သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပခုက္ကူမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

    မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၀.၁၂.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀)အချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ပခုက္ကူမြို့မဈေးရှိ ကုန်စုံဆိုင်များသို့ စားသုံးပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသောကုန်စည်များ ဝယ်ယူသုံးစွဲနိုင်ရန်နှင့် ဈေးကွက်အတွင်း ဘေးအန္တရာယ်ရှိသော ကုန်စည်များပပျောက်စေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

    မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော အရန်သင့်အစားအစာများ၊ အသင့်စားမုန့်အမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်စည်တွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ၊ ဈေးကွက်အတွင်း ဘေးအန္တရာယ်ရှိသောကုန်စည်များ ရောင်းချခြင်း မပြုရန်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန် မသင့်ထုတ်ပြန်ထားသော ကုန်စည်များ၊ သက်တမ်းလွန်သောစားသောက်ကုန်များ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြထားသော ကုန်စည်များသာ ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်တွင် ရောင်းအားကောင်းလျက်ရှိသော“ စိတ်ကူးသစ် ” အီစိမ့်ကွင်းမုန့်လုပ်ငန်း

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ဒေသထွက်ကုန် မုန့်မျိုးစုံလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ ယခုလက်ရှိအချိန်တွင် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေသဖြင့် မုန့်လုပ်ငန်းများ တွင်တွင်ကျယ်ကျယ် ပြန်လည်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။                    

    “စိတ်ကူးသစ်” မုန့်မျိုးစုံလုပ်ငန်းမှ ထုတ်လုပ်သော မုန့်များမှာ အီစိမ့်ကွင်း၊ မုန့်ကျိုးလိမ်၊ ဒါးလှီးမုန့်၊ အာလူးကြော်၊ ပေါင်မုန့်ကြော်လုပ်ငန်းများကို ထုတ်လုပ်ရောင်းချလျက်ရှိပြီး ၎င်းတို့ထဲမှ အီစိမ့်ကွင်း မုန့်သည် အများဆုံးရောင်းချရသော မုန့်အမျိုးအစားတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် လုပ်ငန်းရှင်မှ အတွင်ကျယ်ဆုံး အီစိမ့်ကွင်း မုန့်လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်ကို ပြောပြရာ ဂျုံမှုန့်ကို ဆေးစပ်မွှေပြီး ကြက်ဥဖြင့် နယ်ဖတ်၍ လှိမ့်ပြီး မုန့်ချောင်းလေးများ အဖြစ် ဖြတ်ရကြောင်း၊ ပြီးလျှင် မုန့်သားကို ပထမအကြိမ်  အသေး၊ ဒုတိယအကြိမ် အကြီး အကွင်းပုံစံ ပြုလုပ်၍ ကြော်ရကြောင်း၊ ကြော်ပြီးသား မုန့်အကွင်းများကို သကြားရည်ဖြင့် နစ်လူးပြီး သကြားထပ်မံဖြူးရကြောင်း၊ ၎င်းနောက် မုန့်(၅)ခုပါ(၁)တစ်ထုပ်လျှင် လက်လီ ကျပ်(၁၅၀၀)၊ လက်ကား ကျပ်(၁၂၀၀)ဖြင့် ပခုက္ကူမြို့မဈေး၊ ရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံဆိုင်နှင့် ကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချကြောင်း၊ ဝန်ထမ်းအနေဖြင့် အလုပ်သမား(၇)ဦးရှိပြီး တစ်နေ့လျှင် လုပ်အားခ ကျပ်(၇၀၀၀)ပေးရကြောင်း သိရသည်။  မုန့်မျိုးစုံ လုပ်ငန်းသည် ယခင်က လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် နားရသည်ရှိသလို ယခုလတွင် နားရက်မရှိ ပြန်လည် လုပ်ကိုင်နေပြီး  အခြားမုန့်များထပ် အီစိမ့်ကွင်း မုန့်သည် ရောင်းအား အကောင်းဆုံးနှင့် အတွင်ကျယ် ဆုံးဖြစ်၍  မိသားစုဝင်များနှင့် လုပ်သားများလည်းဝင်ငွေရှိပြီး စားဝတ်နေရေး အတွက်  အဆင်ပြေလျက်ရှိကြောင်း လုပ်ငန်းရှင်၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)

 

ဂန့်ဂေါမြို့ပေါ်ရှိ ဗေရှားဒါသောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

    မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းသည် (၁၀.၁၂.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဂန့်ဂေါမြို့ပေါ်ရှိ ဗေရှားဒါသောက်ရေသန့် လုပ်ငန်းသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ရေးနှင့် ကုန်အမှတ်တံဆိပ်မှတ်ပုံတင် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ရေသန့်ထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ထုတ်လုပ်သော ရေသန့်များအား ပြည်သူများမှ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိရာတွင် စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် အဆင့်ဆင့်ကျိုချက်သန့်စင်ပြီးသော သောက်ရေသန့်များကို ရောင်းချရန်၊ ရေသန့်ထုတ်လုပ်ရာတွင်လည်း တစ်ကိုယ်ရေသန့်ရှင်းသပ်ရပ်စွာ ပြုလုပ်ပြီး ရောင်းချသောရေဘူးများကိုလည်း သန့်သန့်ရှင်းရှင်း ပြုလုပ်ရန်နှင့် ရောင်းချသောကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းဖော်ပြရန်၊ ကုန်အညွှန်းအမှတ်အသား မပြုလုပ်ရသေးပါက စားသုံးသူ ရေးရာဦးစီးဌာနသို့ လျှောက်ထားနိုင်ပြီး သက်ဆိုင်ရာအစိုးရဌာနများ၏ ထောက်ခံချက်များ ပြည့်စုံ စွာဖော်ပြထားသော ကုန်စည်ကိုသာ ရောင်းချရန်၊ အွန်လိုင်းဖြင့် ရောင်းချပါကလည်း ရောင်းချခွင့် လုပ်ငန်းမှတ်ပုံတင်လျှောက်ထားရရှိပြီးမှသာ ရောင်းချရန်နှင့် စားသုံးသူ ရပိုင်ခွင့် အခွင့်အရေးများ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များနှင့် စားသုံးသူမှ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက ပြောရေးဆိုခွင့်၊ တိုင်ကြားခွင့်၊ ကုစားခွင့်အကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(မကွေး)

ဇီဝကာရာမ (အ.မ.က) ကျောင်းတွင် အသိပညာပေး ဟောပြောဆောင်ရွက်

    ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဖျာပုံမြို့နယ်တာဝန်ခံ ဦးမင်းဇော်သည်  (၁၁)ရပ်ကွက် ဇီဝကာရာမ(အ.မ.က) ကျောင်းတွင် ကျောင်းသူ/သား (၅၂) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့်  အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသောက်တက်စေရန် အသိပညာပေး ဟောပြောခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲ အခမ်းအနားတွင် မြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းများဖြစ်သည့်  အစားအသောက်များတွင် ပဋိဇီဝဆေးဝါးများ ပါဝင်လာနိုင်ကြောင်းနှင့် စားသုံးသင့်သည်ထက် ကျော်လွန်ပြီး အရောင်၊အနံ၊အရသာ လှလှပပစားချင်ဖွယ် ပြုလုပ်စားသောက်ကြ၍လည်းကောင်း၊  တာရှည်ခံရန် ဘေးအန္တရာယ်ရှိ ဖော်မလင်ဆေးများ ထည့်သွင်းသုံးစွဲမှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများမရှိစေရန် ကျောင်းသူ/သားများ အစားအသောက်ထုတ်ကုန်များ ဝယ်ယူစားသုံးရာတွင် သက်တမ်းကုန်ဆုံးရက်ကြည့်ရန်နှင့် ကုန်အညွှန်းအမှတ်အသားကို စိစစ်ပြီးမှ ဝယ်ယူစားသုံးရန် ပြောကြားခဲ့သည်။

DOCA(ဧရာဝတီ)

 

ဒေးဒရဲမြို့မဈေးအတွင်းရောင်းချနေသော ကုန်မျိုးစုံဆိုင်များရှိ ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၁) ရက်နေ့ ၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့မဈေးအတွင်း ရောင်းချနေသော ကုန်မျိုးစုံဆိုင်များရှိ ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    အဆိုပါ စစ်ဆေးရာတွင် မြို့မဈေးရှိ ကုန်စုံဆိုင်ကြီးများတွင် ရောင်းချနေသော မြန်မာရနံ့ ငြုပ်ကောင်းမှုန့်၊ အများကြိုက် မဆလာ၊ AJT-NO-MOTO Shark ငါးသေတ္တာတို့တွင်  FDA ထောက်ခံချက်များ ပြည့်စုံစွာ ပါဝင်မှုရှိ/မရှိနှင့် ပါဝင်ပစ္စည်း ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ ၊ သက်တမ်းကုန်ဆုံးရက်နှင့် ထုတ်လုပ်သည့်ရက်စွဲများ ဖော်ပြထားရှိမှုအခြေအနေ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြထားရှိမှု အခြေအနေ၊ အလေးချိန် အချိန်အတွယ်နှင့် ဓာတ်မတည့်ကြောင်း ဖော်ပြချက်များ ပါဝင်မှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ပြည့်စုံမှုရှိကြောင်း တွေ့ရှိရပြီး ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော ကုန်စည်များ ရောင်းချခြင်းမပြုရန် သတိပေး အကြံပြုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင်မှ တနင်္သာရီတိုင်းဒေသကြီး(မြိတ်မြို့)သို့ ဆန်တင်ပို့မှုအခြေအနေ

    ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များမှ ထွက်ရှိသော ပေါ်ဆန်း၊ ဧည့်မထဆန်များအား  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် (မြိတ်မြို့)သို့ ရေလမ်းဖြင့် တင်ပို့လျက်ရှိပါသည်။  ဒီဇင်ဘာလ(၁)ရက်နေ့မှ (၁၃)ရက်နေ့အထိ (မြိတ်မြို)သို့ ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်မှ  ဧည့်မထဆန်(၃၀၀၀)အိတ် တင်ပို့ခဲ့ပြီး ဖြစ်ပါသည်။ ထိုသို့တင်ပို့ရာတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ( MRF )၏ ရည်ညွှန်း သတ်မှတ်ဈေးများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်သတင်းများအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်စစ်ဆေးရေးမှူး ဦးမင်းဇော်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ဖျာပုံမြို့ပေါ်ရှိ ဆေးဆိုင်များအား ဆေးနှင့်ဆေးဝါးများကို သက်ဆိုင်ရာ ထောက်ခံချက်ဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    အဆိုပါ စစ်ဆေးခြင်းတွင် မြို့နယ်တာဝန်ခံ ဦးမင်းဇော်သည် စံမမီဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုအား စစ်ဆေးခြင်း၊ နည်းစနစ်မှန်ကန်စွာ ထားသိုသိမ်းဆည်းမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာထောက်ခံချက် ပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်း၊ ဈေးနှုန်းထားများ မေးမြန်းခြင်းနှင့် ဆေးနှင့်ဆေးဝါးရောင်းချရန် တရားဝင်မှတ်ပုံတင် ထားရှိမှုများ စစ်ဆေးခြင်း ထို့နောက် မြို့နယ်တာဝန်ခံ ဦးမင်းဇော်သည် ဆေးအရောင်းဆိုင် များအား သက်တမ်းလွန်ဆေးများ မရောင်းချမိရန်နှင့် ရည်ညွန်းဈေးအတိုင်း ရောင်းချကြရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့မဈေးအတွင်း ကုန်မျိုးစုံဆိုင်များရှိ အသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၀) ရက်နေ့ ၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ ၊  မြို့မဈေးအတွင်း ကုန်မျိုးစုံဆိုင်များရှိ အသင့်စားမုန့်များတွင် ကုန်အညွှန်း အမှတ်အသားများပြည့်စုံမှုရှိ/မရှိအား စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းစစ်ဆေးခဲ့ကြပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့မဈေးရှိ ကုန်စုံဆိုင်ကြီးများနှင့် မုန့်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချနေသော ရွှေကျီးဘီစကစ်၊ ရွှေကျီးမရွေး၊ ရွှေနဒီ ပဲပေါင်မုန့်၊ ရွှေနဒီ ပူးတင်းပေါင်မုန့်၊ Gold နို့ခရင်မ် ပေါင်မုန့်တို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါရှိပြီး FDA ထောက်ခံချက်များကိုလည်း တွေ့ရှိရပါသည်။ထို့နောက် မြို့နယ်တာဝန်ခံမှ ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော ကုန်စည်များအား ရောင်းချခြင်း မပြုရန် အကြံပြု ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် ၊ အိမ်မဲမြို့နယ်တွင် ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ကြက်ဥများရောင်းချမှု အခြေအနေ

   ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊အိမ်မဲမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည်   (၁၁-၁၂-၂၀၂၄) ရက်နေ့ နံနက်(၀၈:၀၀)နာရီ၌ အိမ်မဲမြို့နယ်ရှိ မြို့မဈေးတွင် ကြက်ဥအလုံး(၃၅၀၀)အားသွားရောက်၍ ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ရောင်းချပေးရာတွင် အများပြည်သူများသက်သာစွာဝယ်ယူနိုင်ရန် တစ်လုံးလျှင် (၃၅၀)ကျပ်နှင့် လူ()ဦးလျှင် ()လုံးနှုန်းဖြင့် အိမ်မဲမြို့နယ်ရှိ အခွန်လွတ်ဈေးတွင် စုစုပေါင်းကြက်ဥ အလုံးရေ (၃၅၀၀)အား ရောင်းချပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း၍ နောက်ရက်များတွင်လည်း ဆက်လက်ရောင်းချပေးသွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် ၊ဝါးခယ်မမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့်   ဝန်ထမ်းများသည်     (၁၁-၁၂-၂၀၂၄)ရက်နေ့ ၊ ညနေ(၁၆:၀၀)နာရီတွင် ဝါးခယ်မမြိုု့နယ်ရှိ   ဆီကိုယ်စားလှယ်များသို့     ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီများ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ (ယာဉ်အမှတ်5M-5905) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၃၇)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ စားအုန်းဆီများကို မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွန်းဈေး၊သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက်ကားဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီလက်ကားဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူများထံသို့  ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ