သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ စက်မှုဇုန်ရှိ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေိဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ စက်မှုဇုန်တွင်  ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းရှင် (၅၂) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းက စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင် ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Concumer Call Center NO 1535အကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်းပေးသည့် အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စား‌သောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင် (၅၂)ဦးအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရှမ်းပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့ (၂/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

       ရှမ်းပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့၏ (၂/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ၂၅-၁၁-၂၀၂၅ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

                  အစည်းအဝေးတွင် ပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် က အဖွင့်အမှာစကားပြောကြားရာမှာ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ လစဉ်ခွဲဝေချပေးသော စားသုံးဆီများကို ပြည်နယ် အတွင်း ပြည့်ပြည့်ဝဝ ရောက်ရှိအောင်သယ်ယူရေး၊ ဖြန့်ဖြူးရောင်းချရာတွင်လည်း အခြေခံရည်ညွှန်းဈေးအပေါ်  ဒေသအလိုက် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထည့်ပေါင်း၍ တွက်ချက်ထားသော တစ်ပိဿာ ဈေးနှုန်းအပေါ်  (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ရောင်းချဖြန့်ဖြူးရေး၊ ရရှိသောစားသုံးဆီများ ကိုလည်း ပြည်သူထံသို့ မှန်ကန်စွာရောင်းချဖြန့်ဖြူးရေး၊ စားသုံးဆီဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့်ကိစ္စရပ်များကို ပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။ ပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူက ယခုအချိန်ဟာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလည်း ကျင်းပပြုလုပ်ရန် ပြင်ဆင်နေဆဲကာလဖြစ်တဲ့အတွက် စားသုံးဆီဈေးနှုန်း တည်ငြိမ်ဖို့ မလိုလားအပ်တဲ့ အခက်အခဲပြဿနာများမဖြစ်ပေါ်ဖို့ ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့ဝင်များအနေဖြင့် ထိန်းသိမ်း ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ စားသုံးဆီဟာ လိုအပ်ချက်များတဲ့ အခြေခံစားကုန်ဖြစ်တဲ့အတွက် ဈေးနှုန်းတည်ငြိမ်ဖို့အရေးကြီးပြီး ရောင်းချဖြန့်ဖြူးရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြရာမှာ လုပ်ထုံး လုပ်နည်းများနှင့်အညီ မှန်မှန်ကန်ကန်နှင့် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မမှန်မကန်လုပ်ဆောင်ခြင်းများ စစ်‌ဆေးတွေ့ရှိရပါကလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး (၂/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးတွင် တင်ပြ အတည်ပြုချက်ရယူခဲ့သည့် အမှာစာ(၁၄)စောင်အား ဖတ်ကြားတင်ပြခဲ့ပြီး ပြည်နယ်စားသုံးဆီဖြန့်ဖြူးမှု ကြီးကြပ်ရေးအဖွဲ့၊ သက်ဆိုင်ရာအဖွဲ့ဝင်များမှ အတည်ပြုမှတ်တမ်းတင်ပြီး အစည်းအဝေးအား (၁၀:၃၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

တာချီလိတ်မြို့ပေါ်ရှိ ဆန်သိုလှောင်ရုံအား ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးနှင့်ပူးပေါင်း၍ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ ဆန်သိုလှောင်ရုံအား ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေအနေနှင့် သိုလှောင်ရုံအရွယ်အစား၊ အမျိုးအစား၊ ဝင်ဆံ့ပမာဏနှင့် MyRo တွင် မှတ်ပုံတင်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာချီလိတ်မြို့၊ ဝိန်းကျောက် ရပ်ကွက်အတွင်းရှိ ဆန်သိုလှောင်ရုံတွင် ဧည့်မထဆန်နှင့် ပေါ်ဆန်းမွှေးဆန်များကို အဓိကသိုလှောင် ထားသည်ကို တွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးများမှ ဆန်သိုလှောင်ရုံပိုင်ရှင်အား သင့်တင့်မျှတ သောဈေးနှုန်းများဖြင့် ရောင်းဝယ်မှုပြုကြရန်၊ ဈေးကစားရန်အလို့ငှာသိုလှောင်ခြင်း များမပြုကြရန်၊ ဆန်တန်ချိန်(၂၅)ဆံ့သိုလှောင်ရုံများအား MyRo တွင်မှတ်ပုံတင်ရန် ကျန်ရှိသော ဆန်သိုလှောင်ရုံများအား မှတ်ပုံတင်ပြုလုပ်ရန်၊ မှတ်ပုံတင်ထားရှိသောသိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအား Update ဖြည့်သွင်းနိုင်ရေးနှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသို့ ပြုစုပေးပို့တင်ပြရန်နှင့် MyRo တွင် မှတ်ပုံတင်ပြုလုပ်ပြီးသော သိုလှောင်ရုံများအနေဖြင့် မှတ်ပုံတင်သက်တမ်းကုန်ဆုံးပါက သက်တမ်း တိုးရန် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ

        ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီ အချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ မြို့မဈေးကြီး၊ ဈေးတာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သည့် ဈေးသူ/သား စုစုပေါင်း (၂၂) ဦး အား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ကာ ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

          ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည် နယ်ဦးစီးမှူးရုံးမှ ဦးအောင်လင်းဦး (ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းနှင့် ပတ်သက်၍ ဈေးသူ/သားများအား အသိပညာပေးဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး၏လုပ်ငန်းရှင်၏တာဝန်နှင့် ဝတ္တရားများ၊ ကုန်စည် တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ် အန္တရာယ်ဖြစ်စေနိုင်သည့်အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်း အမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားပြီး ထောက်ခံချက်ရှိသော အစားအစာနှင့် ထောက်ခံချက်မရှိသော အစားအစာများကို ပုံများနှင့်တကွ ပြသခဲ့ပါသည်။

          ယင်းနောက် သိကောင်းစရာများဖြစ်သော ဆိုးဆေး၊ ကြာရှည်ခံဖော်မလင်ဆေးနှင့် ဟင်းချိုမှုန့်၏ ကျန်းမာရေးဆိုင်ရာအန္တရာယ်ရှိမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောပွဲကို  (၁၂:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့ပေါ်ရှိ ဆန်ဆိုင်နှင့်ဆန်စက်အား ကွင်းဆင်းစစ်ဆေးခြင်း

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေး ရာဦးစီးဌာနနှင့် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့သည် ကျိုင်းတုံမြို့၊ ရပ်ကွက်(၁/၄) အတွင်းရှိ ဆန်ဆိုင်များနှင့်ဆန်စက်တို့အား ‌ဆန်ဈေးကွက်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့်သိုလှောင်ထားခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်စေရေးနှင့် သင့်တင့် မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ ရပ်ကွက်(၁) အတွင်းရှိ ဒေါ်လဲ့လဲ့စိုးဆန်ဆိုင်၊ အောင်ဆန်ဆိုင်၊ အာခါလေးဆန်ဆိုင်၊ ဒေါ်စိုးယုမော်ဆန်ဆိုင် ဦးဇော်မင်းဆန်ဆိုင်၊ ငွေယံဟိန်းဆန်ဆိုင်များတွင် ပေါ်ဆန်းမွှေးဆန်၊ ဧည့်မထဆန်နှင့် ဒေသဆန် များကို အဓိကရောင်းဝယ်မှုပြုကြသည်ကိုတွေ့ရှိရပြီး ပေါ်ဆန်းမွှေးဆန်များ ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့နောက် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ဆန်ဆိုင် ပိုင်ရှင်များအား သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းဝယ်မှုပြုကြရန်၊ ဈေးကစားရန်အလို့ငှာ သိုလှောင်ခြင်းများမပြုကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ဆန်အရောင်းဆိုင်များကွင်းဆင်းစစ်ဆေးခြင်း

   ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ နမ့်စန်မြို့ပေါ်ရှိ ဆန်လက်လီလက်ကားရောင်းချနေသော ဆန်အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နမ့်စန်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင် ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကိုသိုလှောင်ခြင်းမပြုရန်နှင့် အခြေခံ စားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိအား ကြပ်မတ်စစ်ဆေးလျက်ရှိရာ ဆန်ဆိုင်များမှ သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ဆန်ဈေးနှုန်း ယခင်အပတ်ဈေး၊ ယခုအပတ်ဈေးနှုန်းများကို မေးမြန်းခဲ့ပြီး ဆန်လက်ကျန်ဆန်အိတ် အရေအတွက်များစွာမရှိပဲ ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်လည်ပတ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(ရှမ်း)

ဟဲဟိုးမြို့ပေါ်ရှိဆန်ဆိုင်နှင့် ဆန်စက်များအား ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေး ရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ကလောမြို့နယ်၊ ဟဲဟိုးမြို့အတွင်းရှိဆန်စက်နှင့်ဆန်သိုလှောင်ရုံများအား ဆန်သိုလှောင်ထားရှိမှု၊ ဆန်ကြိတ်ခွဲမှု၊ ဆန်လက်ကျန် အခြေအနေနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး အတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကလောမြို့နယ်အတွင်းရှိ ဆန်စက်နှင့်ဆန်သိုလှောင်ရုံများတွင် ရွှေဘိုပေါ်ဆန်း၊ ဧည့်မထဆန်၊ တောင်ယာဆန်၊ ရွှေရင်အေး ဆန်/စပါးများကိုသာကြိတ်ခွဲ ရောင်းဝယ်မှုပြုကြသည်ကို တွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူး နှင့် တာဝန်ရှိသူများသည် ဆန်စက်ပိုင်ရှင်များအား သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းဝယ်မှု ပြုကြရန်၊ ဈေးကစားရန်အလို့ငှာ သိုလှောင်ခြင်းများမပြုကြရန်၊ စပါးတင်း(၂၅၀၀)နှင့်အထက်စပါး သိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးရန် စပါး/ဆန်ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စာရင်းများပြုစုပေးပို့ရန်နှင့်စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

စိတ်ကြိုက်အမှတ်တံဆိပ် သောက်ရေသန့်စက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့၊ နံနက် (:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ကတ်တောင် အုပ်စုအတွင်းရှိ စိတ်ကြိုက်အမှတ်တံဆိပ် သောက်ရေသန့်စက်ရုံအား ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိရေးတို့နှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စိတ်ကြိုက်အမှတ်တံဆိပ် သောက်ရေသန့် ထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

          ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေး ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ဂျုံခေါက်ဆွဲလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး) ဦးဆောင်ကာ  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍    တာချီလိတ်မြို့၊  ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ရပ်ရှိ ငါးစုံတွဲတံဆိပ်ဂျုံခေါက်ဆွဲလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် ငါးစုံတွဲတံဆိပ်ဂျုံခေါက်ဆွဲသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျ သိုလှောင်ရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်များပြုလုပ်ရန်နှင့်  စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကိုလိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

“ကတ်ဖကျောက်စိမ်း” သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၂၀၂ ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့၊ နေ့လယ်  (၁:၀၀) နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ကတ်အုပ်စု၊ ကတ်ကျေးရွာအတွင်းရှိ “ကတ်ဖကျောက်စိမ်း” အမှတ်တံဆိပ် သောက်ရေသန့် ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိရေး တို့နှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် “ကတ်ဖကျောက်စိမ်း”  အမှတ်တံဆိပ် သောက်ရေသန့် ထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များ ပါရှိပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

           ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေး ဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ