
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ် များတွင် စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ကုန်စိမ်းသီးနှံမျိုးစုံနှင့် သစ်သီးဝလံများကို နှစ်စဉ်စိုက်ပျိုးလျက် ရှိသည်။ သီးနှံမျိုးစုံအနက် မတ်ပဲသီးနှံကို စိုက်ပျိုးရာတွင် စိုက်ဧက(၃၀၀၀)ခန့် စိုက်ပျိုးပြီး ရေစကြို မြို့နယ်တွင် အဓိကစိုက်ပျိုးပြီး ပခုက္ကူ ဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်သည့်အပြင် အခြားမြို့နယ်များမှလည်း ဝင်ရောက်ကြောင်း သိရှိရသည်။
မတ်ပဲဈေးနှုန်းမှာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (စတုတ္ထပတ်)တွင် တစ်တင်းလျှင် ကျပ်(၇၀၀၀၀ မှ ၇၄၅၀၀)ဖြစ်ပြီး ဈေးကျပြီး အရောင်း အဝယ်ဖြစ်ကြောင်း၊ ဒီဇင်ဘာလ(ပထမပတ်)နှင့် (ဒုတိယပတ်) တွင် မတ်ပဲတစ်တင်းလျှင် သီးနှံအရည်အသွေးလိုက်၍ ကျပ်(၇၀၀၀၀ မှ ၇၇၀၀၀) ဈေးရှိပြီး အရောင်း အဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခု တစ်ပတ် အတွင်း မတ်ပဲတစ်တင်းလျှင် ကျပ်(၂၅၀၀) ခန့် ဈေးကျနေကြောင်း သိရှိရသည်။ မတ်ပဲသီးနှံသည် ပြည်တွင်းစားသုံးမှုနည်းသော်လည်း ပြည်ပ နိုင်ငံ များမှ ဝယ်လိုအားကောင်းသော သီးနှံတစ်မျိုးဖြစ်၍ ဈေးကွက်ခိုင်မာ မှုရှိကြောင်း၊ ပြည်ပဈေးကွက် အပေါ်မူတည်၍ ဈေးနှုန်းအနိမ့်အမြင့်ရှိကြောင်း ပဲဈေးကွက်မှ သိရှိရသည်။
DOCA(မကွေး)
