ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ယခုနှစ်တွင် ဖိလစ်ပိုင်အနေဖြင့် ဆန်တန်ချိန် ၄.၃ သန်းခန့် တင်သွင်းရဖွယ်ရှိ

    ဖိလစ်ပိုင်နိုင်ငံ၌ စပါးရိတ်သိမ်းထွက်ရှိမှုမှာ စံချိန်တင်မြင့်မားဖွယ်ရှိသည်ဟု ခန့်မှန်းထားရှိ သော်လည်း ပြည်တွင်းမှ ထုတ်လုပ်မှုသည် တိုးတက်လျက်ရှိသော ဆန်ဝယ်လိုအားကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်စွမ်းမရှိသဖြင့် ယခုနှစ်တွင် ဆန်တန်ချိန် ၄ သန်းကျော်အထိ တင်သွင်းရဖွယ်ရှိနေပါသည်။

     ဖိလစ်ပိုင် စီးပွားရေး၊ စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန (DEPDev) က နောက်ဆုံးထုတ် ပြန်ထားသော ခန့်မှန်းချက်တွင် နိုင်ငံ၏ ဆန်ထုတ်လုပ်နိုင်မှုသည် ပြည်တွင်းသုံးစွဲရန်လိုအပ်ချက်ကို ပြည့်မီစွာ ဖြည့်ဆည်းနိုင်ခြင်းမရှိပဲ ၁၇ ရာခိုင်နှုန်းခန့် လိုအပ်ချက် ဖြစ်ပေါ်လျက်ရှိသဖြင့် ယခုနှစ်၌ ပြည်ပမှ ဆန်တန်ချိန် ၄.၃၇ သန်းခန့်ကို တင်သွင်းရဖွယ်ရှိသည်ဟု ဖော်ပြထားသည်။

  ယခုနောက်ဆုံးခန့်မှန်းခဲ့သည့် ဆန်တင်သွင်းရန် လိုအပ်ချက်သည် အဆိုပါဦးစီးဌာနက ယခင်အကြိမ် ခန့်မှန်းထားသော ဆန်လိုအပ်ချက် တန်ချိန် ၃.၄၅ သန်းထက် လေးပုံတစ်ပုံခန့် ပိုမို လာခဲ့ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း မျှော်မှန်းထားသည့် ပမာဏထက် ပိုမိုလျက် ဆန်များ တင်သွင်းရောက်ရှိခဲ့ခြင်းက ခန့်မှန်းချက်ကို တိုးမြှင့်ပြင်ဆင်မှု ဖြစ်စေခဲ့သည်။ သို့ရာတွင် ယခုနောက်ဆုံးပြင်ဆင်ခဲ့သော ဆန်တင်သွင်းမှုပမာဏ ခန့်မှန်းချက်သည် ယခင်နှစ်၌ တင်သွင်းခဲ့ရသော ဆန်တန်ချိန် ၄.၈ သန်းအောက်သို့ နိမ့်ကျနေဆဲဖြစ်သည်။

     DEPDev ၏ ခန့်မှန်းချက်အရ ယခုနှစ် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်ထွက်ရှိမှုသည် တန်ချိန် ၁၂.၉ သန်းအထိ ရောက်ရှိနိုင်ကြောင်း၊ အဆိုပါ ပမာဏသည် ယခင်နှစ် ထုတ်လုပ်မှု ဆန်တန်ချိန် ၁၂.၄၈ သန်းထက် ၃ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားမည်ဖြစ်ကြောင်း၊ ယခုတွက်ချက်မှုသည် ပထမ သုံးလပတ်၌ အမှန်တကယ် ရိတ်သိမ်းထွက်ရှိမှုနှင့် ပထမနှစ်ဝက်ကာလအတွင်း ဆန်တင်သွင်းခဲ့မှုတို့အပေါ် အခြေခံထားခြင်းဖြစ်ကြောင်း၊ ယခုနှစ် ၁ နှစ်လုံးအတွက် ဆန်ဝယ်လိုအားမှာ တန်ချိန် ၁၅.၅၄ သန်း ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

     နှစ်အစ စာရင်းဖွင့်လက်ကျန် အပါအဝင် စုစုပေါင်း ဆန်ရောင်းလိုအားပမာဏသည် တန်ချိန် ၁၉.၅၅ သန်းခန့်ရှိမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ကုန်ဆုံးချိန်၌ နှစ်ပိတ်လက်ကျန် ဆန်တန်ချိန် ၃.၉၂ သန်း ခန့် ကျန်ရှိမည်ဟု ခန့်မှန်းထားသည်။ ၎င်းနှစ်ပိတ်လက်ကျန် ပမာဏသည် ပြည်တွင်းသုံးစွဲရန် ၃ လ ကျော် ကာလအတွက် လုံလောက်မှုရှိမည်ဖြစ်သည်။

   ဆန်တင်သွင်းမှုသည် တတိယသုံးလပတ်၌ တန်ချိန် ၈၃၈၀၀၀ ခန့်နှင့် စတုတ္ထသုံးလပတ်တွင် တန်ချိန် ၁.၁၆ သန်းခန့်ရှိနိုင်ကြောင်း၊ ၁ နှစ်ပတ်လုံးအတွက် လုံလောက်စွာ ထောက်ပံ့ပေးသွင်းနိုင် ရေးတွင် ပြည်ပမှဆန်များတင်သွင်းမှုသည် အရေးပါမှုရှိကြောင်း DEPDev က ဖော်ပြထားသည်။

      ဖိလစ်ပိုင် အကောက်ခွန်ဗျူရို၏ အချက်အလက်များအရ ယခုနှစ် ပထမနှစ်ဝက်၌ တင်သွင်း ခဲ့သော ဆန်ပမာဏသည် တန်ချိန် ၂.၃၈ သန်းရှိပြီး ယခင်နှစ်ကာလတူထက် ၄ ရာခိုင်နှုန်း မြင့်တက် လာခဲ့ကြောင်း သိရှိရသည်။

     DEPDev ဦးစီးဌာနသည် ၎င်း၏ တွက်ချက်မှုများ၌ စိုက်ပျိုးရေးဦးစီးဌာန၏ ဒုတိယနှစ် သုံးလပတ်မှ စတုတ္ထ သုံးလပတ်ကာလအထိ စပါးစိုက်ပျိုးထွက်ရှိနိုင်မှု ခန့်မှန်းချက်များကို အသုံးပြု ထားခြင်းဖြစ်သည်။ ရာသီဥတုကောင်းမွန်မှုနှင့် အစိုးရ၏ အစဉ်တစိုက် ကူညီထောက်ပံ့ပေးမှုများ အရ ပထမနှစ်ဝက်၌ စပါးအထွက်တိုးတက်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်အတွက် စုစုပေါင်း စပါးထွက်ရှိမှု သည်  တန်ချိန် ၂၀.၄၆ သန်းကို ကျော်လွန်နိုင်မည်ဟု မျှော်မှန်းကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီး ဌာနက အစောပိုင်းကာလတွင် ပြောဆိုခဲ့သည်။

   နိုင်ငံ၏ စပါးထွက်ရှိမှုသည် ယခင်နှစ် ကာလတူ၌ ထွက်ရှိခဲ့သော တန်ချိန် ၈.၅၃ သန်းထက် ၆ ရာခိုင်နှုန်း ပိုမိုလျက် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ကာလအတွင်း တန်ချိန် ၉.၀၈ သန်းအထိ ရိတ်သိမ်းရရှိခဲ့ပြီး ပထမနှစ်ဝက်ကာလများတစ်လျောက် အမြင့်မားဆုံးထွက်ရှိမှုအဖြစ် စံချိန်တင်နိုင် ခဲ့ကြောင်း ဖိလစ်ပိုင်စာရင်းအင်းအေဂျင်စီက ဖော်ပြထားသည်။

Source: The Philippine Star, 4 Aug 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

လယ်သမားများအားကူညီနိုင်ရေး ဆန်တင်သွင်းမှုကို ဆိုင်းငံ့ရန် ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန အဆိုပြု

     ကမ္ဘာတစ်ဝန်း ထုတ်လုပ်မှုတိုးတက်မည့် အနေအထားရှိခြင်းကြောင့် ဖိလစ်ပိုင်အစိုးရသည် ပြည်တွင်း လယ်သမားများအား ကူညီသည့်အနေဖြင့် ဆန်ဝယ်ယူတင်သွင်းမှုများကို ယာယီဆိုင်းငံ့ ထားဖွယ်ရှိကြောင်း သိရှိရပါသည်။

    ဆန်တင်သွင်းမှုများအပေါ် အခွန်တိုးမြှင့်စည်းကြပ်ရန်နှင့် ဆန်တင်သွင်းမှုကို ဆိုင်းငံ့ရန် ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနက အဆိုပြုထားကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် အဆိုပါ အရေးပေါ် ကိစ္စနှင့်စပ်လျဉ်း၍ ယခုသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံသို့ သွားရောက်မည့် သမ္မတ Ferdinand Marcos Jr  ၏ ခရီးစဉ်၌ သီးခြားအစည်းအဝေးကျင်းပလျက် ဆွေးနွေးသွားမည်ဖြစ်ကြောင်းဖြင့် ထိုသို့ ဆန်တင်သွင်းမှုဆိုင်းငံ့မည့် အချိန်ကာလကို ဖော်ပြခြင်းမရှိပဲ  သမ္မတဆက်သွယ်ပြန်ကြားရေး ရုံးအဖွဲ့က ဩဂုတ် ၄ ရက်၊ တနင်္လာနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

   ကမ္ဘာတစ်ဝန်းတွင် ဆန်စပါးထုတ်လုပ်မှုတိုးတက်လာချိန်၌ ယခုအစီအစဉ်ကို အကောင် အထည် ဖော်ဆောင်ခြင်းသည် လွန်ခဲ့သော ၈ နှစ်ကာလအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိနေခဲ့သည့် အာရှဆန်ရည်ညွှန်းဈေးနှုန်းများကို ကျဆင်းရန် တွန်းအားဖြစ်စေကြောင်း၊ အဆိုပါအစီအစဉ်သည် စားသုံးသူများအတွက် အစားအစာဈေးနှုန်းများ ကျဆင်းရန် အထောက်အကူဖြစ်စေ‌သော်လည်း ထိုင်းနိုင်ငံကဲ့သို့ အဓိက ဆန်ထုတ်လုပ်သည့် နိုင်ငံများရှိ လယ်သမားအတွက် သက်ရောက်မှုဖြစ်စေ ကြောင်းသိရှိရပါသည်။

  ပြည်ပမှဆန်တင်သွင်းမှုသည် ပြည်တွင်းရှိ လယ်သမားများကို ထိခိုက်စေပြီး ပြည်တွင်း ဆန်စက်ပိုင်ရှင်များအား လုပ်ငန်းရပ်တန့်လုနီးပါးထိ ဖြစ်စေသဖြင့် နှစ်စဉ် ဆန်တင်သွင်းမှုများကို လက်ရှိအခြေအနေအောက် ၅ ပုံ ၁ ပုံ လျော့ချကန့်သတ်ရန် စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel Jr က အကြံပြုခဲ့ပြီးနောက် ရက်ပိုင်းအတွင်း စိုက်ပျိုးရေးဦးစီးဌာန၏ အဆိုပြုချက် ထွက်ပေါ် လာခြင်းဖြစ်ကြောင်းသိရှိရပါသည်။

   ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၂၀၂၅-၂၆ ဈေးကွက်ရာသီနှစ်တွင် ဆန်တန်ချိန် ၅.၄ သန်းခန့် ဝယ်ယူရဖွယ်ရှိသည်ဟု အမေရိကန် စိုက်ပျိုးရေးဦးစီးဌာနက ခန့်မှန်းထားပြီး၊ ၂၀၂၅ ပထမနှစ်ဝက် တွင် ဆန်တန်ချိန် ၂ သန်းခန့် တင်သွင်းထားပြီးဖြစ်သည်ဟု စိုက်ပျိုးရေးလက်ထောက်အတွင်းဝန် Arnel de Mesa က ဇူလိုင်လကုန် ရက်သတ္တပတ်၌ ပြောကြားခဲ့ပါသည်။

    ဇွန်လအတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ဆန်ဈေးနှုန်းသိသာစွာကျဆင်းမှုသည် ဈေးနှုန်းဖောင်းပွမှု တစ်ရပ်လုံးကို စစ်ဆေးထိန်းချုပ်ရာတွင် အထောက်အကူဖြစ်စေကြောင်း၊ ယခင်နှစ်၌ ဆန်တင်သွင်း မှုအပေါ် အခွန်စည်းကြပ်မှုကို ၃၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချဖြတ်တောက်လျက် ၂၀၂၈ ခုနှစ်အထိ သက်ရောက်မှုရှိစေမည်ဟု သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းက ပြည်တွင်း ဆန်ဈေးနှုန်းများ ဆက်လက်ကျဆင်းမှုကို တွန်းအားဖြစ်စေခဲ့ကြောင်း သိရှိရပါသည်။

   ဖိလစ်ပိုင်နိုင်ငံ၌ စပါးကို ၁ နှစ်လျှင် ၂ ကြိမ် ပုံမှန်စိုက်ပျိုးလျက်ရှိသည့်အတွက် နိုင်ငံအတွင်း စပါးအထွက်ပမာဏသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် တန်ချိန် ၉.၀၈ သန်းအထိရောက်ရှိခဲ့ပြီး ၁ နှစ်ပတ်လုံးတွင် တန်ချိန် ၂၀.၄၆ သန်း စံချိန်တင်ထွက်ရှိရန် အစိုးရက မျှော်မှန်းထားပါသည်။

Source: The Edge Malaysia, 04 Aug 2025 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

တရုတ်နိုင်ငံ၏ မီးရထားကုန်စည်ပို့ဆောင်မှု ပထမနှစ်ဝက်အတွင်း တည်ငြိမ်သောတိုးတက်မှုရှိ

          တရုတ်နိုင်ငံ၏ မီးရထားကုန်စည်ပို့ဆောင်မှုပမာဏသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း တည်ငြိမ်သောတိုးတက်မှုရှိခဲ့ကြောင်းနှင့် ကုန်စည်ပို့ဆောင်ရေးကွန်ရက် လည်ပတ်မှု ပိုမိုထိရောက်လာပြီး ဝန်ဆောင်မှုများလည်း ပိုမိုကောင်းမွန်လာကြောင်း အမျိုးသားမီးရထားလုပ်ငန်းက ၂၀-၇-၂၀၂၅ ရက်နေ့တွင်ပြောကြားခဲ့သည်။ နိုင်ငံ၏ အမျိုးသားအဆင့်မီးရထား စနစ်သည် (၆) လအတွင်း စုစုပေါင်းကုန်စည်တန်ချိန် ၁.၉၈ ဘီလီယံ သယ်ယူပို့ဆောင်ပေးခဲ့ပြီး ၂၀၂၄ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း China State Railway Group Co., Ltd. ၏ ထုတ်ပြန်ချက်အရ သိရသည်။ နေ့စဉ်ပျမ်းမျှ ကုန်တင်တွဲတင်ဆောင်မှု အရေအတွက်မှာ ၁၈၂,၄၀၀ အတွဲရှိခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ဘက်စုံပေါင်းစပ်ထားသော မီးရထားကွန်ရက်ကို အပြည့်အဝအသုံးပြုခဲ့ပြီး ထောက်ပံ့ ပို့ဆောင်ရေးစွမ်းဆောင်ရည်၊ ထိရောက်မှုနှင့် ဝန်ဆောင်မှုအရည်အသွေးများကို မြှင့်တင်ရန်အတွက် မီးရထားကုန်စည်ပို့ဆောင်ရေးတွင် ဈေးကွက်ကိုဦးတည်သော ပြုပြင်ပြောင်းလဲမှုများ ကို ဆောင်ရွက်ခဲ့ကြောင်း ယင်းကုမ္ပဏီက ပြောကြားခဲ့သည်။ ကုန်စည်ပို့ဆောင်မှု အနေဖြင့် ဇန်နဝါရီလမှဇွန်လအထိ (၆) လကာလအတွင်း ကျောက်မီးသွေးသယ်ယူပို့ဆောင်မှုမှာ စုစုပေါင်း တန်ချိန် ၁.၀၂ ဘီလီယံရှိခဲ့ပြီး သတ္တုထုတ်ကုန်ဆိုင်ရာကုန်ပစ္စည်းနှင့် သီးနှံကုန်စည်များ သယ်ယူပို့ဆောင်မှု ပမာဏမှာ ၈.၆ ရာခိုင်နှုန်းနှင့် ၉.၈ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

 

Source: Xinhua

DOCA(ရန်ကုန်)

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ဂျပန်နိုင်ငံနှင့်ကုန်သွယ်ရေးသဘောတူညီရန် ဖြစ်နိုင်ဖွယ်ရှိဟု ပြောကြား

         သြဂုတ်လ ၁ ရက်နေ့တွင် ပြုလုပ်မည့် အကောက်ခွန်အသစ်စည်းကြပ်မှုမပြုလုပ်မီ တိုကျိုမြို့တွင် ပြုလုပ်ခဲ့သော ဆွေးနွေးမှုတစ်ခုအပြီး၌ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က  အမေရိကန်နိုင်ငံသည် ဂျပန်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီမှုမှာ ဆက်လက် ကောင်းမွန်ဖွယ်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက “ကောင်းမွန်သောသဘောတူညီမှုသည် မြန်ဆန်သော တူညီမှုထက် ပိုမိုအရေးပါကြောင်း နှင့် အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံအကြား အကျိုးရှိသော ကုန်သွယ်ရေးသဘောတူညီမှုသည် ဆက်လက်ကောင်းမွန်နေဆဲဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။ ယခုနှစ်အစောပိုင်းတွင် အမေရိန်ကန်သမ္မတ Donald Trump က ဂျပန်နိုင်ငံ မှ တင်ပို့သော ကားများ၊ စတီးများနှင့် အလူမီနီယံများ အပေါ်တွင် အခွန်တိုးမြင့်ကောက်ခံခဲ့ ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံသည် ဂျပန်နိုင်ငံ တင်ပို့ကုန်များအတွက် ထပ်ပေါင်း အကောက်ခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ကြောင်း သိရပါ သည်။ Trump က သြဂုတ်လ ၁ ရက်နေ့မတိုင်ခင် အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံကြား ကောင်းမွန်သော သဘောတူညီချက် မရခင်အထိ အကောက်ခွန်များ တိုးမြင့်ကောက်ခံသွား မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံမှ ကုမ္ပဏီများ ထံသို့ စာလွှာ ပေးပို့ခဲ့ကြောင်း သိရပါသည်။

 DOCA(ရန်ကုန်)

Rupali Bank ၏ ဒုတိယသုံးလပတ်ကာလ အမြတ်ငွေများ ၈၃ ရာခိုင်နှုန်းခန့် ထိုးကျ

     Rupali Bank ၏ အမြတ်ငွေများသည် ဝင်ငွေလည်ပတ်မှုများနည်းပါးမှုကြောင့် ယခုနှစ် ပထမ သုံးလပတ်ကာလတွင် ရုတ်တရက်ထိုးခဲ့ကြောင်း သိရပါသည်။ နိုင်ငံပိုင်ငွေချေးသူများ၏ အမြတ်ငွေသည် ၂၀၂၅ ခုနှစ် ဧပြီလမှ ဇွန်လအတွင်းတွင် tk ၃.၄၁ ကုဋေသို့ တစ်နှစ်ထက်တစ်နှစ် ၈၃ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရပါသည်။ ၎င်း၏ တစ်ခုချင်းအစုရှယ်ယာ (EPS) သည် ယခင်နှစ်ကာလတွင် ရရှိခဲ့သော tk ၀.၄၂ မှ tk ၀.၀၇ သို့ကျဆင်းသွားကြောင်း စျေးနှုန်းထိန်းချုပ် ရေး ထုတ်ပြန်ချက်အရ သိရပါသည်။ ဇန်နဝါရီလ မှ ဇွန်လအတွင်း Rupali Bank ၏ EPS သည် ယခင်နှစ်အစောပိုင်းကာလ (EPS) tk ၀.၈၉ မှ tk ၀.၂၀ အထိကျဆင်းခဲ့ကြောင်း သိရပါသည်။ Rupali Bank သည် ယခုနှစ်ပထမနှစ်ဝက်အတွင်း ၎င်း၏ ဝင်ငွေစီမံခန့်ခွဲမှု စွမ်းဆောင်ရတွင် သိသိသာသာတိုးတက်မှုရှိကြောင်း အစီရင်ခံခဲ့ပါသည်။ ၎င်း၏ ရှယ်ယာတစ်ခုချင်းဝင်ငွေလမ်း ကြောင်း (NOCFPS) သည် ယခင်နှစ်ကာလနှင့် နှိုင်းယှဥ်လျှင် tk ၃.၆၉ မှ tk ၁၃၉.၁၁ သို့မြင့်တက်ခဲ့ ကြောင်း နှင့် အဆိုပါ မြင့်တက်မှုသည် အာမခံငွေအပ်နှံမှု မြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရပါသည်။ ဇွန်လ ၃၀ ရက်နေ့အထိ အဆိုပါ Rupali Bank ၏ရှယ်ယာများကို အစိုးရက ၉၀.၁၉ ရာခိုင်နှုန်း၊ အဖွဲ့အစည်းများက ၃.၄၃ ရာခိုင်နှုန်းနှင့် ပြည်သူလူထုက ၆.၃၈ ရာခိုင်နှုန်း အသီးသီး ကိုင်ဆောင်ထားကြောင်း ဒါကာစျေးကွက်လဲလှယ်ရေး အဖွဲ့အစည်း (DSE) ၏ အချက်အလက်များ အရ သိရပါသည်။

   DOCA(ရန်ကုန်)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အာလူးတင်ပို့မှုများ မြင့်တက်

     ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အာလူးတင်ပို့မှုများသည် ဘဏ္ဍာနှစ် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်းတွင် ၃ နှစ်ဆက်တိုက်မြင့်တက်မှုရှိကြောင်း နှင့် အဆိုပါမြင့်တက်မှုသည် ကုန်သည်များက ပြည်တွင်းစျေး ကမောက်ကမ ဖြစ်မှုကို အခွင့်ကောင်းယူ၍ နိုင်ငံခြားသို့တင်ပို့မှုကို မြှင့်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ယခုနှစ်အတွင်းတွင် အာလူးတန်ချိန်ပေါင်း ၆၂၁၃၅ တန်ခန့် နိုင်ငံခြားသို့တင်ပို့ခဲ့ ကြောင်း နှင့် ယခုနှစ်တင်ပို့မှုသည် အမြင့်ဆုံးဖြစ်ကြောင်း စိုက်ပျိုးရေးတိုးချဲ့မှုဌာန (DAE) ၏ ဖောက်ပြချက်အရ သိရပါသည်။ တင်ပို့သူများက ယခင်ရာသီတွင် အာလူး တစ်ကီလိုလျှင် tk ၇ မှ tk ၂၀ ဖြင့် တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ရာသီတွင်တင်ပို့သော တစ်ကီလို tk ၃၀ စျေးထက် လျော့နည်းကြောင်း သိရပါသည်။ ပွဲစားများသည် အာလူးစိုက်ပျိုးသူများအား DAE မှသတ်မှတ် ထားသော ရည်ညွှန်းစျေး တစ်ကီလို tk ၁၄ ထက်လျော့နည်း၍ တစ်ကီလို tk ၁၁ စျေးဖြင့်သာ ဝယ်ယူလျက်ရှိကြောင်း သိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်းဒေသများတွင် စိုက်ပျိုးရေး စရိတ်များသည် မြင့်တက်လျက်ရှိပြီး ထုတ်ကုန်စရိတ်များသည် တစ်ကီလိုလျှင် tk ၂၀ ထိမြင့်တက် လျက်ရှိကြောင်း သိရပါသည်။ အာလူးစေ့များကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့် ဧပြီလများတွင် ရိပ်သိမ်းလေ့ရှိပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အာလူး တင်ပို့မှုများကို ၁၉၉၉ ခုနှစ်တွင်စတင်ခဲ့ပြီး အစပိုင်းတွင် ပမာဏအလွန်နည်းပါးကြောင်း အစား အသောက် နှင့် စိုက်ပျိုးရေးအဖွဲ့အစည်း FAQ ၏ အဆိုအရ သိရပါသည်။ လက်ရှိတွင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ မလေးရှား၊ စင်္ဂကာပူ၊ နီပေါ၊ သီရိလင်္ဂကာ နှင့် ဘရိန်းနိုင်ငံများသို့ အာလူးများတင်ပို့ လျက်ရှိကြောင်း သိရပါသည်။

  DOCA(ရန်ကုန်)

            

တရုတ်နိုင်ငံ၏ မူဝါဒပိုင်း တွန်းအားပေးဆောင်ရွက်မှုကြောင့် စီးပွားရေးဖွံ့ဖြိုးမှုဇုန်များ၏ ဆန်းသစ်တီထွင်မှုကို အရှိန်အဟုန် မြှင့်တင်ပေး

တရုတ်နိုင်ငံ၏ နိုင်ငံတော်အဆင့် စီးပွားရေးဖွံ့ဖြိုးမှုဇုန်များတွင် အရည်အသွေးကောင်းမွန်သည့် ကုန်ထုတ်စွမ်းအားသစ်များကိုမြှင့်တင် ရန်ရည်ရွယ်သော မူဝါဒပိုင်းဆိုင်ရာ အစီအမံများချမှတ်ခဲ့သည်။ စီးပွားရေးဖွံ့ဖြိုးမှုဇုန်များအနေဖြင့် စက်မှုလုပ်ငန်းနှင့် နည်းပညာ ဆိုင်ရာ ဆန်းသစ်တီထွင်မှုကို အထောက်အကူပေးရာတွင် ကြီးမားသော အခန်းကဏ္ဍမ ှပါဝင်လာသည်။ စီးပွားရေးဖွံ့ဖြိုးမှုဇုန်များကို လွန်ခဲ့သောနှစ်(၄၀)ကျော်က စတင် တည်ထောင်ခဲ့ချိန်မှစ၍ တရုတ်နိုင်ငံ၏ တံခါးဖွင့်လှစ်မှုကို မြှင့်တင်ကာ ဆန်းသစ်ထီထွင်မှု တိုးမြှင့်ရာတွင်အံ့မခန်း တိုးတက်မှုများရရှိခဲ့သည်။ စီးပွားရေးဖွံ့ဖြိးမှုဇုန်များတွင် နောက်ဆုံးပေါ် သတင်းအချက်အလက်နည်းပညာ၊ ကုန်ကြမ်းပစ္စည်းသစ်များ၊ အဆင့်မြင့်ကုန်ထုတ်လုပ်မှု၊ အဏ္ဏဝါစီးပွားရေးနှင့် အဏ္ဏဝါလုပ်ငန်းသုံးစက်ပစ္စည်းစသည့် မဟာဗျူဟာမြောက်ထွန်းသစ်စ လုပ်ငန်းနယ်ပယ်အဖွဲ့ အစည်းများပါဝင်သည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦး ကျီရှောင်ဖုန်းက ပြောကြားခဲ့သည်။ ၁၉၈၄ခုနှစ်တွင် တရုတ်နိုင်ငံ၌ ပထမဆုံးသော နိုင်ငံတော်အဆင့် စီးပွားရေးဖွံ့ဖြိုးမှုဇုန်ကို တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း တာ့လျန်မြို့တွင် တည်ထောင်ခဲ့သည်။၂၀၂၄ခုနှစ် စီးပွားရေးဖွံ့ဖြိုးမှုဇုန် အရေအတွက်မှာ ၂၃၂ခု ရှိလာကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ နိုင်ငံတော်အဆင့်စီးပွားရေးဖွံ့ဖြိုးမှုဇုန်များတွင် နည်းပညာမြင့် ကုမ္ပဏီ ပေါင်း၈၅၀၀၀ ကျော် ဖွင့်လှစ်ထားပီး နည်းပညာမြင့် ကုမ္ပဏီစုစုပေါင်း၏ ၁၈ ရာခိုင်နှုန်း ကျော်ရှိကြောင်းသိရသည်။ စီးပွားရေးဖွံ့ဖြိုးမှုဇုန်များမှာ ၂၀၂၄ခုနှစ်တွင် တရုတ်နိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပကုန်သွယ်မှုပမာဏ၏ လေးပုံတစ်ပုံနီးပါးရှိပီး စီးပွားရေးဖွံ့ဖြိုးမှုဇုန် စုစုပေါင်း၏ ဒေသအလိုက် (GDP)တန်ဖိုးမှာ ယွမ်၁၆. ထရီလီယံ (အမေရိကန်ဒေါ်လာ .၃၆ ထရီလီယံခန့်) ရှိကြောင်းသိရသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် စက်မှုဇုန်များအတွင်း ဆန်းသစ်တီထွင်မှုနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအား တစ်ဆင့်  တိုးမြှင့်တင်ရန် မေလက လုပ်ငန်းအစီအစဉ်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းအစီအစဉ်  ကနိုင်ငံတော်အဆင့် စက်မှုနှင့်နည်းပညာဆိုင်ရာတီထွင်ဆန်းသစ်မှု ပလက်ဖောင်းများ အားပေး  မြှင့်တင်ရန်တက္ကသိုလ်များ၊သုတေသနအင်စတီကျူ့များနှင့်အတူဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်း အဖွဲ့ဖွဲ့စည်းရေးအတွက် ၎င်းဇုန်များရှိ ဦးဆောင်စီးပွားရေးလုပ်ငန်းများအား တိုက်တွန်းအား ပေးရန်နိုင်ငံတော်အဆင့် စီးပွားရေးဖွံ့ဖြိုးမှုဇုန်များအတွက် မူဝါဒပံ့ပိုးမှုကိုတီထွင်ဖော်ပြထားသည်။   

စီးပွားရေးဖွံ့ဖြိုးမှုဇုန်များအနေဖြင့် ဇီဝဆေးပညာ ၊စွမ်းအင်သစ်၊ ပစ္စည်းကိရိယာသစ်  များနှင့် လေကြောင်းအာကာသပညာရပ် စသည့်မဟာဗျူဟာမြောက် ထွန်းသစ်စလုပ်ငန်းများအား  ဆက် လက်ဖော်ထုတ်သွားမည် အနာဂတ်စက်မှုလုပ်ငန်းများအတွက် အမြော်အမြင် ရှိသော စီမံကိန်း  များကိုလည်းဖော်ဆောင်သွားမည်။ နိုင်ငံတော်အဆင့် စီးပွားရေးဖွံ့ဖြိုးမှုဇုန်များတွင် အရည်အသွေး ကောင်းမွန်သည့် ထွက်ကုန်စွမ်းအားသစ်များ ပျိုးထောင်ရန် ကြိုးပမ်းအားထုတ်မှုများ ပိုမိုဆောင်ရွက် သွားမည်ဖြစ်ပြီး ဆန်းသစ်တီထွင်မှုအား ချဲ့ထွင်ရာတွင် စီးပွားရေးလုပ်ငန်းများ၏ ယုံကြည် မှုအား တစ်ဆင့်တိုးမြင့် တင်ပေးမည်ဖြစ်ကြောင်းသိရသည်။

အနာဂတ်မှာ စက်မှုလုပ်ငန်းသုံး AIလိုမျိုး ထွက်ကုန်သစ်တွေနဲ့ နည်းပညာသစ်တွေ  သုတေသနလုပ်မြှင့်တင်မှုတွေ အများအပြား လုပ်ဆောင်သွားမှာဖြစ်ပြီး ဒစ်ဂျစ်တယ်စနစ်မှ ညဏ်ရည်ရှိပြီး စမတ်အသွင်အပြောင်းစနစ်ထိ ကူးပြောင်းရာမှာစီးပွားရေးလုပ်ငန်းတွေကို ပိုမိုအကူ အညီ ပေးနိုင်ပါလိမ့်မည်ဟု ကုမ္ပဏီ၏ ဘရင်းန် မန်နေဂျာ ကျုံးချုံချင့် က ပြောကြားခဲ့သည်။

DOCA(မန္တလေး)

တောင်ကိုရီးယားနိုင်ငံ၏ တင်ပို့ကုန်များ ကျဆင်းလာ

     တောင်ကိုရီးယားနိုင်ငံ၏ တင်ပို့ကုန်များသည် ဇူလိုင်လ ၂၀ ရက်အတွင်းတွင် အမေရိကန် နိုင်ငံနှင့် ဂျပန်နိုင်ငံမှ ဝယ်လိုအားနည်းလာမှုကြောင့် ကျဆင်းလာခဲ့ကြောင်း အကောက်ခွန်ရုံး၏ အချက်အလက်များအရ သိရပါသည်။ ဇူလိုင်လ ၁ရက်နေ့မှ ၂၀ ရက်နေ့အတွင်းတွင် နိုင်ငံခြားကုန်သွယ်မှုများ ၂.၂ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့် ကျဆင်းခဲ့ကြောင်း ကိုရီးယားနိုင်ငံ အကောက်ခွန်ဌာန၏ အဆိုအရ သိရပါသည်။ အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံသို့ တင်ပို့သည့် တင်ပို့ကုန်များ ၂.၁ ရာခိုင်နှုန်းနှင့် ၅.၈ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ပြီး ဥရောပ သမဂ္ဂ၊ ဗီယက်နမ် နှင့် အိန္ဒိယ နိုင်ငံသို့တင်ပို့သည့် တင်ပို့ကုန်များမှာ မြင့်တက်လျက်ရှိကြောင်း သိရပါသည်။

  DOCA(ရန်ကုန်)

Beijing မြို့တွင် ၂၅ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကျင်းပတော့မည့် တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ

      တရုတ်နှင့် ဥရောပသမဂ္ဂသဘောတူညီချက်အရ ဥရောပကောင်စီ ဥက္ကဌ Antonio Costa နှင့် ဥရောပကော်မရှင် ဥက္ကဌ Ursula von der Leyen တို့သည် ဇူလိုင်လ ၂၄ ရက်နေ့တွင် တရုတ် နိုင်ငံသို့ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသမ္မတ Xi Jinping သည် ၎င်းတို့နှင့်‌တွေ့ဆုံသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြော‌ရေးဆိုခွင့် ရှိသူမှ ကြေညာခဲ့ကြောင်း သိရပါသည်။ အဆိုပါ ပြောရေးဆိုခွင့်ရှိသူသည် တရုတ်နိုင်ငံ ထိပ်သီး ခေါင်းဆောင် Li Qiang နှင့် ဥရောပသမဂ္ဂ ခေါင်းဆောင်နှစ်ဦးတို့သည်လည်း အဆိုပါ ၂၅ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် ပါဝင်မည်ဖြစ်ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

စိန်ခေါ်မှုများရှိသောလည်း ဖိလစ်ပိုင်နိုင်ငံ၏ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ တိုးတက်ရန် တိုးအားပေးနေ

     ဖိလစ်ပိုင် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ (MSMEs) ၏ ၇၀ ရာခိုင်နှုန်း ကျော်သည် ယခုနှစ်အတွင်းတွင် စွမ်းဆောင်ရည်များ ပိုမိုကောင်းမွန်ရန် မျှော်မှန်းထားသော်လည်း ဘဏ္ဍငွေရရှိရေးတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ကမ္ညာလုံးဆိုင်ရာ အတိုင်ပင်ခံ ကုမ္ပဏီ Boston Consulting Group (BCG) ၏ လေ့လာမှုတစ်ခုအရ သိရပါသည်။ ဇူလိုင်လ ၁၅ ရက်နေ့ တွင်ပြုလုပ်သော MSME Bayanihan Caravan ၂၀၂၅ ပွဲ၌ BCG ဥက္ကဌ Jamie Bawalan က ကုန်သွယ်ရေးနှင့် စက်မှုလက်မှုဌာန(DTI) တို့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည့် လေ့လာမှုတစ်ခုအရ ဖိလစ်ပိုင် MSMEs များ၏ ၇၃ ရာခိုင်နှုန်းသည် အားကောင်းသော လုပ်ဆောင်ချက်များ ရှိလာနိုင် ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါလေ့လာမှုတွင် ထုတ်လုပ်ရေး၊လက်လီ၊ အစားအသောက် နှင့် တစ်ခြားသော ဝန်ဆောင်မှုများကဲ့သို့ အဓိက လုပ်ငန်းများဖြစ်သော MSMEs ၃၀၉၈ ခု ရှိနေပြီ ဖြစ်ကြောင်း သိရပါသည်။ Bawalan က ဖိလစ်ပိုင်နိုင်ငံရှိMSMEsများသည် ဖွံဖြိုးတိုးတက်မှု လမ်း‌ကြောင်းတွင် အာရုံစိုက်နေပြီဖြစ်ပြီး အချိန်တိုအတွင်း ၎င်းတို့၏ ထုတ်ကုန်များ နှင့် ဝန်‌ဆောင် မှုများအား မြင့်တင်နေကြောင်း နှင့် စားသုံးသူများလည်း ပိုမိုရရှိလာကြောင်း သိရပါသည်။ MSMEs များသည် ယခင်နှစ်ထက် ယခုနှစ်တွင် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန် မျှော်မှန်းထားသော် လည်း လေ့လာတွေ့ရှိချက်များအရ ဘဏ္ဍာငွေရရှိရေးသည် ဖွံဖြိုးတိုးတက်မှုအတွက် အရေးပါ သော လမ်းကြောင်းတစ်ခုဖြစ်ကြောင်း သိရပါသည်။ Bawalan က MSMEs များ၏ ၃၃ ရာခိုင်နှုန်း သည် ချေးငွေများရရှိရန် မျှော်မှန်းနေကြပြီး ထက်ဝက် (သို့မဟုတ်) ၅၅ ရာခိုင်နှုန်းသည် အကြွေး တင်ပြီး အတိုးနှုန်းများမြင့်မားစွာပေးဆောင်ရမည်ကို စိုးရိမ်သဖြင့် ဘဏ်များမှ ချေးငွေများ လျှောက်ထားခြင်း မရှိကြောင်း သိရပါသည်။ လေ့လာတွေ့ရှိချက်များအရ MSMEs ၏ ၇၇ ရာခိုင် နှုန်းသည် ဒစ်ဂျစ်တယ်ကိရိယာများကို ပိုမိုအသုံးပြုရန် ရည်မှန်းထားသော်လည်း ၂၀ ရာခိုင်နှုန်း သော MSMEs များသာ ဒစ်ဂျစ်တယ်ကိရိယာအသုံးပြုမှုကို တိုးမြှင့်နိုင်ခဲ့ကြောင်း သိရပါသည်။ MSMEs များသည် ၎င်းတို့ကိုယ်ကို သေးငယ်သော လုပ်ငန်းများအဖြစ် ယူဆနေသောကြောင့် ဒစ်ဂျစ်တယ်ကိရိယာများ အသုံးပြုခြင်း နည်းပါးနေ

ခြင်းဖြစ်ကြောင်း သိရပါသည်။ Bawalan က ဘဏ္ဍာရေးထောက်ပံ့ခြင်းသည်သာလျှင် MSMEs များတိုတက်မှုအတွက် အထောက်အကူ ပြုနိုင်ကြောင်း နှင့် MSMEs များ၏ လိုအပ်ချက်ဖြစ်သော ဘဏ္ဍာငွေရရှိရေးကို ဖြေရှင်းရန် လိုအပ်‌‌ကြောင်း ပြောကြားခဲ့ပါသည်။

  DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ