မလေးရှားနှင့် စင်္ကာပူ ပူးပေါင်း၍ အာဆီယံအတွင်း ကုန်သွယ်မှု တိုးမြှင့်ရန် ဆောင်ရွက်မည်

Powered by Drupal

       မလေးရှားနှင့် စင်္ကာပူနိုင်ငံတို့သည် ထောက်ပံ့ရေးကွင်းဆက်၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အဓိကစက်မှုလုပ်ငန်းများတွင်ရှိသည့် အားသာချက်များကို အသုံးချ၍ အာဆီယံဒေသအတွင်း စီးပွားရေးချိတ်ဆက်မှုနှင့် ကုန်သွယ်မှုများတိုးမြှင့်ရန် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း မလေးရှား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Datuk Seri Johari Abdul Ghani က အောက်တိုဘာလ ၁ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

        အဆိုပါအချက်ကို မလေးရှား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (MITI) နှင့် စင်္ကာပူ စွမ်းအင်၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (METI) တို့အကြား တတိယအကြိမ်မြောက် နှစ်စဉ်ဝန်ကြီးအဆင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ Johari က အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးချိတ်ဆက်မှုများ ပိုမိုလွယ်ကူလာစေရန် မလေးရှားနှင့် စင်္ကာပူတို့ ပူးပေါင်းဆောင်ရွက်နိုင်ကြောင်းပြောကြားခဲ့သည်ဟု သိရသည်။

        အာဆီယံ ၁၁ နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄.၃၇ ထရီလီယံ ခန့်ရှိသော်လည်း အာဆီယံနိုင်ငံများအချင်းချင်း ကုန်သွယ်မှုမှာ ဒေါ်လာ ၈၀၀ ဘီလီယံမှ ၉၀၀ ဘီလီယံခန့်သာ ရှိကြောင်း ၎င်းက ပြောကြားသည်။ ထို့ကြောင့် ရေရှည်တွင် အာဆီယံ၏ စုစုပေါင်းကုန်သွယ်မှုမှ ၅၀ ရာခိုင်နှုန်းကို အာဆီယံနိုင်ငံများအချင်းချင်း ကုန်သွယ်မှုအဖြစ် တိုးမြှင့်နိုင်ရန် ရည်မှန်းထားကြောင်း Johari က ပြောကြားခဲ့ကြောင်း သိရသည်။

   ထို့အပြင် အာဆီယံ ဒစ်ဂျစ်တယ်စီးပွားရေး မူဘောင်သဘောတူညီချက် (DEFA) ကို အကောင်အထည်ဖော်ခြင်းသည် အာဆီယံအတွင်း ကုန်သွယ်မှု တိုးမြှင့်ရန် အရေးကြီးသည့် မဟာဗျူဟာတစ်ရပ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ မလေးရှားက ၂၀၂၅ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် DEFA ကို အဆိုပြုခဲ့ပြီး လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်သည့် စင်္ကာပူအနေဖြင့် ယင်းသဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်ရေး ဦးဆောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း Johari က ပြောသည်။

      အာဆီယံဒေသတွင်း ချိတ်ဆက်မှုအားကောင်းလာခြင်းကို ထောက်ပံ့ရေးကွင်းဆက်၊ အစားအစာလုံခြုံရေးနှင့် လျှပ်စစ်နှင့် အီလက်ထရွန်နစ် (E&E) ကဏ္ဍများတွင် အသုံးချနိုင်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

        မလေးရှားနှင့် စင်္ကာပူတို့၏ နှစ်စဉ်ဝန်ကြီးအဆင့် ဆွေးနွေးပွဲသည် နှစ်နိုင်ငံကုန်သွယ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်နေသည့် ပြဿနာများကို ဖော်ထုတ်ဖြေရှင်းရန် အစိုးရနှင့် စီးပွားရေးလုပ်ငန်းကိုယ်စားလှယ်များ စုစည်းဆွေးနွေးသည့် အစည်းအဝေးဖြစ်ကြောင်း သိရှိရပါသည်။

Source : BERNAMA                                                                              

DOCA (ရန်ကုန်)