ရာသီဥတုအန္တရာယ်နှင့် အားကောင်းသော စွမ်းအင်စျေးကွက်များကြောင့် အောက်တိုဘာလတွင် စားအုန်းဆီကြမ်း တစ်တန်လျှင် မလေးရှား ရင်းဂစ် ၄၇၀၀ အထက်တွင် ဖြစ်ပေါ်နိုင်

Powered by Drupal

       မလေးရှားနိုင်ငံ၏ စားအုန်းဆီထုတ်လုပ်မှုသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လတွင် တန်ချိန် ၁.၈၁ သန်းအထိရှိခဲ့ပြီး ယခင်လထက် ၁.၄ အထိ သိသိသာသာ မြင့်တက်လာရာ လတ်ဆတ်သော ဆီ အုန်းသီးခိုင်များ (Fresh Fruit Bunch -FFB) စုဆောင်းရရှိလာမှုနှင့် ဇူလိုင်လမှစတင်ကာ ဆီထုတ် ယူမှုနှုန်း (Oil Extraction Rate -OER) တိုးတက်လာမှုတို့ကြောင့်ဖြစ်သည်။ မည်သို့ပင် ဆိုစေ ကာမူ ဆီအုန်းအထွက်နှုန်းသည် ယခုနှစ်အစောပိုင်းတွင် မှတ်တမ်းတင်ထားသော အဆင့်အောက် တွင်ရှိနေခဲ့ပြီး ၂၀၂၆ ခုနှစ်၊ မတ်လနောက်ပိုင်း တစ်နှစ်ထက်တစ်နှစ် ဆက်တိုက်ကျဆင်းလာခဲ့ သည့် ခြောက်လမြောက်လအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း စက်တင်ဘာလ ၂၂ ရက်တွင် မလေးရှား စားအုန်းဆီကောင်စီ (MPOC) က ပြောကြားထားသည်။

   ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ စားအုန်းဆီတင်ပို့မှုမှာ တန်ချိန် ၈၀၆,၀၀၀ မှ တန်ချိန် ၁၀.၄ သန်းအထိ မြင့်တက်လာခဲ့သည်။ သို့သော်လည်း တောင်အာရှနှင့် အရှေ့အလယ်ပိုင်း ဒေသသို့ တင်ပို့မှုအားနည်းခြင်းကြောင့် သြဂုတ်လတွင် တန်ချိန် ၁.၂၉ သန်းဖြစ်ရာ လစဉ်တင်ပို့မှု ထက် ၇.၅ % ကျဆင်းခဲ့သည်။ လစဉ်ကျဆင်းနေသော်လည်း တစ်နှစ်စာပို့ကုန်ပမာဏသည် တန်ချိန် ၁၆ သန်းသို့ ရောက်ရှိရန်ခန့်မှန်းထားပြီး ၂၀၂၅ ခုနှစ်တွင် မှတ်တမ်းတင်ထားသည့် ပမာဏထက် ၅.၂ % ပိုမိုများပြားမည်ဟု MPOC က ခန့်မှန်းထားသည်။

    မြင့်မားသော ထုတ်လုပ်မှုနှင့် ပို့ကုန်အားနည်းမှုတို့ ပေါင်းစပ်မှုကြောင့် ၂၀၂၆ ခုနှစ်၊ သြဂုတ်လ တွင် စားအုန်းဆီလက်ကျန် တန်ချိန် ၂.၈၂ သန်းအထိရှိလာခဲ့သည်။ မလေးရှားနှင့် အင်ဒိုနီးရှားတို့ တွင် ထုတ်လုပ်မှုနှင့် လက်ကျန်ပမာဏသည် လာမည့်လများအတွင်း တည်ငြိမ် တိုးတက်လာမည် ဟု မျှော်လင့်ရကြောင်း ဖော်ပြထားပါသည်။

    ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလတွင် ကမ္ဘာလုံးဆိုင်ရာ ဟင်းသီးဟင်းရွက်ဆီများသည် အမျိုး အစားတစ်ခုနှင့်တစ်ခု ဈေးနှုန်းအတက်အကျနှစ်မျိုးလုံး ရောနှောဖြစ်ပေါ်မှု မှတ်တမ်းတင်စေခဲ့ သည်။ မလေးရှား စားအုန်းဆီဈေးနှုန်းသည် စက်တင်ဘာလအတွင်း ၃.၅% မြင့်တက်လာပြီး အာဂျင်တီးနား ပဲပုပ်ဆီဈေးနှုန်းသည်လည်း ၃.၃% မြင့်တက်လာခဲ့သည်။ ထိုကာလအတွင်း အာဂျင်တီးနား နေကြာဆီဈေးနှုန်းကမူ ၆.၁% ကျဆင်းခဲ့ပြီး ဥရောပမှ မုန်ညှင်းဆီဈေးနှုန်းသည် ၀.၄% အထိ ကျဆင်းသွားသည်။ ယင်းသို့ နေကြာဆီစျေးနှုန်း သိသိသာသာ ကျဆင်းလာရခြင်းမှာ ယူကရိန်းနှင့် ရုရှားတို့သည် စက်တင်ဘာလတွင် ၎င်းတို့၏ နေကြာရိတ်သိမ်းရာသီသို့ ဝင်ရောက် လာသောကြောင့် ရောင်းလိုအားဖိအား မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

   အယ်လ်နီညိုနှင့်ဆက်စပ်သော ခြောက်သွေ့သောရာသီဥတုသည် သြဂုတ်လအစောပိုင်း ကတည်းက မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်းတွင် ပိုမိုသိသာထင်ရှားစွာ ဖြစ်ပေါ်လာခဲ့ပြီး ၆ လမှ ၉ လအကြာတွင် စားအုန်းဆီထုတ်လုပ်မှုအပေါ် ၎င်း၏အကျိုးသက်ရောက်နိုင်ခြေအပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။ အင်ဒိုနီးရှားတွင် မိုးရေချိန်သည် ဇူလိုင်လတွင် ပျှမ်းမျှအောက် ၂၀%နှင့် သြဂုတ်လတွင် ပျမ်းမျှ ၆၀% အောက်တွင်ရှိပြီး မလေးရှားသည်လည်း ခြောက်သွေ့သော အခြေအနေများနှင့် ကြုံတွေ့ရပြီး သြဂုတ်လတွင် ပျမ်းမျှအောက် ၃၀% ခန့် မိုးရွာသွန်းမှု ရှိခဲ့သည်။

   အင်ဒိုနီးရှား၏ စားအုန်းဆီထုတ်လုပ်မှုသည် ၂၀၂၇ ခုနှစ်တွင် တန်ချိန် ၁.၉ သန်း ကျဆင်း မည်ဟု ခန့်မှန်းရပြီး မလေးရှား၏ ထုတ်လုပ်မှုမှာလည်း တန်ချိန် ၀.၇ သန်းကျဆင်းမည်ဟု ဂျာမနီ နိုင်ငံအခြေစိုက် ကမ္ဘာ့စက်သုံးဆီနှင့်စားသုံးဆီဈေးကွက်အခြေအနေ လေ့လာစိစစ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် Oil World ကခန့်မှန်းထားသည်။ အင်ဒိုနီးရှား၏ ပို့ကုန်သည် ၂၀၂၇ ခုနှစ်တွင် တန်ချိန် ၃ သန်းနီးပါး ကျဆင်းမည်ဟု ခန့်မှန်းထားပြီး ဇီဝဒီဇယ်ဆီထုတ်လုပ်မှုမှ ပြည်တွင်းဝယ်လိုအား ပိုမိုခိုင်မာလာစေပြီး ထုတ်လုပ်မှုအားနည်းသည့် အလားအလာကို ထင်ဟပ်စေသည်။

   မလေးရှားတွင် စားအုန်းဆီတင်ပို့မှုမှာ ၂၀၂၇ ခုနှစ်တွင် တန်ချိန် ၁၆ သန်းခန့်ရှိလာနိုင်ပြီး တည်ငြိမ်နေမည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် မလေးရှားသည် တစ်ကမ္ဘာလုံးရှိ စားသုံးသူများ အတွက် စားအုန်းဆီထောက်ပံ့ရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာမည်ဟု မျှော်လင့်ရ သည်။ ထို့ကြောင့် လက်ရှိမြင့်မားနေသော စားအုန်းဆီ လက်ကျန်ပမာဏသည် ယာယီဖြစ်ဖွယ်ရှိ ကြောင်း ဖော်ပြထားသည်။

    အဓိက ဟင်းသီးဟင်းရွက်ဆီ ၄ မျိုး၏ တစ်ကမ္ဘာလုံးထုတ်လုပ်မှုသည် လာမည့် ၂၀၂၇ ခုနှစ် တွင် တန်ချိန် ၃.၁ သန်း တိုးတက်လာမည်ဟု ခန့်မှန်းထားပြီး စားသုံးမှုမှာ တန်ချိန် ၆.၁ သန်း တိုးတက်လာကာ စားသုံးမှုက ထုတ်လုပ်မှုထက် သိသိသာသာမြင့်တက်လာဖွယ်ရှိသည်ဟု ခန့်မှန်း ထားသည်။

   စားအုန်းဆီ ရောင်းလိုအားမလုံလောက်မှုသည် အဓိကအားဖြင့် အရှေ့တောင်အာရှတွင် အထွက်နှုန်းကျဆင်းမှုကြောင့်ဖြစ်ပြီး လက်တင်အမေရိက၌ စားအုန်းဆီထုတ်လုပ်မှု မြင့်မားလာမှု သည်လည်း အရှေ့တောင်အာရှဒေသ စားအုန်းဆီထုတ်လုပ်မှုကျဆင်းမှုကို အပြည့်အဝကာမိရန် မဖြစ်နိုင်ပေ။ မည်သို့ပင် ဆိုစေကာမူ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ဖြစ်ပေါ်လာမည့် ရာသီဥတုအခြေအနေသည် ၂၀၂၇ ခုနှစ် ဆီအုန်းထွက်ရှိမှုအပေါ် နောက်ဆုံး အကျိုးသက်ရောက်မှုကို ဆုံးဖြတ်ရာတွင် အရေးပါလျက်ရှိသည်။

   ပဋိပက္ခများပြင်းထန်လာပြီးနောက် ဆော်ဒီအာရေးဗီးယား၏ အရှေ့အနောက် ပိုက်လိုင်း စက်ရုံများကို ပိတ်ပစ်ပြီးနောက် စွမ်းအင်စျေးကွက် အနှောင့်အယှက်များ ပိုမိုပြင်းထန်လာသည်။ ၎င်းသည် ဟော်မုဇ်(Hormuz)ရေလက်ကြားနှင့် ဘဘယ်မန်ဒယ် (Babal-Mandab) ရေလက်ကြားရှိ သင်္ဘောများသွားလာမှု ပြတ်တောက်မှုမှ လက်ရှိထောက်ပံ့ရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ် လျက်ရှိကြောင်း MPOC ကထပ်လောင်းပြောကြားခဲ့သည်။ ရလဒ်အနေဖြင့် ဇီဝလောင်စာဆီရောစပ် ထုတ်လုပ်အသုံးပြုမှု ပိုမိုတိုးတက်လာစေခဲ့သည်။ စက်တင်ဘာလလယ်တွင် စက်သုံးဆီဈေးနှုန်း သည် ၁၄၇% မြင့်တက်လာပြီး ရေနံစိမ်းဈေးနှုန်းသည် ၇၃% မြင့်တက်ခဲ့ပြီး အလားတူ ကာလတွင် စားအုန်းဆီကြမ်းဈေးနှုန်းသည် ၂၁% မြင့်တက်ခဲ့သည်။ အင်ဒိုနီးရှား ပြည်တွင်းစားအုန်းဆီကြမ်း ဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၀ ဝန်းကျင်ဖြင့် ICE ဓာတ်ဆီဈေးနှုန်းအောက် အရောင်းအဝယ်ဖြစ်ခဲ့သည်။

   အနာဂတ်ကာလတွင် စားအုန်းဆီကြမ်းဈေးနှုန်းသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလတွင် တစ်တန်လျှင် ရင်းဂစ် ၄၇၀၀ (ခန့်မှန်း အမေရိကန်ဒေါ်လာ ၁၁၅၁)အထက်မှာ ဆက်လက် တည်ရှိ နေပြီး အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်မှုအခြေအနေ မသေချာမရေရာမှုနှင့် စွမ်းအင်ဈေးကွက် အခြေအနေများကြောင့် ၂၀၂၆ ခုနှစ် လက်ကျန်လများတွင်လည်း ဆက်လက်ဖြစ်ပေါ်နိုင်ခြေရှိနေ ကြောင်းခန့်မှန်းထားသည်။ စားအုန်းဆီထုတ်လုပ်မှုသည် ပုံမှန်အားဖြင့် စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလတွင် ရာသီအလိုက် အထွတ်အထိပ်သို့ ရောက်ရှိလေ့ရှိသောကြောင့် စွမ်းအင် စျေးနှုန်းများ လျော့ပါးလာပြီး အစုရှယ်ယာများ ထပ်မံစုဆောင်းခြင်းတွင် အဓိကကျသော စွန့်စားမှု အန္တရာယ်များဖြစ်ပေါ်လျက်ရှိကြောင်း မလေးရှားစားအုန်းဆီကောင်စီ (MPOC) က ပြောကြားခဲ့ ကြောင်း သိရှိရသည်။

Source: Malaysia Palm Oil Council, September 22, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)