သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အ.ထ.က အိုင်သပြုကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၃.၁၂.၂၀၂၄)နေ့ နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၆၆၀ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်တွေ ပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

     ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့်အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံ မှုရှိမရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် မုန့်ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

                                               

ဟင်္သာတမြို့ အခွန်လွတ်ဈေးရှေ့တွင် ကြက်ဥ၊ အသား၊ငါး နှင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် ၄.၁၂.၂၀၂၄ ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်မှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဟင်္သာတမြို့နယ်၊ လက်သမားရပ်ကွက်ရှိ အခွန်လွတ်ဈေးရှေ့တွင် ပြည်သူများအား ကြက်ဥ၊ အသား၊ငါးနှင့်စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန် ကြက်ဥတစ်လုံးလျှင် ၃၆၀/- ကျပ်ဖြင့် အလုံး ၃၀၀၀ ကို လည်းကောင်း၊ ငါးတစ်ပိဿာလျှင် ၆၀၀၀/- ကျပ်ဖြင့် ပိဿာ ၂၀ ၊ ဝက်သားတစ်ပိဿာလျှင် ၂၅၀၀၀/- ကျပ်ဖြင့် ၄ ပိဿာ ၂၀ ကျပ်သား၊ အမဲသား တစ်ပိဿာလျှင် ၁၈၀၀၀/- ကျပ်ဖြင့် ၄ ပိဿာ ၂၀ ကျပ်သားနှင့် စားအုန်းဆီ တစ်ပိဿာလျှင် ၈၀၀၀/- ကျပ်ဖြင့် ၂၅ ပိဿာ လည်းကောင်း ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့နယ်“လင်းလက်”မုန့်ဟင်းခါး/ခေါက်ဆွဲလုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၄.၁၂.၂၀၂၄)ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် ခမောက်စုကျေးရွာ၊ ဈေးဟောင်းပိုင်းရပ်ကွက်ရှိ “လင်းလက်” မုန့်ဟင်းခါး/ခေါက်ဆွဲလုပ်ငန်းသို့   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးသည် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော မုန့်ဟင်းခါး/ခေါက်ဆွဲများ တွင် ကြာရှည်ခံဆေးဝါးများ၊ တားမြစ်ဆေးဝါးများသုံးစွဲခြင်းမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းနှင့် တားမြစ်ချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲပြုလုပ်

   စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၂.၁၂.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌  ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး (၁၀၀) ဦးအား တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာ တားဆီးဆောင်ရွက်ရာတွင် သတင်းရရှိမှုမှာ အရေးကြီးသည့် ကိစ္စရပ်ဖြစ်၍ သတင်းရယူရန်နှင့် သတင်းပေးတိုင်ကြားသူများအား ဆုကြေးချီးမြှင့်ပေးမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုသည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေတဲ့ အဓိကအချက်ဖြစ်တဲ့အပြင်၊ ဒေသတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း တရားမဝင်ကုန်စည်များနှင့် ယှဉ်ပြိုင်နိုင်မှုနည်း ပါးပြီး ရေရှည်ရပ်တည်ရန် ခက်ခဲစေနိုင်ကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ (အထူး) လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ တရားမဝင်ကုန်စည် များအား လက်လီ/ လက်ကား အရောင်းဆိုင်၊ Shopping Mall များမှတဆင့် ဈေးကွက်အတွင်း ဖြန့်ဖြူးခြင်း၊ လက်လီ ရောင်းချခြင်းများမပြုလုပ်စေရေး ပညာပေးခြင်း၊ သတိပေးခြင်း၊ တားဆီးခြင်း၊ စစ်ဆေးခြင်း၊ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းများကို အချိန်ကာလတစ်ခုသတ်မှတ် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း၊ သတင်းပေးတိုင်ကြားသူများအား ဆုကြေးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဟောပြောအသိပညာပေးခြင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ပို့ကုန်/သွင်းကုန်ဥပဒေဆိုင်ရာ သိကောင်းစရာများ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ် ကုန်မျိုးစုံဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၄.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်တွင် ဇလွန်မြို့ပေါ်ရပ်ကွက်၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံ ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှု ရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးဆီ ရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်း စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ ကုန်စုံဆိုင်(၈)ဆိုင်အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့မဈေးအတွင်း ကြက်ဥ၊ ဘဲဥ ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် ၃.၁၂.၂၀၂၄ ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့ဥက္ကဌ၊ အဖွဲ့ဝင်များနှင့်အတူ ကြံခင်း မြို့မဈေးအတွင်းရှိ ကြက်ဥ၊ ဘဲဥအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းရာတွင် ကြံခင်းမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့သည် ဈေးကွက် ပြည်သူများဈေးနှုန်း သက်သာမှန်ကန်စွာ ဝယ်ယူရရှိစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ကြက်ဥ၊ ဘဲဥအရောင်းဆိုင်များတွင် ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းဖြင့် ရောင်းချမှုပြုစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်၊ နံနက် ၁၀:၀၀ အချိန်တွင် မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည့် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စက်သုံးဆီဆိုင်အားကွင်းဆင်း၍ စက်သုံးဆီပြတ်လပ်ခြင်းရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ အထူးဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံက စက်သုံးဆီဆိုင်များအနေဖြင့် တရားမဝင် စက်သုံးဆီများရောင်းချခြင်းမပြုလုပ်ရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန်နှင့် စက်သုံးဆီများ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် စက်သုံးဆီဆိုင်များကို ပုံမှန်ဖွင့်လှစ်ရောင်းချပေးရန် ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

စားသုံးသူကာကွယ်ရေးအသိပညာပေးရေးအစ စာသင်ကျောင်းများက

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ် တာဝန်ခံသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ()ရက်နေ့၊ နံနက်(၀၈း၃၀)နာရီအချိန်တွင်  ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာ အလယ်တန်းကျောင်းတွင်  စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်သိန်းမှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့ နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ အဆင့်ဆင့်အကြောင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် ၊ မတ်လ (၁၅)ရက်နေ့၌ ပြဌာန်းခဲ့ပြီး အခန်းပေါင်း(၂၅)ခန်း ပုဒ်မပေါင်း(၈၄)ခု ပါဝင်ကြောင်း ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက် စားသုံးသူအကာကွယ်ပေးရေး ဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍  ထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန် ၊ စားသုံးသူအခွင့်အရေး(၈)ချက် ၊ စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့်တာဝန်(၄)ချက်နှင့် အွန်လိုင်းစနစ်ဖြင့် ဈေးဝယ်ယူမည်ဆိုလျှင် သတိထားဆောင်ရွက်ရန်အတွက် သိထားသင့်သည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါကြောင်း ၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် Facebook Page ဖြစ်တဲ့ DOCA Myanmar Page တွင်လည်းကောင်း ၊ မိမိတို့ဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) တွင် လည်းကောင်း ၊ မိမိတို့ဌာန Website  ဖြစ်တဲ့ www. doca.gov. mm တွင်လည်းကောင်း ၊ MPT ; mytel ;  Telenor ;  Oredoo  ; SIM Card User များအားလုံး Call Center No. 1535 တို့တွင် အထောက်အထား အပြည့်အစုံဖြင့် တိုင်ကြားနိုင်ပါကြောင်းနှင့် သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့်အကြောင်းများ၊ အစားအသောက်နှင့်ပတ်သက်ပြီး ကျောင်းသား/သူများကို ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိတဲ့ ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူစားသောက် အသုံးပြု တတ်ရန်နှင့် သက်ဆိုင်ရာဌာန၏ထောက်ခံချက်များပါဝင်သည့် အစားအသောက်မျာကို ရွေးချယ် ဝယ်ယူစားသောက်အသုံးပြုတတ်ရန်အတွက် ဆရာ/ဆရာမ(၁၃)ဦး၊ ကျောင်းသား/သူ(၄၁၄) စုစုပေါင်း (၄၂၇)ဦးတို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး အမိန့်ကြော်ငြာစာ အမှတ်(၂/၂၀၁၉) ကုန်အညွှန်းအမှတ်အသား အသေးစိတ် စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

         

ကျွန်းလှမြို့”ကမ္ဘာကျော်”ဆန်စက် လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ(၅)ရက်နေ့ နံနက်(၁၀း၀၀) အချိန်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် ကျီကုန်းစံပြကျေးရွာရှိ “မိသားစု” ဆန်စက်လုပ်ငန်းရှင်နှင့် သွားရောက် တွေ့ဆုံကွင်းဆင်းခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ကြိတ်ခွဲထုတ်လုပ်သော ဆန်များ အရည်အသွေးကောင်းမွန်စေရန် အရည်အသွေးကောင်းမွန်သော ဆန်များထွက်မှသာ ‌ရောင်းတန်းဝင်၍ ဈေးကွက်ကောင်းပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း၊ ယခင်နှစ်များကဲ့သို့ စိုက်ပျိုးနိုင်မှုမရှိသည့်အတွက် တောင်သူများမှလာရောက်ပြီး ဆန်ကြိတ်ခွဲနိုင်မှုနည်းပါးသဖြင့် အလုပ်မဖြစ်ကြောင်း၊ ဆန်ကြိတ်ခွဲ ထုတ်လုပ်ရာတွင် ဒေသတွင်းတောင်သူများ သီးနှံပေါ်ချိန်တွင်သာ လည်ပတ်နေကြောင်း၊ ယခင်နှစ်များမှာဆိုရင် ကုန်ကြမ်းများကို မိမိကိုယ်တိုင်ဝယ်ယူကြိတ်ခွဲပြီး ပြန်လည်ရောင်းချကြောင်း ယခုနှစ်မှာတော့ ကုန်ကြမ်းဝယ်ယူကြိတ်ခွဲရန် အဆင်မပြေပါကြောင်း လုပ်ငန်းရှင်မှ ပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာ မြို့နယ်တာဝန်ခံမှ လိုအပ်သည်များ ဖြည့်စွက်ပြောကြားပြီး ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ()ရက်နေ့၊ နံနက်(၀၈း၃၀)နာရီ အချိန်တွင် ကျွန်းလှမြို့ပေါ် ရပ်ကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ မြိုနယ်ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ၊ စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များတွင် ဆေးနှင့် ဆေးပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင် ဖြန့်ဖြူးခြင်း(သို့မဟုတ်) ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ထားခြင်း ရှိ/မရှိ၊ စံမညီဆေးဝါးများ၊ တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန် ဆေးဝါးများရောင်းချခြင်း မရှိစေရေးတို့အတွက် အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျန်းမာရေးဦးစီးဌာနမှ ဆေးရောင်းချခွင့်လိုင်စင်ရှိ/မရှိ တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်း မြှင့်တင်ဖြန့်ဖြူးခြင်း(သို့မဟုတ်) ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်ခြင်း ခံရနိုင်ပါကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး  စားသုံးသူကာကွယ်ရေးဥပဒေ(/၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များပါရှိသည့်  လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ