အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံဈေးနှုန်းများ  မြင့်တက်လာနိုင်ကြောင်း ပဲအသင်းမှ ခန့်မှန်းပြောကြား

Powered by Drupal

    လက်ရှိမိုးသီးနှံရာသီ အခြေအနေအပေါ် စိုးရိမ်မှုများရှိနေခြင်းနှင့် ဝယ်လိုအားမြင့်တက် လာနိုင်ခြေများကြောင့် ပဲစင်းငုံဈေးနှုန်းများသည် ကာလတိုအတွင်း မြင့်တက်လာနိုင်ကြောင်း အိန္ဒိယနိုင်ငံ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (India Pulses and Grains Association- IPGA) က ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည့် အပတ်စဉ်အစီရင်ခံစာ၌ ဖော်ပြထား သည်။

   လာမည့်ရက်များအတွင်း ပဲစင်းငုံဝယ်လိုအား မြင့်တက်လာနိုင်ပြီး အထူးသဖြင့် ပွဲတော်ရာသီ အတွင်း ဝယ်လိုအားကောင်းလာနိုင်သည့်အပြင် မိုးသီးနှံရာသီတွင် ပဲစင်းငုံစိုက်ဧက လျော့နည်း လာခြင်းနှင့် ရိတ်သိမ်းချိန် နောက်ကျနိုင်ခြင်းအပေါ် စိုးရိမ်မှုများကြောင့် ဈေးနှုန်းများမြင့်တက် လာနိုင်ကြောင်း အဆိုပါအသင်းက ဖော်ပြထားသည်။

     လက်ရှိတွင် ပဲစင်းငုံခွဲခြမ်း သို့မဟုတ် သန့်စင်ပြီးပဲစင်းငုံထုတ်ကုန်များအတွက် ဝယ်လိုအား မှာ အလယ်အလတ်အဆင့်တွင်သာရှိသော်လည်း လာမည့်ရက်များအတွင်း မြင့်တက်လာနိုင် ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော ပွဲတော်ရာသီကာလနှင့် ဒီပါဝလီ (Diwali) ပွဲတော်ကာလအထိ ပဲစင်းငုံဝယ်လိုအား ဆက်လက်ကောင်းမွန်နေမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

    မဟာရဋ္ဌပြည်နယ်ရှိ ပဲစင်းငုံစိုက်ပျိုးသည့်ဒေသများတွင် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း မိုးရွာသွန်းမှု ပိုမိုများပြားလာခဲ့ပြီး ယင်းအခြေအနေသည် လက်ရှိစိုက်ပျိုးထားသောသီးနှံ၏ ကနဦး ကြီးထွားဖွံ့ဖြိုးမှုအဆင့်အတွက် အထောက်အကူဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။ သို့သော် စုစုပေါင်း စိုက်ဧကလျော့နည်းလာခြင်းကြောင့် အဆိုပါပြည်နယ်၏ ပဲစင်းငုံထုတ်လုပ်မှုသည် ယခင် နှစ်ထက် လျော့နည်းနေမည်ဟု ခန့်မှန်းထားသည်။

    ကာနာတကာပြည်နယ်မှ ပဲစင်းငုံသီးနှံသည် နိုဝင်ဘာလကုန်ပိုင်းတွင် ဈေးကွက်အတွင်း ဝင်ရောက်လာနိုင်မည်ဟု ယခင်ကခန့်မှန်းထားသော်လည်း ယခုအခါ အနည်းဆုံး ဇန်နဝါရီလလယ် ပိုင်းအထိ ထပ်မံနောက်ကျနိုင်ကြောင်း အသင်းကပြောကြားထားသည်။ မဟာရဋ္ဌပြည်နယ်နှင့် ကာနာတကာပြည်နယ်တို့သည် အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံအများဆုံး ထုတ်လုပ်သည့်ပြည်နယ်များ ဖြစ်ကြသည်။

    အစိုးရတွင် လက်ကျန်သိုလှောင်မှုပမာဏ လုံလောက်စွာရှိနေသော်လည်း ပြည်တွင်းထွက် ပဲစင်းငုံနှင့် သွင်းကုန်ပဲစင်းငုံများ၏ ဈေးကွက်အတွင်းရောင်းချဖြန့်ဖြူးမှုမှာ ကန့်သတ်နေဆဲ ဖြစ်ကြောင်းဖော်ပြထားသည်။ ပြည်တွင်းပဲစင်းငုံထောက်ပံ့မှု မလုံလောက်သည့်အခြေအနေကြောင့် ပဲခွဲစက်လုပ်ငန်းရှင်များနှင့် ကုန်သည်များသည် မြန်မာနိုင်ငံနှင့် အာဖရိကနိုင်ငံများမှ ပဲစင်းငုံများကို ပိုမိုဝယ်ယူလာနိုင်ကြောင်း ခန့်မှန်းထားသည်။

    ဈေးကွက်အတွင်း ထောက်ပံ့မှုလျော့နည်းလာခြင်းကြောင့် နေနေ့ကုန်ဆုံးသည့် ရက်သတ္တပတ်အတွင်း ပဲစင်းငုံဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်းသိရသည်။ ထို့အပြင် ပဲစင်းငုံသီးနှံ ထွက်ရှိမှု လျော့နည်းနိုင်မည့် အလားအလာကြောင့် ဈေးနှုန်းများထပ်မံမြင့်တက်လာမည်ဟု မျှော်လင့်ရကြောင်း၊ သိုလှောင်ထားသူများနှင့် ကုန်သည်များမှလည်း လက်ကျန်ပဲများကို  ရောင်းချရန် ငြင်းဆန်ခဲ့ကြကြောင်း သိရသည်။

    မိုးရွာသွန်းမှု ပုံမှန်ထက်နည်းပါးနေခြင်းကြောင့် မဟာရဋ္ဌပြည်နယ်နှင့် အိန္ဒိယနိုင်ငံ တောင်ပိုင်းပြည်နယ်များတွင် ပဲစင်းငုံသီးနှံအပေါ်စိုးရိမ်မှုများ ဆက်လက်မြင့်မားနေကြောင်း ဖော်ပြ ထားသည်။ မဟာရဋ္ဌပြည်နယ်Akola ဈေးကွက်တွင် ပဲစင်းငုံဈေးနှုန်းသည် ယခင်အပတ်ထက် ၁၀၀ ကီလိုဂရမ်လျှင် ရူပီး ၁၇၅ မြင့်တက်ခဲ့ပြီး ရူပီး 8,975 မှ  9,000 အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

Source: Informist, September 15, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)