
ကမ္ဘောဒီးယားနိုင်ငံ၏ အထင်ကရ ခရီးသွားနေရာတစ်ခုဖြစ်သည့် အန်ကော ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှုနှင့် ဝင်ကြေးရငွေတို့သည် ယခုနှစ် ပထမ (၉) လအတွင်း သိသိသာသာ ကျဆင်းခဲ့ကြောင်း နိုင်ငံပိုင် Angkor Enterprise က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ အန်ကော ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ နိုင်ငံခြားခရီးသွား ၅၁၀,၅၂၈ ဦး ဝင်ရောက်ခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၂၇.၆၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ခရီးသွားဝင်ရောက်မှု လျော့နည်း လာခြင်းကြောင့် ဝင်ကြေးလက်မှတ်ရောင်းချမှုမှ ရရှိသည့် ဝင်ငွေမှာလည်း အမေရိကန်ဒေါ်လာ ၂၄.၂၃ သန်းခန့်သာ ရရှိခဲ့ပြီး ၂၅.၉ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ နိုင်ငံတကာခရီးသွား ဝင်ရောက်မှုကျဆင်းရခြင်းမှာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တင်းမာမှု၊ ကမ္ဘာ့စီးပွားရေး အခြေအနေ ပြောင်းလဲမှုများနှင့် ခရီးသွားလာရေးဆိုင်ရာ အခက်အခဲများကြောင့်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများက ပြောကြားထားသည်။ Siem Reap ပြည်နယ် အန်ကောခရီးသွားလမ်းညွှန်အသင်းဥက္ကဋ္ဌ Khiev Thy ကလည်း နိုင်ငံတကာခရီးသွားများ၏ ခရီးစဉ်ဖျက်သိမ်းမှုနှင့် အခြားနေရာများသို့ ပြောင်းလဲသွားရောက်မှုများသည် ယမန်နှစ် နှောင်းပိုင်းမှစတင်ခဲ့သည့် နယ်စပ်ပဋိပက္ခနှင့် စီးပွားရေးအခက်အခဲများကြောင့် အဓိက ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း Khmer Times သို့ ပြောကြားခဲ့သည်။ ခရီးသွားလုပ်ငန်း ပြန်လည်တိုးတက်လာစေရန် ကမ္ဘောဒီးယားခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွားထုတ်ကုန်နှင့် ဝန်ဆောင်မှုများတိုးချဲ့ဖော်ဆောင်ခြင်း၊ နယ်စပ်ဖြတ်ကျော် ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများ အားကောင်းစေခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ခရီးသွားလာရေးဝန်ကြီး Hout Hak ကလည်း ရေရှည် တည်တံ့ပြီး အားလုံးပါဝင်နိုင်သည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံလူထုကို ပံ့ပိုးပေးခြင်း၊ ရိုးရာလက်မှုပညာများ ဖော်ထုတ်မြှင့်တင်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေသည့် ရင်းနှီးမြှုပ်နှံမှုများအားပေးခြင်းနှင့် ယဉ်ကျေးမှု၊ သဘာဝအမွေအနှစ်များ ထိန်းသိမ်းခြင်းတို့ကို အလေးထားဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ အဆိုပါလုပ်ငန်းများသည် ၂၀၂၆ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၂၇ ခုနှစ်အတွင်း နိုင်ငံတကာခရီးသွားများ ပိုမိုဝင်ရောက်လာစေရန် အထောက်အကူပြုမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ သို့သော် စက်တင်ဘာလအတွင်း ခရီးသွားဝင်ရောက်မှုသည် ယမန်နှစ် အလားတူလထက် ၀.၃၂ ရာခိုင်နှုန်းသာ လျော့နည်းခဲ့ပြီး ဝင်ကြေးရငွေမှာမူ ၃.၁ ရာခိုင်နှုန်းမြင့်တက်ကာ အမေရိကန် ဒေါ်လာ ၁.၆၉ သန်း ရရှိခဲ့သည်။ ၂၀၂၅ ခုနှစ်တစ်နှစ်လုံးတွင် အန်ကောရှေးဟောင်းယဉ်ကျေးမှု နယ်မြေ ဝင်ကြေးလက်မှတ်ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၄၅ သန်းနီးပါး ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၆.၅၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)
