အိန္ဒိယဗဟိုအစိုးရက လာမည့်ရာသီအတွက် ဂျုံ၏ အနည်းဆုံးထောက်ပံ့ဈေးနှုန်း (MSP) ကို တစ်ကွင်တယ် လျှင် ရူပီး ၂,၆၁၀ သို့ တိုးမြှင့်သတ်မှတ်

Powered by Drupal

     အိန္ဒိယ Union Cabinet သည် ဂျုံ၏ အနည်းဆုံးထောက်ပံ့ဈေးနှုန်း (Minimum Support Price – MSP) ကို တစ်ကွင်တယ်လျှင် ရူပီး ၂၅ တိုးမြှင့်ရန် ၂၀၂၆ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က အတည်ပြုခဲ့သည်။ ထို့ကြောင့် ၂၀၂၇–၂၈ ခုနှစ် သီးနှံဈေးကွက်တင်ရောင်းချရေးနှစ်အတွက် ဂျုံ၏ MSP သည် တစ်ကွင်တယ်လျှင် ရူပီး ၂,၆၁၀ သို့ ရောက်ရှိလာကြောင်း၊ ဂျုံတစ်ကွင်တယ်၏ ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ရူပီး ၁,၂၆၄ ဖြစ်သော်လည်း ၂၀၂၇–၂၈ ခုနှစ်အတွက် MSP ကို တစ်ကွင်တယ်လျှင် ရူပီး ၂,၆၁၀ အထိ သတ်မှတ်ပေးထားပြီး ထုတ်လုပ်မှုကုန်ကျစရိတ်၏ နှစ်ဆကျော် ဖြစ်ကြောင်း သတင်းနှင့် ရုပ်သံလွှင့်ဌာနများဆိုင်ရာ ပြည်ထောင်စုဝန်ကြီး Ashwini Vaishnaw က ပြောကြားခဲ့ သည်။

     ၂၀၂၆–၂၇ ဈေးကွက်တင်ရောင်းချရေးနှစ် (ဧပြီလမှ မတ်လအထိ) အတွက် ဂျုံ၏ MSP ကို တစ်ကွင်တယ်လျှင် ရူပီး ၂,၅၈၅ သတ်မှတ်ထားခဲ့သည်။ ဂျုံနှင့် အခြား Rabi သီးနှံငါးမျိုးတို့၏ MSP သတ်မှတ်ရေးအတွက် စိုက်ပျိုးရေးဝန်ကြီးဌာနက တင်ပြထားသော အဆိုပြုချက်ကို ဝန်ကြီးချုပ် Narendra Modi ဦးဆောင်သည့် ဝန်ကြီးများအဖွဲ့အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

     အနည်းဆုံးထောက်ပံ့ဈေးနှုန်းများသတ်မှတ်ရာတွင် မုယောစပါးကို ယခင်နှစ်က တစ်ကွင်တယ် လျှင် ရူပီး ၂,၁၅၀ သတ်မှတ်ထားရာမှ ယခုနှစ်တွင် ရူပီး ၂,၂၈၆ သို့ တိုးမြှင့်၍လည်းကောင်း၊  ပဲမျိုးစုံ အနက် ကုလားပဲ၏ ထောက်ပံ့ဈေးနှုန်းကို တစ်ကွင်တယ်လျှင် ရူပီး ၅,၈၇၅ မှ ရူပီး ၈၃ တိုးမြှင့်၍ ရူပီး ၅,၉၅၈ သတ်မှတ်၍လည်းကောင်း၊  ပဲနီလေးကို တစ်ကွင်တယ်လျှင် ရူပီး ၃၉၀ တိုးမြှင့်ပြီး ရူပီး ၇,၃၉၀ သတ်မှတ်၍လည်းကောင်း၊ ဆီထွက်သီးနှံများအနက် မုန်ညင်းစေ့ကို တစ်ကွင်တယ်လျှင် ၆,၂၀၀ မှ ရူပီး ၄၁၃ တိုးမြှင့်၍ ရူပီး၆၆၁၃ ဟုလည်းကောင်း၊ ဆီထွက်သီးနှံ Safflower ကို တစ်ကွင်တယ် လျှင် ရူပီး ၆,၅၄၀ မှ ၆၇၅ တိုးမြှင့်ပြီး ရူပီး ၇,၂၁၅ ဟုလည်းကောင်း သတ်မှတ်ခဲ့သည်။ ၂၀၂၆–၂၇ ဈေးကွက်တင် ရောင်းချရေးနှစ်အတွင်း တန်ချိန် ၃၂၄ သိန်းအတွက် လယ်သမားများထံ ပေးချေရ မည့်  စုစုပေါင်းငွေပမာဏမှာ ရူပီးကုဋေ ၉၀,၉၆၂ ခန့်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

     စိုက်ပျိုးရေးကုန်ကျစရိတ်နှင့် ဈေးနှုန်းများဆိုင်ရာ ကော်မရှင် (Commission for Agricultural Costs & Prices – CACP) ၏ အကြံပြုချက်အပေါ် အခြေခံ၍ စိုက်ပျိုးရေး ဝန်ကြီးဌာနသည် Rabi သီးနှံခြောက်မျိုးလုံးအတွက် MSP သတ်မှတ်ရန် အဆိုပြုခဲ့သည်။ ထိုသို့သတ်မှတ်ရာတွင် ထုတ်လုပ်မှု ကုန်ကျစရိတ်၊ အယ်လ်နီညို ဖြစ်စဉ်နှင့် ပတ်သက်သည့် စိုးရိမ်မှုများ၊ ကမ္ဘာ့ဈေးကွက်နှင့် ပြည်တွင်း ဈေးကွက်တို့၏ ဈေးနှုန်းအလားအလာများကို ထည့်သွင်းစဉ်းစားခဲ့သည်။

    ဂျုံသည် အိန္ဒိယနိုင်ငံ၏ အဓိက Rabi (ဆောင်းရာသီ) သီးနှံဖြစ်ပြီး ပုံမှန်အားဖြင့် ဂျုံစိုက်ပျိုး ခြင်းကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ရိတ်သိမ်းခြင်းကို ဧပြီလတွင် စတင်လေ့ရှိပါသည်။ ၂၀၂၆–၂၇ သီးနှံစိုက်ပျိုးရေးနှစ် (ဇူလိုင်လမှ ဇွန်လအထိ) အတွက် ဂျုံထုတ်လုပ်မှု ပမာဏကို တန်ချိန် ၁၂၁ သန်းရရှိရန် အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ရည်မှန်းချက် သတ်မှတ်ထားကြောင်း သိရသည်။

Source: Business Standard, 30 September 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)