
ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနသည် သုံးရက်ကြာ ကျင်းပပြုလုပ်မည့် ၂၀၂၆ ခုနှစ် ကမ္ဘောဒီးယား စိုက်ပျိုးရေးဖိုရမ်နှင့် ပြပွဲ (CAFE26) ကို ယခုလအတွင်း လက်ခံကျင်းပရန် ပြင်ဆင်နေပြီး အစိုးရတာဝန်ရှိသူများ၊ တောင်သူလယ်သမားများ၊ စိုက်ပျိုးရေးသမဝါယမအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်များ ပါဝင်တက်ရောက်ကြမည်ဖြစ်သည်။ အဆိုပါ အကြောင်းကို ဝန်ကြီးဌာန၌ ၁-၁၀-၂၀၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Prak David က ပြောကြားခဲ့သည်။ ယင်းပွဲကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။ CAFE26 ၏ ရည်ရွယ်ချက်မှာ ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်ပစ္စည်းတန်ဖိုးမြှင့်ထုတ်လုပ်မှု၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုတို့ကို မြှင့်တင်ရန်ဖြစ်ပြီး အဆိုပါဖိုရမ်နှင့် ပြပွဲကို အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အထိ Koh Pich Convention and Exhibition Center တွင် ကျင်းပမည်ဖြစ်ပြီး ပြခန်းပေါင်း ၄၀၀ ကျော်၊ တောင်သူလယ်သမား ၂,၀၀၀ ကျော်နှင့် လာရောက်လည်ပတ်သူ ၂၅,၀၀၀ ခန့် တက်ရောက်မည်ဟု စီစဉ်သူများက ခန့်မှန်းထားကြသည်။ ပြခန်းများတွင် စိုက်ပျိုးရေးထွက်ကုန်များ၊ လယ်ယာသုံးစက်ယန္တရားများ၊ စိုက်ပျိုးရေးသုံးဒရုန်းများ၊ ဒစ်ဂျစ်တယ်နည်းပညာများ၊ စိုက်ပျိုးရေးသွင်းအားစုများ၊ ထုတ်လုပ်ပြုပြင်ခြင်းနှင့် ထုပ်ပိုးခြင်းဆိုင်ရာ နည်းပညာများ၊ ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ရည်ရှိသော စိုက်ပျိုးရေးနည်းလမ်းများအပြင် ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ဆောင်မှုများကို ပြသသွားမည်ဖြစ်သည်။ ထို့ပြင် စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ နည်းပညာသရုပ်ပြခြင်းနှင့် လက်တွေ့စမ်းသပ်ခြင်း၊ ထုတ်ကုန်အသစ်များ မိတ်ဆက်ခြင်း၊ အတွေ့အကြုံနှင့် အသိပညာဖလှယ်ခြင်းတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းမှတစ်ဆင့် တောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဝယ်ယူသူများနှင့် ရင်းနှီးမြှုပ်နှံသူများအကြား တိုက်ရိုက်ချိတ်ဆက်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)
