သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ(၅/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

          ရန်ကုန်တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ(၅/၂၀၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၃.၁၂.၂၀၂၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို စားသုံးသူရေးရာကော်မတီဥက္ကဌဖြစ်သူ  စီးပွားရေးရာ ဝန်ကြီးဦးမျိုးမြင့်အောင်၊ အတွင်းရေးမှူးဖြစ်သူ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်၊ ကော်မတီဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူ ရေးရာ ဦးစီးဌာနမှတာဝန်ရှိသူများ စုစုပေါင်း ၁၄ ဦးတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား စတင်ချိန်တွင် စားသုံးသူရေးရာကော်မတီဥက္ကဌဖြစ်သူ စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူးဖြစ်သူ ဦးကျော်ကျော်လွင်ကရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝေးသို့တင်ပြထားသည့်အမှာစာများအား ဖတ်ကြားတင်ပြခြင်းနှင့် အတည်ပြုချက် ရယူခြင်းတို့ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် တက်‌ရောက်လာသူများက အထွေထွေဆွေးနွေး ခဲ့ကြပြီး စားသုံးသူရေးရာကော်မတီဥက္ကဌဖြစ်သူ စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အခမ်းအနားပြီးမြောက်ခဲ့ပါသည်။

DOCA(ရန်ကုန်)

 

ဆန်နှင့် ကြက်ဥ၊ ဘဲဥ ဈေးနှုန်းများ ဈေးမြှင့်တင် ရောင်းချမှုမရှိစေရေးဆွေးနွေး

 ရန်ကုန်တိုင်းဒေသကြီးအတွင်း၊ ဈေးဝယ်စင်တာများနှင့် ဈေးများရှိ ကြက်ဥ၊ ဘဲဥ၊ ဆန်‌ အရောင်းဆိုင်များ၌ ဈေးနှုန်းမြင့်တင်ရောင်းချမှုမရှိစေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာ အုပ်ချုပ်ရေးမှုးရုံး၊ စည်ပင်သာယာရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ကိုယ်စားလှယ် များဖြင့် ဆိုင်/မြို့နယ် ကော်မတီများဖွဲ့စည်း၍ ကွင်းဆင်းစစ်ဆေးကြပ်မတ်သွားရန်နှင့် ကုန်ဈေးနှုန်းများလိုအပ်သည်ထက် ပိုမိုမြှင့်တင်ရောင်းချ မှုမရှိစေရေး (၂၀.၁၂.၂၀၂၄)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် သင်္ဃန်းကျွန်းခရိုင်၊ အထွေထွေအုပ်ချုပ် ရေးအစည်းဝေးခန်းမ၌ အ‌‌ရောင်းစင်တာနှင့်ဈေးများရှိ အ‌ရောင်းဆိုင်ကိုယ်စားလှယ်တာဝန်ရှိသူများကို ဖိတ်ကြားတွေ့ဆုံ ပြောကြားခဲ့ပါသည်။

              ထိုသို့ဆွေးနွေးရာ၌ ဖွဲ့စည်းထားသည့် ခရိုင်ကွင်းဆင်းကြပ်မတ်စစ်ဆေးရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ခရိုင်အုပ်ချုပ်‌ရေးမှူးမှ Shopping malls၊ City Market  နှင့် စတိုးဆိုင်၊ အ‌‌ရောင်းဆိုင်လုပ်ငန်းများ မှ တာဝန်ရှိသူများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥနှင့် အခြားစားသောက်ကုန်များကို လိုအပ်သည်ထက်ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုရန်၊ ခရိုင်/မြို့နယ် ကော်မတီဝင်များဖြင့် ဖွဲ့စည်းဆောင်ရွက်ရမည့် အခြေအနေ များ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုမြှင့်တင် ရောင်းချခြင်းမပြုရန်မှာကြားခဲ့သည်။ ဆက်လက်၍  အဖွဲ့ဝင်များဖြစ်သည့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာ‌ရေးအဖွဲ့ တာဝန်ရှိသူ များမှ လက်ရှိကာလအတွင်း ကြက်ဥ၊ ဘဲဥ နှင့် အခြေခံစားသောက်ကုန်များကို အခြေခံ လူတန်းစားများ သင့်တင့်သောဈေးဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့နှင့် မွေးမြူရေးအဖွဲ့ချုပ်တို့မှ ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှလည်း ဈေးကွက်အတွင်း ကုန်ဈေးနှုန်း ကောက်ယူ တင်ပြ နေမှုများ ၊ စားသောက်ကုန်ပစ္စည်းများအား အ‌‌ရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားပြီးဖြစ်၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ဖြန့်ဖြူးရောင်းချခြင်း ၊ သယ်ယူပို့ ဆောင်ခြင်းများတွေ့ရှိပါက အ‌‌‌ရေးယူနိုင်ကြောင်း ၊ အခြေခံလူတန်းစားများ၏ စားသောက်ကုန်များအား သင့်တင့်သောအမြတ်နှုန်းဖြင့်သာ သတ်မှတ်ရည်ညွှန်းဈေးများအပေါ်  အမြတ်တင်ရောင်းချပေးကြရန် တို့ကိုဆွေးနွေးပြောကြား ခဲ့ပါသည်။ ထို့နောက် အဖွဲ့ခေါင်းဆောင်အုပ်ချုပ်ရေးမှူးမှ ခရိုင်/မြို့နယ် ကော်မတီဝင်များ ကွင်းဆင်းကြပ်မတ်စစ်ဆေးသွားရန်နှင့် ကုန်ဈေးနှုန်းများလိုအပ်သည်ထက် ပိုမိုမြှင့်တင် ရောင်းချနေမှုများတွေ့ရှိပါက တိုင်းဒေသကြီးအဖွဲ့သို့ တင်ပြလမ်းညွှန်မှုခံယူသွားရန်တို့ကို ပြော ကြားခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ သင်္ဃန်းကျွန်းခရိုင်အတွင်း မြို့နယ်(၄)မြို့နယ်ရှိ ဈေးဝယ်စင်တာ၊ အရောင်းဆိုင်များမှ တာဝန်ရှိသူ(၉)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ရန်ကုန်)

SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

          ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ၁၈.၁၂.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရေကြည်ခန်းမတွင် တိုင်းဒေသကြီးအသေးစားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် အဖွဲ့သည် ရေကြည်မြို့နယ်အတွင်းရှိ ကြိမ်၊ ဝါး လက်မှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ SMEsလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်စေရေးနှင့် ကုန်ကြမ်းပြတ်လပ်မှုမရှိစေရေးနှင့် မိမိမြို့နယ်မှထွက်ရှိသော ကြိမ်၊ ဝါး အချောထည်များအား ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်ပြီး တင်ပို့နိုင်ရေးအတွက် လုပ်ငန်းရှင်များစုပေါင်း၍ ကုမ္ပဏီတည်ထောင်ပြီး ချိတ်ဆက်ဆောင်ရွက်ကြရန်၊ ခရီးသွားဧည့်သည်များဝင်ရောက်ကြည့်ရှုနိုင်ရန် ကားလမ်းမကြီးများဘေးတွင် အရောင်းပြခန်းများ ဖွင့်လှစ်ပြသရောင်းချခြင်းများ ဆောင်ရွက်ရန်နှင့် အဆင့်မြင့်နည်းပညာများတိုးတက်စေရေးအတွက် ဖွင့်လှစ်သင်ကြားပေးသော သင်တန်းများကို တက်ရောက်သင်ကြားနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့ Online Sale ရောင်းချသောအဝတ်အထည်၊ အလှကုန်နှင့် စားသောက်ကုန်များအား ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၁၆.၁၂.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်  ဟင်္သာတမြို့ပေါ်ရပ်ကွက်နှင့် တက္ကသိုလ်လမ်းမကြီးရှိ Online စနစ်ဖြင့် ရောင်းချလျက်ရှိသော အဝတ်အထည်၊ အလှကုန်နှင့် စားသောက်ကုန်ဆိုင်များသို့ အွန်လိုင်းမှတ်ပုံတင်ထားမှုရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်မှ Online စနစ်ဖြင့်ရောင်းချ နေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်းလုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန်တစ်ကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှုရှိ/ မရှိ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

 DOCA(ဧရာဝတီ)

ဟင်္သာတခရိုင်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းများအားကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၁၉.၁၂.၂၀၂၄)ရက်နေ့ နေ့လယ် (၁၃:၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ဟင်္သာတခရိုင်အတွင်းရှိသောက်ရေသန့်စက်ရုံများသို့ ကွင်းဆင်းစစ်ဆေး ခြင်းများဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းခဲ့ရာတွင်ပူး‌ပေါင်းအဖွဲ့သည် ပုဂ္ဂလိကရေသန့်စက်ရုံများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထောက်ခံချက်များရှိ/ မရှိစစ်ဆေးခြင်း၊ စက်ရုံပတ်ဝန်းကျင်အခြေအနေ၊ ကုန်ကြမ်း၊ ကုန်ချောထားရှိမှုအခြေအနေ၊ ရေသန့်များထုတ်လုပ်ရာတွင် အရည်အသွေးပြည့်ဝအောင် ထုတ်လုပ်သွားရန်မှာကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊  သောက်ရေသန့်ဘူး ပေါ်တွင် ကုန်စည်၏ အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့်ဖော်ပြရန်နှင့်  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/ မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ စက်ရုံအတွင်း/ အပြင်၌ သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်စေရန်၊ သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချ ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များ အကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတင်ကျေးရွာပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်(၁၈.၁၂.၂၀၂၄)ရက်နေ့ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ် ပန်းတင်ကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းတန်ဆောင်း အတွင်း၌  စားသုံးသူပြည်သူ(၄၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ကိုဆောင်ရွက်ခဲ့ပါသည်။

            ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုမှ စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊  စားသုံးကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် အသိပညာပေးခြင်းများ၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စသည့်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆန်သိုလှောင်ရုံများတွင် တရားမဝင်ကုန်ပစ္စည်းများ သိုလှောင်ထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၇.၁၂.၂၀၂၄)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် မြို့နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ကြံခင်းမြို့ ရွာသစ်ရပ်ကွက်ရှိ ဆန်စက်များနှင့် ဆန်သိုလှောင်ရုံများအား တရားမဝင်သိုလှောင်ထားခြင်းရှိ/ မရှိနှင့်  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           ထိုသို့ကွင်းဆင်းရာတွင် ဆန်စက်များရှိ သိုလှောင်ရုံများအား မြို့နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ သိုလှောင်ရုံအတွင်း စပါး/ ဆန်တည်ရှိမှုအခြေအနေအရ ရာသီချိန်တွင် ပုံမှန်ဝယ်ယူ ကြိတ်ခွဲထုတ်လုပ်လျက်ရှိကြောင်းတွေ့ရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှလအလိုက် ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန် ရောင်းချခြင်းမဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များပြတ်လပ်မှုမရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်းလိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များ အကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည့်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ်မှ စားအုန်းဆီလက္ကားကိုယ်စားလှယ်များ ဖြန့်ဖြူးသောစားအုန်းဆီများ စနစ်တကျ ဖြန်ဖြူးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၉.၁၂.၂၀၂၄) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဟင်္သာတမြို့၊ ဈေးကလေးလမ်း၊ တာငါးဆယ် မြောက်ရပ်ကွက် စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ခရိုင်ဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်အသင်းမှ လုပ်ငန်းရှင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး (၁၈)ဦးနှင့် ဟင်္သာတမြို့ နယ်မှ စားအုန်းဆီလက္ကားကိုယ်စားလှယ်များ ဖြန့်ဖြူးသောစားအုန်းဆီများ စနစ်တကျ ဖြန်ဖြူးနိုင် ရေး ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးမှ  ဟင်္သာတမြို့ နယ်အတွင်းရှိ ကျေးရွာများ၌ပြည်သူများထံစားအုန်းဆီဖြန့်ဖြူးရာတွင် ရန်ကုန်ကုမ္ပဏီများမှ တင်သွင်း လာသောခွဲတမ်းရ ဆီများကိုလက္ကားကိုယ်စားလှယ်များမှတစ်ဆင့် ကုန်စုံဆိုင်များ၊ ပြည်သူများထံသို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့်စနစ်တကျ ဖြန့်ဖြူးရောင်းပေး လျက်ရှိကြောင်း၊ ယခင်က အိမ်ထောင်စုစာရင်းဖြင့် ရောင်းချသော်လည်း ယခုအခါ ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဖြန့်ဖြူးရာတွင် မှန်ကန်တိကျစေရေး၊ ကျေးရွာနေပြည်သူများထံ ရောင်းချပြီးစီးပါက သတ်မှတ်ဇယားပုံစံများတွင် ဖြည့်သွင်း၍ပြန်လည်တင်ပြရန်လိုအပ်ကြောင်း၊ ဒါမှသာလျင် ဆီဖြန့်ဖြူးရာတွင် စနစ်တကျရှိမည်ဖြစ်၍ ယခုလိုခေါ်ယူ ဆွေးနွေးရခြင်းဖြစ်ကြောင်း ပြောကြားပါသည်။ မိမိတို့ဌာနအနေဖြင့် ဆီဖြန့်ဖြူးရာတွင် ပါဝင်စွက်ဖက်ခြင်းမရှိပဲ ပြည်သူများ စနစ်တကျဝယ်ယူရရှိနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ တက်ရောက်လာသူများမှလည်း ပြန်လည်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး အစည်းအဝေးကို နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

 DOCA(ဧရာဝတီ)

အဝတ်လျှော်စက်ကပေးသော ထုတ်ကုန်လုံခြုံစိတ်ချရမှု သင်ခန်းစာ

          ယနေ့ကမ္ဘာကြီးသည် သတင်းနှင့် နည်းပညာဖလှယ်မှု တွင် အရှိန်အဟုန်ပြင်းပြင်းဖြင့် ရှေ့သို့ ခရီးနှင်လျက်ရှိပါသည်။ အီလက်ထရွန်းနစ်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ စားသုံးကုန်ပစ္စည်းများနှင့် စက်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ၏ သတင်းအချက်အလက်များသည် စားသုံးသူ များ၏ ဘေးကင်းလုံခြုံရေးကို အသိနှင့် သတိပေးနေခြင်းဖြစ်သည်။  တဖက်တွင်လည်း ကုန်အညွှန်း အမှတ်အသားများ၊ ကုန်ပစ္စည်းအမှတ်တံဆိပ်များနှင့် ရော၍ကုန်ပစ္စည်းကြော်ငြာများသည်လည်း ပါလာ ကြောင်းတွေ့လာရပါသည်။

          သို့သော်လည်း စားသုံးသူပြည်သူအများစုက ကုန်အညွှန်းအမှတ်အသားကို သတိမမူသေးသ ဖြင့်  အသက်အန္တရာယ်ထိခိုက်မှုများ ရှိနေပေလိမ့်မည်။ မည်သူကမျှ မှတ်တမ်းတင်၍ သတင်း မှတ်တမ်းအဖြစ် ထုတ်ပြန်ခြင်းမရှိသော်လည်း ထိခိုက်နစ်နာမှုက နေ့စဉ်နှင့်အမျှ ရှိနေလိမ့်မည်။ ထိုနည်းတူစွာ ထုတ်လုပ်သူများနှင့် ပြည်ပမှတင်သွင်းသူများကလည်း ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုအလေးအနက်မထားကြသဖြင့် နစ်နာဆုံးရှုံးသူများ ရှိနေပါလိမ့်မည်။ ဆုံးရှုံးနစ်နာမှုများ မည်မျှရှိသည်ကို သိရှိရန်လွယ်ကူသော ကိစ္စမဟုတ်ပေ။

အဝတ်လျှော်စက်ကပေးသော သင်ခန်းစာ

          ကျွန်တော့်၏ မိတ်ဆွေတစ်ဦး သိပ်မကြာမီအချိန်က အဝတ်လျှော်စက်တစ်လုံးဝယ်ယူခဲ့ ပါသည်။ အမျိုးအစားမှာ Electrolux (ELITE CARE tm 300. 10KG- EWT 1075 H2WA) ဖြစ်ပြီး ထိုင်းနိုင်ငံထုတ် ဖြစ်ပါသည်။ User Guide မှာ ထိုင်းဘာသာစကားနှင့် အင်္ဂလိပ်ဘာသာများဖြင့် ဖော်ပြထားပါသည်။ စက်ပေါ်တွင် ခလုတ်များ၏ အကြောင်းများဖော်ပြထားပြီး စာအုပ်များတွင် ခလုတ်အကြောင်းများသာ  ဖော်ပြထားသော်လည်း မည်ကဲ့သို့ စက်ကိုမောင်းနှင်(Operate) ရမည်ဆို သည်ကို ဖော်ပြပေးထားခြင်းမရှိပါ။ ၎င်းအဝတ်လျှော်စက်ကို ပြည်ပမှတင်သွင်းသည့် လုပ်ငန်းရှင် သည် စားသုံး သူကာကွယ်ရေးဥပဒေ ပုဒ်မ(၄၃)ပါ “ သုံးစွဲပုံနည်းလမ်း” အား မြန်မာဘာသာဖြင့် ဖော်ပြပေးရန် ဟူ  သည့် ပြဌာန်းချက်ကို ချိုးဖောက်ကြောင်း တွေ့ရမည်ဖြစ်ပါသည်။

          မိတ်ဆွေက ၎င်းအဝတ်လျှော်စက်ကို ဝယ်ယူပြီး အိမ်ရောက်သည့်အခါ ကိုယ်တိုင်တပ်ဆင် ကြည့်ကြောင်းနှင့် ပိုင်ရှင်ကိုယ်တိုင် စက်မောင်းမရသည့်အဆုံးတွင် နီးစပ်ရာအပေါင်းအသင်းများအား လက်တည့်စမ်းခိုင်းရာ ရက်သတ္တပတ်(၁)ပတ်ကြာသည့်အထိ စက်မောင်းမရဖြစ်နေခဲ့ရကြောင်း ပြော လာပါသည်။

          နောက်ဆုံးတွင် ဝယ်ယူသည့်ဆိုင်အား အကြောင်းကြားသည့်အခါ ၎င်းမဝတ်လျှော်စက် တပ်ဆင်ခြင်း ဝန်ဆောင်မှုပေးသူနှင့် ချိတ်ဆက်ဆောင်ရွက်ရန် တယ်လီဖုန်းနံပါတ်သာပေးပြီး ဆိုင် ရှင်က ဝန်‌ဆောင်မှုမပေးသဖြင့် ငွေကုန်ကြေးကျပိုမိုများခဲ့ကြောင်း သိရှိရပါသည်။ ဤနေရာ၌ အလျဉ်း သင့်၍ ဖော်ပြလိုသည်မှာ နိုင်ငံတကာတွင် စားသုံးသူများ အကောင်းဆုံးဝန်ဆောင်မှုပေးနေကြသည့် ခေတ်ကြီးသို့ရောက်နေပါသည်။ ကုန်ပစ္စည်းများထုတ်လုပ်ပြီးသောအခါတွင် ၎င်းတို့ထုတ်သည့် ကုန်ပစ္စည်းကို စားသုံးသူများက မည်သည့် အခက်အခဲတွေ့သည်၊  ထုတ်ကုန်များ၏ အားနည်းချက် များကို ရှေ့တွင်မည်ကဲ့သို့ ပြုပြင်ရမည်ဆိုသည်ကို စနစ်တကျလေ့လာသည့် After sales service Center များဖွင့်လှစ်ပြီး ဝန်‌ဆောင်မှု များပေးခဲ့ကြောင်း လေ့လာခဲ့ဖူးပါသည်။

          ကျွန်တော်၏ မိတ်ဆွေကြီးသည် ဆိုင်ကပေးသော လိပ်စာဖြင့် ဝန်ဆောင်မှုပေးသူအား ခေါ်ခဲ့ရ ပါသည်။ ဝန်ဆောင်မှုပေးသူရောက်လာသည့်အခါ အဝတ်လျှော်စက်ကိုကြည့်ပြီး Digital auto-mechine များ တပ်ဆင်သည့်အခါ မြန်မာဘာသာလမ်းညွှန်စာအုပ်မပါခြင်းက အလွန်ဆိုးရွား ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကျေးလက်က စားသုံးသူများက ခေါ်သည့်အခါတွင် လိုက်သွား၍ တပ်ဆင်ပေးခဲ့ရကြောင်း၊ စားသုံးသူအတွက်လည်း ငွေကြေးကျမှုပိုများစေကြောင်း၊ တပ်ဆင်ရသည်မှာ ခက်ခဲသည့်အလုပ်မဟုတ်ကြောင်း၊ ဘာသာစကားအခက်အခဲနှင့် လုပ်ငန်းရှင်က စက်များ၏ သုံးစွဲနည်းစနစ်( Operating system)ဖော်ပြမထားခြင်းများဖြစ်ကြောင်း ရှင်းပြခဲ့သည်ကို မှတ်သားရပါသည်။ ၎င်းက ဆက်ပြောသည်မှာ ယခင်က အစိုးရဌာနများသည် စက်ပစ္စည်းများ မောင်းနှင်မှုစနစ်  ဖော်ပြထားခြင်းရှိမရှိများ စက်ပစ္စည်းများတွင် ပါမပါအား စစ်ဆေးသည်ကို ကြားဘူးကြောင်း၊ ယခု နောက်ပိုင်းတွင် စစ်ဆေးသည့် အသံမကြားရတော့ကြောင်း အစရှိသည်ဖြင့် ပြောဆိုမှုအား မှတ်သားခဲ့ရပြီး ကျွန်တော်တို့ တာဝန်မကျေမှုအတွက်လည်း အတော်ရှက်မိခဲ့ပါသည်။

သိနေလျှင်အလွယ်ကလေးပါ

          ဝန်ဆောင်မှုပေးသူက အဝတ်လျှော်စက်အား ရေပိုက်တပ်ဆင်ပေးခြင်းနှင့် လျှပ်စစ်မီးတပ်ဆင် ခြင်းများလုပ်ပြီးသည့်အခါ အဝတ်ညစ်များ နမူနာလျှော်ပေးသည့်အခါ အလွယ်ကလေးဖြစ်ကြောင်း မြင်တွေ့ရသည်ဟုဆိုပါသည်။ ခက်သည်မှာ ကုန်အညွှန်းတွင်ပါရှိရမည့် သုံးစွဲပုံနည်းလမ်းနှင့်ကြိုတင် သတိပေးချက် များမပါရှိခြင်းပင်ဖြစ်ကြောင်း၊ ၎င်းအချက်များကို မြန်မာ့စားသုံးသူများနားလည် အောင် မြန်မာဘာသာဖြင့် ရေးသင့်ခြင်းဖြစ်ပါသည်။ ဤသို့ရေးသားဖော်ပြနိုင်ရေးသည် စစ်ဆေးမည့် ဌာနများက ကြပ်မတ်စစ်ဆေးမှုအားနည်းခြင်းသည် အဓိကဖြစ်ပါသည်။

အနာသိလျှင်ဆေးရှိသည်

          ကုန်အညွှန်းမပါခြင်းကြောင့် စားသုံးသူများနစ်နာကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရပါသည်။ ကိုယ်တိုင် နားဖြင့်ကြားခဲ့ရပြီ။ အဓိကပြဿနာမှာ အနာမသိကြခြင်းဖြစ်ပါသည်။ အနာမသိကြ ခြင်းဟုဆိုရာဝယ် အနာ၏ အတိမ်အနက်နားမလည်ခြင်းဖြစ်ကြောင်း ပြောပါက ပိုမိုမှန်ကန်မည်ဟု ယူဆပါသည်။ ဝန်ထမ်းများက ဈေးကွက်စောင့်စစ်ဆေးခြင်းများ အကြိမ်ကြိမ်စစ်ဆေးခဲ့ကြပြီ။ လုပ်ငန်းရှင်များ အကြိမ်ကြိမ်တွေ့ဆုံ ပညာပေးခဲ့ကြပြီ။ သမရိုးကျဖြစ်နေပြီလား၊ လုပ်ရိုးလုပ်စဉ်အ တိုင်းလုပ်ကြခြင်းလား၊ မြေပြင်စစ်ဆေးရေးအရာရှိများ မွေးထုတ်သော်လည်း သင်ခန်းစာ နောမကျေ ခဲ့ခြင်းလား၊ အခြားလုပ်ငန်းများ ဖိစီး၍မဆောင်ရွက်နိုင်ခြင်းလား၊ စစ်ဆေးရေးအရာရှိနှင့် တာဝန်ခံ အရာရှိများကိုယ်တိုင်က စစ်ဆေးရမည့်ဘာသာရပ်ကို မကျွမ်းကျင်၍လား အစရှိသည်ဖြင့် မေးခွန်း ပေါင်းများစွာ ကိုယ့်ကိုကိုယ် မေးခွန်းများထုတ်မိနေခဲ့ပါသည်။

          အဝတ်လျှော်စက် ဝယ်ယူတပ်ဆင်သည့် ဖြစ်စဉ်အား ပြန်လည်သုံးသပ်မည်ဆိုပါလျှင် ကုန် အညွှန်းအမှတ်အသား  စစ်ဆေးရမည့်ကုန်ပစ္စည်းအမျိုးအစား ရွေး ချယ်မှုမှားယွင်းမှုများကြောင့်ဟု ယူဆသည်။ အီလက်ထရွန်းနစ်ပစ္စည်းများ စစ်ဆေးလေ့မရှိကြခြင်း၏ နောက်ဆက်တွဲပြဿ နာများပင်ဖြစ်ပါသည်။ ကျွန်တော်တို့ဌာနက မကျွမ်းကျင်သည့်နယ်ပယ်ဖြစ်သဖြင့် စက်ပစ္စည်း တည်‌‌ဆောက်ပုံအား စစ်ဆေးရန်မလိုအပ်ပဲ ၎င်းစက်ပစ္စည်း၏ အသုံးပြုပုံအညွှန်းအမှတ်အသား ပါမပါ စစ်ဆေးရုံဖြင့် တာဝန်ကျေနေပြီဖြစ်ပါသည်။

          မြို့ပေါ် ပညာတတ်ပေါများသည့် နေရာတွင် အင်္ဂလိပ်စာဖြင့်ဖော်ပြပေးထားသဖြင့် ဖတ်ရှု့ပြီး စမ်းသပ်လုပ်လျှင် တစ်နေ့မဟုတ်တစ်နေ့ ရနိုင်သေးသည်။ ကျေးလက်တောရွာရှိ အင်္ဂလိပ်စာ ဖတ်ရန်ခက်ခဲသည့် စားသုံးသူဖြစ်ပါက စက်ပြင်ဝန်ဆောင်မှုအတွက် ခြေကြွခမှစ၍ ပိုမိုကုန်ကျစရိတ် များလာပေမည်။ သို့အတွက်ကြောင့် အဝတ်လျှော်စက်နှင့် ၎င်းအလားတူ ကုန်ပစ္စည်းများအတွက် မဖြစ်မနေ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ကုန်ပစ္စည်းအသုံးပြုပုံနှင့် ကြိုတင်သ တိပေးချက်များ ပါမပါများအား မဖြစ်မနေစစ်ဆေးပေးသင့်ကြောင့် စစ်ဆေးရေးအရာရှိများအား တိုက်တွန်းနှိုးဆော် အကြံပြုအပ်ပါသည်။

DOCA(စစ်ကိုင်း)        

         

 

 

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၏ ဒီဇင်ဘာလတွင် စားသုံးသူအသိပညာပေး လုပ်ငန်းများဆောင်ရွက်နိုင်မှု အခြေအနေ

          စစ်ကိုင်တိုင်းဒေသကြီးဉီးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရန်၊ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေး ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ် အလိုက် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ၊ စားသုံးသူတိုင်ကြားမှုဖြေရှင်းခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဆီလုပ်ငန်းရှင်များအသင်းအား အသိပညာပေးဟောပြောခြင်း၊  ကလေးခရိုင်ဉီးစီးမှူးရုံးအနေဖြင့် ကလေးခရိုင်၊ ဖောင်းပြင်မြို့၊ အင်ကြင်းမြိုင်ရပ်ကွက်ရှိ အထက ကျောင်းတွင်လည်ကောင်း၊ ဟုမ္မလင်းမြို့၊ စိုက်ပျိုးရေးဦးစီးဌာနတွင် ကက်သာကျေးရွာရှိ တောင်သူ များအားလည်းကောင်း၊ ကန့်ဘလူခရိုင်ဉီးစီးမှူးရုံးအနေဖြင့် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ အင်းကောင်း ကျေးရွာရှိ အလကကျောင်းတွင်လည်းကောင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ အမက(၂) ကျောင်း တွင်လည်ကောင်း၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင်လည်းကောင်း၊ စစ်ကိုင်းခရိုင်ဉီးစီးမှူးရုံး အနေဖြင့် စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာနတွင်လည်းကောင်း၊ စစ်ကိုင်းခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ စက်ချုပ်သင်တန်းတွင်လည်းကောင်း၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ တိုင်းဒေသ ကြီးဦးစီးမှူးရုံးတွင် မီးသတ်ဌာနမှဝန်ထမ်းများအားလည်းကောင်း၊ မုံရွာမြို့၊ ပြန်/ဆက် ရုံးတွင် Online sale နှင့်ပတ်သက်၍ Talk Show ပြုလုပ်ခြင်း၊  ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း အသိပညာပေးဟောပြောခြင်း စုစုပေါင်း (၁၁)ကြိမ်နှင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ရာ ဌာန၏ မျှော်မှန်း ချက်များ၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ဌာနသို့ ဆက်သွယ် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူတိုင်ကြားမှု ဖြစ်စဉ်များကို အသိပညာပေးဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

          လုပ်ငန်းရှင်များနှင့်  တွေ့ဆုံဆွေနွေးအသိပညာပေးမှုများကိုလည်း တိုင်းဒေသကြီးဦးစီးမှူးရုံး အနေဖြင့်(၁)ကြိမ်၊ ကလေးခရိုင်ဦးစီးမှူးအနေဖြင့်(၄)ကြိမ်၊ ကသာခရိုင်ဦးစီးမှူးရုံးအနေဖြင့်(၂)ကြိမ်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးမှ(၂)ကြိမ်၊ စစ်ကိုင်းတိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့်( ၆)ကြိမ်၊ မုံရွာခရိုင် ဦးစီးမှူးရုံးမှ(၂)ကြိမ်၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့်(၂)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၄)ကြိမ်၊ စုစုပေါင်း(၂၃)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးဆောင်ရွက်ခြင်းများ ပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံများ၊ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်များ ပြည့်စုံစွာ ပေးရန် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊  စည်းကမ်းနှင့်အညီ ဖြောင့်မတ်      မှန်ကန်စွာ ဆောင်ရွက်ရန်အချက်များကို ရှင်းလင်းဆွေးနွေးအသိပညာပေးခြင်း၊ ရည်ညွှန်းဈေး သတ်မှတ်ထားသောကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေးဆွေးနွေးဟော ပြောခြင်းများဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့်သက်ဆိုင်သော လက်ကမ်းစာစောင်များ၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ