သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကံမမြို့တွင် အသိပညာပေး(Talk Show)ဟောပြောပွဲဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၁၃-၁၂-၂၀၂၄)ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ကံမမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူများ ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေးအတွက်  အသိပညာပေး Talk Show ဟောပြောပွဲဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကံမမြို့နယ်တာဝန်ခံက Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအဖြစ် အမိန့်ကြော်ငြာစာများကိုလည်းကောင်း၊ Online စနစ်ဖြင့် ရောင်းချ ရာတွင် မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိခဲ့ပါက ဆက်သွယ်တိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြား ရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာ (CICC) မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့လည်းကောင်း၊ Consumer Call Center Hotline (1535) သို့ နေပြည်တော်ရုံးချုပ်တွင် လိုင်းခွဲ(၁)သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် လိုင်းခွဲ(၂)သို့လည်းကောင်း၊ မန္တလေးတိုင်း‌ဒေသကြီးဦးစီးမှူး ရုံးတွင် လိုင်းခွဲ(၃)သို့လည်းကောင်း ဖွင့်လှစ်ထားရှိပြီး ပြည်တွင်းမှ မည်သည့်ဖုန်းနံပါတ်များဖြင့် ဆက်သွယ်တိုင်ကြားလျှင် တိုက်ရိုက်တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်များသို့ ချိတ်ဆက်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း စားသုံးသူပြည်သူများသိရှိစေရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(မကွေး)

 

စားအုန်းဆီရောင်းချဖြန့်ဖြူးသူလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးက ၁၂.၁၂.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်အတွင်း စားအုန်းဆီရောင်းချလျက်ရှိသော ဆီလက်ကားကိုယ်စားလှယ်(၂၀)ဦးနှင့်တွေ့ဆုံ၍ မြို့နယ်အတွင်း အိမ်ထောင်စုအလိုက်ရောင်းချမှုအခြေအနေများ၊ လက်လီ၊လက်ကားဖြန့်ဖြူးမှုအခြေအနေများအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် တိုင်းဒေသကြီးဦးစီးမှူးက “စားအုန်းဆီများဖြန့်ဖြူးရာတွင် မြို့နယ်အလိုက် ညီညွတ်မျှတမှုရှိစေရန်၊ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန်”၊ တိုင်းဒေသကြီးအတွင်း ခွဲဝေပေးထားသော စက်မှုလုပ်ငန်းသုံးဆီများအား မိမိလုပ်ငန်းတွင်သာအသုံးပြုရန်၊ အခြားတိုင်းဒေသကြီးများမှ စီးဝင်နေသောဆီများရှိပါက ဝယ်ယူရောင်းချခြင်းမပြုလုပ်ရန်နှင့် ပြဿနာတစ်စုံတစ်ရာဖြစ်လာပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်နိုင်သောကြောင့် မှန်မှန်ကန်ကန် ဆောင်ရွက်စေလိုကြောင်း မှာကြားဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)

ကံမမြို့ပေါ်ရှိ ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များအားအသိပညာပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၁၇.၁၂.၂၀၂၄) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကံမမြို့ပေါ်၌ ဆန်ရောင်းချ နေသော လက်လီ၊ လက်ကား အရောင်းဆိုင်(၆)ဆိုင်သို့ ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်အရ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန် အလို့ငှာ ဆန်တန်ချိန်(၂၅)နှင့်အထက် သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံ တစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် MyROတွင် ဆန်စပါး သိုလှောင်ရုံများ မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ခြင်းနှင့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် MRFမှ သတ်မှတ်ထုတ်ပြန် ထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချစေရေး အသိပညာပေးခြင်း ‌ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များအား MyROတွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်နေ့နှင့် နောက်ပိုင်းတွင် www.myro. com.mm၌ မှတ်ပုံတင်လျှောက်ထားမှု မရှိသည်ကို စိစစ်တွေ့ရှိရပါက စီမံခန့်ခွဲမှုပြစ်ဒဏ်များ ချမှတ်ခံရမည်ဖြစ်ကြောင်း ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအား အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလအတွက် ဈေးနှုန်းများ အတိုင်း လိုက်နာရောင်းချစေရေးနှင့် စားသုံးသူ ပြည်သူများ သင့်တင့်မျှတသည့်ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများထက်မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် အများ ပြည်သူများသို့ ရောင်းချစေရေး အသိပညာပေး ပြောကြားခဲ့ပြီး ရောင်းချသည့်ဈေးနှုန်းနှင့် လက်ကျန်စာရင်းများကောက်ယူခဲ့ကြောင်း သိရပါသည်။

DOCA(မကွေး)

 

သရက်မြို့ပေါ်ရှိ ဆန်လက်လီ၊ လက်ကား အရောင်းဆိုင်များအားအသိပညာပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၆.၁၂.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီ အချိန်တွင် သရက်မြို့ပေါ်ရှိ ဆန်ရောင်းချနေသော လက်လီ၊ လက်ကား အရောင်းဆိုင်(၁၉)ဆိုင်သို့ ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်အရ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန် အလို့ငှာ ဆန်တန်ချိန်(၂၅)နှင့်အထက် သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံ တစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် MyROတွင် ဆန်စပါး သိုလှောင်ရုံများ မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ခြင်း နှင့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် MRFမှ သတ်မှတ်ထုတ်ပြန် ထားသည့် ဈေးနှုန်းများအတိုင်းရောင်းချစေရေး အသိပညာပေးခြင်း ‌ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်(၁၉)ဆိုင်တို့အား My ROတွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်နေ့နှင့် နောက်ပိုင်းတွင် www.myro. com.mm ၌ မှတ်ပုံတင်လျှောက်ထားမှု မရှိသည်ကို စိစစ်တွေ့ရှိရပါက စီမံခန့်ခွဲမှုပြစ်ဒဏ်များ ချမှတ်ခံရမည်ဖြစ်ကြောင်း၊ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအား အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလအတွက် ဈေးနှုန်းများ အတိုင်း လိုက်နာရောင်းချစေရေးနှင့် စားသုံးသူ ပြည်သူများ သင့်တင့်မျှတသည့်ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများထက်မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် အများ ပြည်သူများသို့ ရောင်းချစေရေး အသိပညာပေးပြောကြားခဲ့ပြီး ရောင်းချသည့်ဈေးနှုန်းနှင့် လက်ကျန်စာရင်းများကောက်ယူခဲ့ကြောင်း သိရပါသည်။

DOCA(မကွေး)

ရောနှောဆီအပါဝင်စားသုံးဆီအမျိုးမျိုးအရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်နေ့၊ နံနက်(10:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း များသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ပင်လုံမြို့ပေါ်ရှိ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးရောင်းချသည့် ကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များပါဝင်မှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ဈေးကွက်အတွင်းတွင်  Goody၊ သိန်းရတနာ၊ Duck ၊ အမေထွား အစရှိသည့် ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးတို့ကို ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိ ရပါသည်။

DOCA(ရှမ်း)

 

စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်ခြင်း

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှဝန် ထမ်းများသည် (၂၀.၁၂.၂၀၂၄) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများအား စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

       ထိုသို့ ဟောပြောဆွေးနွေးရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း ဥပဒေပါအချက်အလက်များအား ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပါသည်။ စားသုံးသူများမှ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များ သိရှိလိုပါက စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Official Website ဖြစ်သည့် www.doca.gov.mm တွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိလာ ပါကစားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့လူကိုယ် တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

ဒေသထွက်ကုန် လူမှုစီးပွာဖွံ့ဖြိုးတိုးတက်မည့် လုပ်ငန်း သင်ဖြူးဖျာဆိုလျှင် ပန်းတနော် ဟု လူသိများသော သင်ဖျာစိုက်ပျိုးယက်လုပ် ထွက်ရှိ ရောင်းချမှု မိရိုးဖလာ လုပ်ငန်း တစ်ခု

ဧရာဝတီတိုင်းဒေသကြီးမှ ပန်းတနော်မြို့နယ်လေးသည် “သင်ဖြူးဖျာ ဆိုလျှင် ပန်းတနော်က” ယက်လုပ် ထုတ်လုပ်ထွက်ရှိသည်ဟု ဆိုရလောက်အောင်ပင် မိရိုးဖလာ လက်မှုလုပ်ငန်းဖြစ်သည့် သင်ဖျာလုပ်ငန်းဖြင့် အထူးထင်ရှားလှသည်။

သင်ဖျာလုပ်ငန်းဖြင့် ပန်းတနော်မြို့တွင် စီးပွားရေးလုပ်ငန်းရှင်များရှိလို အလုပ်အကိုင်အခွင့် အလမ်း ရှာဖွေသော လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။ ဒေသထွက်ကုန်တစ်ခုဖြစ်၍ လူမှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအစလည်းဖြစ်သည်။ ဒေသတွင်းလုပ်ငန်း ဖွံ့ဖြိးမှ နိုင်ငံစီးပွား အထောက်အကူဖြစ်စေသည့်အတွက် အသေးစား၊အလတ်စား၊ အငယ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်။ ထိုကြောင့် ပန်းတနော်မြို့မှ ယက်လုပ်သောသင်ဖျာလုပ်ငန်းသည်လည်း မိရိုးဖလာလက်မှု လုပ်ငန်းတစ်ခုဖြစ်၍ နိုင်ငံတွင်း လူသုံများသောကုန်စည်၊ ပြည်ပ လူမျိုးများ အသုံးပြုနိုင်သည့် ပြည်ပဝဈေးကွက်ဝင်ကုန်စည် တစ်ခုဖြစ်ရန် ပန်းတနော် သင်ဖျာလုပ်ငန်းအကြောင်း တင်ပြလိုသည်။

သင်ဖျာစိုက်ပျိုးမှုနှင့် ယက်ထုပ်မှုကုန်ကြမ်း

ဧရာဝတီတိုင်းဒေသကြီးအတွင်း   သင်ဖြူးဖျာ ထုတ်လုပ်သော မြို့များအနက် ပန်းတနော်မြို့နယ် မှာ လူဦးရေ၏ ၈ဝ ရာခိုင်နှုန်းခန့်က  သင်ဖျာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး  အသက်အရွယ်မရွေး သင်ဖျာ လုပ်ငန်းအကြောင်းကို အနည်းနှင့်အများဆိုသလို သိရှိတတ်ကျွမ်းကြသူများ ဖြစ်ပြီး၊ သင်ဖျာယက်လုပ်သလို သင်ပင်ကိုလည်း စိုက်ပျိုးလျှက်ရှိသည်။ မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု  ၃၄  အုပ်စု တွင်  သင်ခြံစိုက်ပျိုး မှု  ၁၀၅၂၅ ဧကရှိပြီး ပန်းတနော်ဒေသမှထွက်သည့် သင်မှ ကုန်ကြမ်း များ ကို ဓနုဖြူ၊ မအူပင်၊ ညောင်တုန်း၊ အစရှိသည့် အနီးအနား ရှိ  မြို့နယ်များက ဝယ်ယူပြီး သင်ဖျာယက်လုပ်ကြကြောင်း၊ ပန်းတနော်တွင် သင်ခြံစိုက်ပျိုးပြီး စိုက်ပျိုး မှု  ၁၀၅၂၅ ဧကရှိသည်။ သင်က  သုံးနှစ် တစ်ကြိမ် ခုတ်ယူနိုင်တဲ့အတွက် ကုန်ကြမ်း သင်အစိုတွေ လိုသလောက်ဝယ်ယူနိုင်တယ်။ ကုန်ကြမ်းထွက်ချိန်မဟုတ်တဲ့ မိုးတွင်းကာလမှာတောင် ကုန်ကြမ်းကို  သင်ခြောက်လှောင်တဲ့သူတွေဆီက လိုသလောက်ဝယ်နိုင်လို့ ဒီဒေသမှာ ဖျာအတွက် ကုန်ကြမ်းပြတ်တာတော့   မရှိပါတာမျိုး မရှိကြောင်း သင်ဖျာလုပ်ငန်းရှင်တစ်ဦးဖြစ်သူဦးဝင်းမောင်ကဆိုသည်။
            ပန်းတနော်မြို့နယ်အတွင်းရှိရွာတိုင်းနှင့်  အိမ်တိုင်းနီးပါး ဖျာလုပ်တယ်။ ကိုယ်ပိုင်လုပ် နိုင်တဲ့သူက ကိုယ်ပိုင် ဖျာယက်လုပ်ငန်းကို လုပ်သားများနှင့် ယက်လုပ်ကြပြီး၊  ကိုယ်ပိုင် မထောင်နိုင်တော့ လည်း လက်ခစား လုပ်၍ ဖျာယက်လုပ်ငန်းကို လုပ်ကိုင်ကြသည်။

သင်ဖျာထုတ်လုပ်နိုင်မှု အခြေအနေ

သင်ဖျာလုပ်ငန်းတွင် လုပ်ငန်းအမျိုးအစား အလိုက် ရရှိသည့် လုပ်ခလစာများမှာ မတူညီပေ။ ဖျာချုပ်သူမှာ ချုပ်နိုင်သည့်အပေါ်မူတည်၍ တစ်ရက်  ကျပ် ၁၀၀၀၀/ ၁၅၀၀၀ ရသည်။ သင်ဖျာယက်လုပ်သူ လုပ်သား အနည်းဆုံး သုံး/လေးဦး ငှားရမ်းပြီး လက်ခစားစနစ်ဖြင့် ဖျာများထုတ်လုပ်လျက်ရှိရာ ခြောက်တောင်ညွန့်ရှယ်ဖျာ နှစ်ယောက်အိပ် အချပ် ၆၀၊ ခြောက်တောင် ရိုးရိုးဖျာ ငါးစိတ် အချပ် ၇၀၊ လေးတောင်ညွန့်ရှယ် တစ်ယောက်အိပ် အချပ် ၈၀၊ လေးတောင် ငါးစိတ်ဖျာ ကြမ်းချော အချပ် ၈၀ ခန့်ဖြင့်  စုစုပေါင်း တစ်လလျှင် ဖျာအချပ်ရေ ၂၉၀-၃၀၀နီးပါး ခန့်  ထုတ်လုပ်နိုင်ကြောင်း ပန်းတနော်သင်ဖြူးဖျာထုတ်လုပ်ရေးအသင်းမှ တာဝန်ရှိသူက ရှင်းလင်’ ပြောပြသည်။
            ပန်းတနော်မြို့ယက်လုပ် ထုတ်လုပ်သည့် ဖျာအမျိုးမျိုး မှာ သင်ဖျာဈေးကွက်၌ နေရာတစ်ခု အခိုင်အမာ ရရှိနေပြီဖြစ်သလို သင်ဖြင့်လုပ်သည့်  ဦးထုပ်၊ ဖိနပ်၊ ပိုက်ဆံအိတ်စသည့် အမှတ်တရ အသုံးအဆောင် ပစ္စည်းများကိုလည်း ပြည်တွင်း ပြည်ပ ခရီးသွားတို့ နှစ်သက်စွာ ဝယ်ယူလာကြကြောင်း ပြောပြသည်။

သင်ဖျာရောင်းချမှုနှင့် ဈေးနှုန်းဈေးကွက်

            ပန်းတနော်မှ သင်ဖြူးဖျာအမျိုးမျိုး ထုတ်ကုန်များကို ရောင်းချသော ဖျာအရောင်းဆိုင် (၁၀)ဆိုင်ခန့်ရှိသည်။ ထိုဆိုင်များမှ ကုန်ကြမ်းယက်လုပ်ပြီးဖျာများကို ကျေးရွာဖျာယက်လုပ်ငန်းအထိ လိုအပ်သော ဖျာအမျိုးအစားများကို ဝယ်ဘူပြီး ကုန်ချောအဖြစ်ယက်လုပ်ကာ ဆိုင်တွင် တင်ရောင်းချခြင်းမျိုး လည်းရှိသည်။ စိတ်ကူးစိတ်သန်း၊ ပုံဖော်၍ ဒီဇိုင်ပုံစံအမျိုးမျိုး ကြိမ် ဝါး ဖျာ ပေါင်းစပ်ဥ ၍ ထုတ်လုပ်ကြောင်း ယူကေစိန် သင်ဖျာရောင်းဝယ်ရေး လုပ်ငန်းရှင်မှ ရှင်းပြသည်။

            သင်ဖျာရောင်းချမှု ဈေးနှုန်းအနေဖြင့် ရောင်းချနေသော အမျိုးအစား အလိုက် ကားစတီခုံအခင်း (အဝိုင်း၊ လေးထောင့်) ၅၅၀၀ ကျပ်၊ ၂ပေပတ်လည်ဖျာ ၁၆၀၀၀ကျပ်၊ ၁၈လက်မ ပတ်လည်ဖျာ ၂၅၀၀၀ကျပ်၊ ၆ပေ ၃ပေ တစ်ဖက်ချောဖျာ ၄၅၀၀၀ ကျပ်၊ ၆ပေ ၃ပေ နှစ်ဖက်ချောဖျာ ၅၅၀၀၀ ကျပ်၊  ၆ပေခွဲ ၅ပေ ၃လက်မ တစ်ဖက်ချောဖျာ ၆၅၀၀၀ ကျပ်၊ ၅ပေ ၄လက်မ ၂ပေဖျာ ၁၅၀၀၀ကျပ်၊  ၅ပေ ၄လက်မ ၄ပေ ၂လက်မ ဖျာ ၃၀၀၀၀ ကျပ်၊ ၆ပေ ၃ပေ ၉လက်မ ဖျာ ၄၅၀၀၀ ကျပ်၊ ၆ပေ ၂ပေ ၁၀လက်မ ဖျာ ၃၅၀၀၀ ကျပ်၊ ၆ပေ ၃ပေ ၃၈၀၀၀ ကျပ်၊  ၆ပေခွဲ ၅ပေ ၃လက်မ ၆၅၀၀၀ ကျပ်၊ ၆ပေ ၄ပေ (ခါးဆက်)ဖျာ ၃၃၀၀၀ ကျပ်၊ ၆ပေ ၄ပေ ၄လက်မဖျာ ၃၈၀၀၀ ကျပ်ရောင်းချနေသည်။ ယခင်နှစ် ဈေးထက် ၂၀၀၀၀-၂၅၀၀၀ ကျပ် ဈေးမြင့်တက်လာကြောင်း ရောင်းချသူလုပ်ငန်းရှင်မှပြောပြသည်၊

လုပ်ငန်းအခက်အခဲ

            လုပ်ငန်းအခက်အခဲအနေဖြင့် သင်ဖျာလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရန် မတည်ရင်းနှီးငွေ လို အပ်နေခြင်း၊ လုပ်သားအင်အားရှားပါးခြင်း၊ လုပ်ငန်းနည်းပညာ လိုအပ်ခြင်း၊ သင်ဖျာကြမ်းနှင့်အချော နှစ်ချပ်ကို ချုပ်ရန်အတွက် အနားကွပ်ချုပ်သည့်အခါ လက်ဖြင့်သာ ချုပ်၍ လှိုင်းတွန့် အလှသည် စက်ဖြင့်ပြောင်းလဲ ချုပ်နိုင်လျှင် ထွက်ရှိမှု ပိုမို များပြာထွက်ရှိမည်ဖြစ်ပြီး၊ လက်ဖြင့်အနားချုပ်ခြင်းကြောင့် အချိန်ကြန့်ကြာ နေကြောင်း၊ ယက်လုပ်ခြင်းက မကြာပဲ၊ သင်ဖျာချုပ်လုပ်ချိန်က ပိုကြသည့်အတွက် သင်ဖျာချုပ်စက်များ ရှိပါက  လုပ်ငန်း ပိုမိုတွင်ကျယ်မည်ဖြစ်ကြောင်း၊ အိမ်တွင်းလက်မှု လုပ်ငန်းဖြစ်နေ၍  နှစ်ကြာသော မိရိုးဖလာ လုပ်ငန်းဖြစ် သည့် အတွက် ဖျာကိုလက်ဖြင့်ချုပ်မှသာ လှပသော လှိုင်းအနားတွန့်ထွက်ရှိ ပြီး သေသပ်သော ဖျာတစ်ချပ် ရရှိကြောင်း သင်ဖျာလုပ်ငန်းရှင် အသင်းစု၏ အတွင်းရေးမှု၏ ပြောပြချက်အရ လေ့လာသိရှိရသည်။

ရှင်းလင်းတင်ပြချက်

            သင်ဖျာယက်လုပ်ပြီး ကုန်စည်များကို ဒေသကုန်စည်ပြပွဲ တိုင်းဒေသကြီး ကုန်စည်ပြပွဲများတွင် ခင်ကျင်း ပြသပြီး နိုင်ငံတော် လူကြီးများမှ ဒေသတွင်းလက်မှု လုပ်ငန်းများကို အားပေးကူညီ စိတ်ဝင်စားသည့်အတွက် သင်ဖျာလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ ဒေသတွင်းလုပ်ငန်း ယက်လုပ်မှု အခြေ အနေများကို သိရှိနားလည်မှ ကူညီပံပိုးမှု လုပ်ငန်းဆောင်ရွက်နိုင်မည်ဖြစ်၍ တင်ပြပေးနိုင်ရန်ကိုလည်း သတ်မှတ်ချက်များ စည်းမျဉ်း စည်းကမ်းများ ချမှတ်၍ လုပ်ငန်း အငယ်၊ အလတ်၊ အကြီးအလိုက် ချေးငွေများ ရရှိနိုင်ရန်၊ လက်မှု မှ စက်မှုလုပ်ငန်းသို့ ပြောင်းလဲကူညီဆောင်ရွက်နိုင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းကောင်း လိုအပ်သည့် ငွေကြေးအရင်း အနှီး၊ နည်းပညာ၊ ဈေးကွက်များ ကောင်းမှ လုပ်ငန်းတစ်ခု ဖွံဖြိုးတိုးတက်လာနိုင်မည့်အကြောင်းကို ကွင်းဆင်းလေ့လာချက်များအရ ရေးသားတင်ပြအပ်ပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူအကြောင်းသိကောင်းစရာများဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်ဇော်ဦး(ဦးစီးအရာရှိ)သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံး သူကာကွယ်ရေးအသိ ပညာပေး Talk Showကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၁၇ရက်နေ့ နေ့လယ် (၁၀:၃၀) နာရီ အချိန်တွင် မအူပင်လူထု အခြေပြု ဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

အသိပညာပေး ဆွေးနွေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မေးမြန်းရာ စားသုံးသူကာကွယ်ရေးဥပဒေနှင့် ရည်ရွယ်ချက်အကြောင်းကို ရှင်းလင်းပေးပါရန်တင်ပြလာ၍  မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦး က စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက် (၈)ချက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်အကြောင်း၊ စားသုံးသူအခွင့်အရေး(၈)ချက်ကိုလည်းကောင်း စားသုံးသူများ စားသုံးသူအခွင့်အရေး နစ်နာမှု ရှိလာပါကလည်း တိုင်းကြားရှင်းလင်းတင်ပြခွင့်ရှိကြောင်း ပြောကြားခဲ့သည်။ စားသုံးသူများ နစ်နာဆုံးရှုံးမှုကြုံ တွေ့ရတဲ့အခါ တိုင်ကြားနိုင်တဲ့နည်းလမ်းများ အနေနဲ့ကတော့ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ် လှုပ်ရှားမှုများကို doca.gov.mm website တွင်ဝင်ရောက်လေ့ လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Facebook Page၊ Play Store တွင် Mobile App၊ Download ရယူပြီး တိုင်ကြားနိုင်ကြောင်း၊ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ် အသီးသီးတွင် စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာများဖွင့်လှစ်ထားပြီး လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်၊ ဆက်လက်၍ ဘယ်လိုအခြေအနေမျိုးမှာ တိုင်ကြားရမည်လဲဟု မေးမြန်းရာ ဘယ်လိုအခြေအနေမျိုးမှာ တိုင်ကြားရ မည်လဲဆိုလျှင် ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူတွေဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာဖြစ်စေ၊ ဂုဏ်သိက္ခါ ဖြစ်စေ၊ အမည်ဂုဏ်သတင်း ပိုင်ဆိုင်မှု တစ်ရပ်ရပ်ကိုဖြစ်စေ၊ ဥပဒေနှင့် မညီသည့် ထိခိုက်နစ်နာမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ပါကြောင်း ပြည်သူများသိရှိရန် ရှင်းလင်းပြော ကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုများအတွက် လူစီးသုံးယာဉ်ပြုပြင်ထိန်းသိမ်းခြင်း ပညာဒါန(အခမဲ့) သင်တန်း ဖွင့်လှစ်

BAJAJ အမှတ်တံဆိပ် လူစီးသုံးဘီးကုမ္ပဏီမှ တာဝန်ယူစီစဉ်သော ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ လူစီးသုံးဘီးယာဉ် ပြုပြင်ထိန်းသိမ်းခြင်း ပညာဒါန (အခမဲ့)သင်တန်းဖွင့်ပွဲကို ၁၆.၁၂.၂၀၂၄ ရက်နေ့ မနက် (၀၉:၀၀) နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက် ခဲ့ပါသည်၊၊

အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ BAJAJ သုံးဘီးကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်း ၊ BAJAJ သုံးဘီးကုမ္ပဏီ၏ နိုင်ငံခြားသား ပညာရှင်မှ နှုတ်ခွန်းဆက်စကား ပြောကြားပြီး အမှတ်တရ မှတ်တမ်း ဓာတ်ပုံရိုက်ကူးပါသည်၊၊ အဆိုပါ လူစီးသုံးဘီးယာဉ် ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းကို ၁၆.၁၂.၂၀၂၄ ရက်နေ့မှ ၂၆.၁၂.၂၀၂၄ ရက်နေ့ထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းသားဦးရေ (၃၄)  ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကုန်ထုတ်လုပ်ငန်းများအတွက်လုပ်ငန်းသုံးပစ္စည်းများပေးအပ်

 

   ဧရာဝတီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကျေးလက်နေပြည်သူများ၏အသေးစား ကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန် တိုင်းဒေသ

ကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့်ကျေးရွာ (၁၈)ရွာရွေးချယ်ခဲ့ပြီး အဆိုပါကျေးရွာများတွင် စက်ချုပ်သင်တန်း၊ဆိုင်ကယ်ပြုပြင်သင်တန်းဒီဇယ်အင်ဂျင်စက်ပြင်သင်တန်းတို့ ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းမှအခြေခံနှင့်မွမ်းမံသင်တန်းတက်ရောက်ပြီးသူများမှ ထူးချွန်၍လုပ်ငန်းထူထောင်မည့် သူများအားလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲကို ပုသိမ်မြို့မြို့တော်ခန်းမတွင် ဒီဇင်ဘာလ ဒုတိယပတ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

            ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်၊ဝန်ကြီးများ၊တရားသူကြီးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က လုပ်ငန်းသုံးပစ္စည်း များပေးအပ်ခဲ့ပြီး သင်တန်းဆင်းသင်တန်းသားများ ကိုယ်စားလှယ်လုပ်ငန်းထူထောင်မည့်သူမ ှကျေးဇူးတင်စကားပြောကြား၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ