကြောင်းသိရပါသည်။ ဝဥ တစ်ဧကတွင် မျိုးဥ (၁၄၀၀၀) လုံးနှင့် မျိုးသီး (၂၅၀၀၀) လုံး စိုက်ပျိုးရပြီး စုစုပေါင်း စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ (၁၆၅၄၀၇၀၀) ကျပ် ကုန်ကျသည်ဟု သိရှိရပါသည်။ ဝဥစိုက်ပျိုး ထွက်ရှိမှုအနေဖြင့် မျိုးဥစိုက်ပျိုးခြင်းမှ ဝဥ (၁၅၀၀၀) ပိဿာနှင့် ရွက်သီးရရှိမှုမှာ အလုံး (၄) သောင်း ခန့်ရရှိပြီး မျိုးသီးစိုက်ပျိုးခြင်းမှ မျိုးသီး (၂) သောင်းလုံးနှင့် ရွက်သီး (၂) သောင်းလုံးခန့်ရရှိသည်ဟု သိရပါသည်။ ဝဥဈေးနှုန်းအနေဖြင့် ဝဥ တစ်ပိဿာလျင် ၁၅၀၀ ကျပ်ဖြင့် (၁၅၀၀၀) ပိဿာလျင် (၂၂၅၀၀၀၀၀) ကျပ်၊ မျိုးသီးတစ်လုံးလျင် (၅၀၀) ကျပ်ဖြင့် မျိုးသီးလုံး (၂၀၀၀၀) လျင် (၁၀၀၀၀၀၀၀) ကျပ်၊ ရွက်သီးတစ်လုံးလျင် (၁၀၀) ကျပ်ဖြင့် ရွက်သီး (၆၀၀၀၀) အတွက် (၆၀၀၀၀၀၀) ကျပ် ရရှိသည့်အတွက် တစ်ဧကလျင် ဝင်ငွေအနေဖြင့် (၃၈၅) သိန်းခန့်ရရှိပါသည်။ တစ်ဧကအကျိုးအမြတ်အနေဖြင့် သိန်း (၂၂၀) ခန့်ရရှိကြောင်း သိရှိရပါသည်။ ဈေးကွက်အနေဖြင့် ဝဥများကို မန္တလေးမြို့နှင့် မွန်ပြည်နယ်တို့မှ ဝယ်ယူမှုရှိပြီး မျိုးသီးနှင့် ရွက်သီးများကို ဝဥကို စိုက်ပျိုးသူများက ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

          ရွှေတောင်မြို့နယ်ရှိ ဝဥကိုစိုက်ပျိုးထုတ်လုပ်သူအနေဖြင့် စမ်းသပ်စိုက်ပျိုးရာတွင် အောင်မြင်မှုရှိလာပြီး ဈေးကွက်များရရှိလာနိုင်၍ အခြားသူများလည်း ဝဥကိုစိုက်ပျိုးထုတ်လုပ်လာလျင် အကျိုးအမြတ်များ ပိုမိုရရှိပြီး ပြည်တွင်းကုန်သွယ်မှုများ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း