Main menu

ဆေးရွက်ကြီးစိုက်ပျိုးမှုအကြောင်း တစေ့တစောင်း

Powered by Drupal
Tue, 02/14/2023 - 10:34 -- consumer_admin

ဆေးရွက်ကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်း ပူပြင်းခြောက်သွေ့သောဒေသများတွင် အများဆုံးစိုက်ပျိုးမှုဖြစ်ထွန်းလေ့ရှိသည်။ မူလဒေသမှာ အမေရိကတိုက်မှဖြစ်ပြီး မြန်မာနိုင်ငံသို့ (၁၇)ရာစုခန့်က အိန္ဒိယနိုင်ငံမှတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်သည်။ "နွယ်မြက်သစ်ပင်ဆေးဖက်ဝင်"ဆိုသည့်စကားနှင့်အညီ ယခုဆေးရွက်ကြီးပင်ကို မြန်မာနိုင်ငံသို့စတင်ရောက်ရှိချိန်၌ ဆေးပင်ဟု ခေါ်ဝေါ်သမုတ်ခဲ့ကြပါသည်။ ဆေးရွက်ကြီးပင်သည် ခြုံပင်အမျိုးအစားဖြစ်ပြီး အရွက်တို့သည် ရွက်ထီးများဖြစ်ပြီး ရွက်လွဲတည်းရှိသည်။ ရွက်ကြောရိုးထီးတည်းနှင့် လှံသွားပုံရှိပြီး မျက်နှာပြင်တွင် အမွေးနုကလေးများရှိသည်။  မြန်မာလူမျိုးများအနေဖြင့် သုံးစွဲမှုနည်းပါးသော်လည်း ဆေးရွက်ကြီးသည် လူတိုင်းအတွက်အသုံးဝင်သော ကျန်းမာရေးဆေးဖက်ဝင်ပစ္စည်းတစ်မျိုးဖြစ်သည်။

        ဆေးရွက်ကြီးကို မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းမိုးနည်းဒေသများဖြစ်သော မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့ရှိ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဘေးရှိ မြစ်ရေဝင်သော ကိုင်းကျွန်းမြေနုများတွင် ဒေသစီးပွားအဖြစ် အများဆုံးစိုက်ပျိုးကြသည်။ ဆေးရွက်ကြီးအမျိုးအစားများဖြစ်သော ဗာဂျီးနီးယား(ခေါ်) (ကုလား)ဆေးရွက်နှင့် (မြန်မာ)ဆေးရွက်ကြီးနှစ်မျိုးကို နှစ်စဉ်နှစ်တိုင်းစိုက်ပျိုးပြီး မြန်မာဆေးရွက်ကြီးကို အများဆုံးစိုက်ပျိုးကြသည်။ စတင်စိုက်ပျိုးချိန်တွင် စိုက်ဧကအမြောက်အများစိုက်ပျိုးခဲ့ကြပြီး ကုန်ကြမ်းဝယ်လိုအားနည်းပြီး ဈေးကွက်ကျဆင်းခြင်းတို့ကြောင့် ဆေးရွက်ကြီးစိုက်ဧကများ လျော့နည်းသွားကြောင်းသိရှိရသည်။

          ဆေးရွက်ကြီးစိုက်ပျိုးမှုမှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကုက္ကိုလှအုပ်စု၊ ကျွန်းညိုကြီးအုပ်စု၊ သံပရာပင်ကုန်းအုပ်စု၊ မြင်းကျွန်းအုပ်စု၊ နန်းတော်ရပ်အုပ်စု၊ မှိုက်ပင်ကုန်းအုပ်စုကျေးရွာများတွင် မြန်မာဆေးရွက်ကြီးကို နှစ်စဉ်မပြတ် မိရိုးဖလာဒေသစီးပွားအဖြစ် အဓိကစိုက်ပျိုးသည်။ စိုက်ပျိုးမှုမဖြစ်သည့်မြေများတွင်သာ ငရုတ်၊ အစေ့ထုတ်ပြောင်းနှင့် ပဲတီစိမ်းသီးနှံများကို စိုက်ပျိုးကြသည်။ ယခင်က ဆေးရွက်ကြီးကို စိုက်ဧက(၅၀၀)ဧကခန့်စိုက်ပျိုးခဲ့ပြီး တဖြည်းဖြည်းနှင့် ကုန်ကြမ်းဝယ်လိုအားနည်းလာပြီး ဈေးကွက်ကျဆင်းသွားခြင်းနှင့် မြစ်ရေဝင်သောမြေဖြစ်၍ ကမ်းပါးပြိုကျခြင်းများကြောင့် စိုက်ဧကလျော့နည်းသွားပြီး ယခုနှစ်တွင် ဆေးရွက်ကြီးစိုက်ဧက (၃၀၀)ဧကဝန်းကျင်ခန့်စိုက်ပျိုးထားရှိကြသည်။

       ဆေးရွက်ကြီးပင်ကို ရေသွင်းရေထုတ်ကောင်းပြီး မြေအစိုဓါတ်ရရှိရန် လိုအပ်သည့်နုန်းမြေအမျိုးအစားတွင် အဓိကစိုက်ပျိုးကြသည်။ မြေအောက်ရေအပြင် ရေသွင်းစနစ်ဖြင့် စိုက်ပျိုးကြရသည်။ ဆေးရွက်ကြီးကို သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလတို့တွင် စတင်စိုက်ပျိုးသည်။ မျိုးစေ့မှ ပျိုးခင်းပြုလုပ်ပျိုးထောင်ပြီး (၄၅)ရက်သားရှိလျှင် စိုက်ခင်းထဲသို့ ပြောင်းရွှေ့စိုက်ပျိုးကြသည်။ တစ်ဧကလျှင် ပျိုးပင်(၆၀၀၀)ပင်ခန့်ကို (၂)ပေအကွာအဝေးရှိသော ပင်ကြား၊ တန်းကြားတို့တွင် စိုက်ပျိုးပြီး ရေမြောင်းဖြင့်ရေသွင်း၍ တပို့တွဲလ၊ တပေါင်းလတွင် အရွက်များ စတင်ခူးရကြောင်းသိရသည်။ စိုက်ပျိုးပြီး (၄၅)ရက်သားတွင် ခေါင်အဖူးနှိမ်ပေးရပြီး ဆေးရွက်များကြီးထွားသန်မာစေရန်အတွက် ဆေးရွက်ကြီးတစ်ပင်လျှင် အရွက်(၉)ရွက်ခန့်ထားရှိသည်။ ပင်စည်မှထွက်လာသောအတက်များကို တစ်လလျှင် (၃)ကြိမ်ခန့် အတက်ဖဲ့ပေးရကြောင်းသိရှိရသည်။ စိုက်ပျိုးပြီး (၃)လသားတွင် အပင်မှစတင်ခူးပြီး နေလှန်း၍သိမ်းဆည်းရသည်။ ဆေးရွက်ခူးရသော သက်တမ်းမှာ (၂)လခန့်ကြာမြင့်ကြောင်းသိရှိရသည်။

         ဆေးရွက်ကြီးကို အပင်မှခူး၍ ရိတ်သိမ်းပြီးသည့်ဆေးရွက်များ၏ ကျောရိုးအားထု၍ နေလှန်းပြီးသောဆေးရွက်ခြောက်များအား တစ်ရွက်ချင်းထပ်၍ ထားရှိပြီးသောဆေးရွက်များကို သိမ်းဆည်းရန် ဆေးပြင်သမားခေါ်ယူပြီး ပြင်ဆင်ကြောင်း၊ ဆေးရွက်ခြောက်ပုံကို ရေပေး၍နှပ်ထားပြီး အပေါ်မှ မိုးကာဖြင့်အလုံအုပ်ပြီးဖိထားရကြောင်း၊ ရေပေးမှုအနည်းအများပေါ်မူတည်၍ ဆေးရွက်ကြီးအရောင်ပြောင်းလဲမှုရှိပြီး၊ ရေများများပေးလျှင် ဝါညိုရင့်ရောင်ဆေးရွက်ရရှိပြီး ရေနည်းနည်းပေးလျှင် ဝါကြည်သွေးရောင်ဆေးရွက်ရရှိကြောင်း၊ ဆေးရွက်အရောင်ပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုရှိ၍ ဆေးပြင်ဆင်ထားသိုသိမ်းဆည်းမှုမှာ လွန်စွာအရေးကြီးကြောင်း၊ ရေနှပ်ပြီးသောဆေးရွက်ကြီးများကို နှီးဖြင့်ယက်လုပ်ထားသောပုတ်များဖြင့်ထည့်ပြီး သိမ်းဆည်းထားရှိ၍ ထန်းလက်များဖြင့် ကွက်စိပ်ယက်လုပ်ပြီး လေလုံအောင် ပုတ်များပေါ်တွင် ဖုံးအုပ်ထားရှိကြောင်းသိရှိရသည်။

         စိုက်ပျိုးပြီးသောဆေးရွက်ကြီးတစ်ဧကလျှင် အထွက်နှုန်းပိဿာမှာ ရာသီဥတု၊ မြေအနေအထာနှင့် သွင်းအားစုသုံးစွဲပုံ မတူညီကြ၍ တောင်သူတစ်ဦးချင်းမှာ အထွက်နှုန်းကွာခြား၍ တစ်ဧကလျှင် ယခင်နှစ်တွင် ပိဿာ(၇၀၀ မှ ၉၀၀)ထွက်ရှိခဲ့ပြီး ယခုနှစ်တွင် ရာသီဥတုကောင်းမွန်မှုကြောင့် တစ်ဧကလျှင် ပိဿာ(၁၀၀၀ မှ ၁၅၀၀)အထိထွက်ရှိကြောင်း၊ ဆေးရွက်ကြီးဈေးနှုန်းဈေးကွက်အနေဖြင့် အရည်အသွေးအပေါ်မူတည်၍ ယခင်နှစ်တွင် တစ်ပိဿာလျှင် ကျပ်(၇၀၀ မှ ၂၀၀၀)ရှိခဲ့ပြီး ယခုနှစ်တွင် ကျပ်(၉၀၀ မှ ၃၀၀၀)ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရသည်။ ဆေးရွက်ကြီးတစ်ဧကလျှင် စိုက်ပျိုးစရိတ်အနေဖြင့် မြေပြုပြင်ချိန်မှစ၍ မျိုးစေ့၊ သွင်းအားစုစရိတ်နှင့် အလုပ်သမားခအပါအဝင် စုစုပေါင်း ကျပ်သိန်း(၂၀)ပတ်ဝန်းကျင်ခန့်ကုန်ကျကြောင်း၊ ပခုက္ကူမြို့နယ် ကျွန်းဒေသထွက် ဆေးရွက်ကြီးများကို ပခုက္ကူမြို့ပေါ်ရှိ လုပ်ငန်းရှင်နှင့်ပွဲစားများ၊ မြင်းခြံမြို့မှပွဲစားများက စိုက်ပျိုးထွက်ရှိသည့် ကျေးရွာများအထိ လာရောက်ဝယ်ယူကြောင်းသိရှိရပါသည်။

    ဆေးရွက်ကြီးပင်သည် မူလကတည်းက ပိုးများကိုသေစေနိုင်သော ဆေးပင်ဖြစ်၍ ပိုးနှိမ်နှင်းနိုင်သည့်အတွက် ဆေးရွက်ကြီးပင်များအပေါ်သို့ ရောဂါပိုးကျရောက်ခြင်းကင်း၍ ပိုးသတ်ဆေးများကို အသုံးမပြုရဘဲ အရွက်ကြီးထွားစေရန်အတွက် ရွက်ဖြန်းအားတိုးဆေးကိုသာ အသုံးပြုရသောကြောင့် ကုန်ကျစရိတ်မများကြောင်းသိရှိရသည်။

      ဆေးရွက်ကြီးတစ်ပင်လုံးတွင် အရွက်၊ အရိုး၊ အမြစ်တို့ကအစ အသုံးဝင်ပြီး ဆေးဖက်ဝင်အပင်လည်းဖြစ်သည်။ ဆေးရွက်ကြီးကို ဆေးလိပ်ခုံများ၊ ကွမ်းယာဆိုင်များတွင် ကွမ်းစားဆေးအဖြစ်အသုံးပြုခြင်း၊ တိုင်းရင်းဆေးအဖြစ်အသုံးပြုနိုင်ခြင်းအပြင် ဆေးရွက်ကြီးအမြစ်ကို သွေး၍သောက်ပါက ဝမ်းကိုနူးစေပြီး ဝမ်းနူးဆေးနှင့် အားတိုးဆေးအဖြစ် အသုံးပြုကြောင်းသိရှိရသည်။ ဆေးရွက်ကြီးသည် ပိုးသေစေသောဆေးဝါးအာနိသင်နှင့် အနာကျက်စေသောအာနိသင်ရှိခြင်း၊ အရေပြား ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ ဓါတ်မတည့်ခြင်းဖြစ်သည့်အရာများမှလည်း ပျောက်ကင်းစေသော အာနိသင်တို့ရှိကြောင်းသိရှိရသည်။ ဆေးရွက်ကြီးသည် အလွန်အကျွံမသုံးစွဲရဘဲ သင့်တင့်မျှတစွာသုံးစွဲရသော ဆေးဖက်ဝင်အပင်ဖြစ်သည့်အပြင် စိုက်ခင်းအပင်များတွင် ကျရောက်တတ်သောပိုးများကို ထိထိရောက်ရောက်နှိမ်နှင်းကာကွယ်ပေးနိုင်သောအပင်လည်းဖြစ်သည်။

       မြန်မာလူမျိုးများအနေဖြင့် သုံးစွဲရန်နည်းပါးသော်လည်း ဆေးရွက်ကြီးသည် လူတိုင်းအတွက်အသုံးဝင်သော ကျန်းမာရေးဆေးဖက်ဝင်ပစ္စည်းတစ်မျိုးဖြစ်သည်။ စိုက်ခင်းများတွင်လည်း ရောဂါပိုးမွှားများကျရောက်မှုမှ ကာကွယ်ပေးနိုင်သော ပိုးသတ်ဆေးအာနိသင်ရှိသည်။ ဆေးရွက်ကြီးကို နှစ်စဉ်မပြတ်စိုက်ပျိုးခဲ့ရာတွင် ယခင်နှစ်များက ဆေးလိပ်စက်ရုံများမှာ လည်ပတ်ခြင်းရှိခဲ့၍ တောင်သူများက ထွက်ရှိသောဆေးရွက်ကြီးနှင့်ဆေးရိုးများကို ဝယ်လိုအားနှင့်ရောင်းလိုအားကောင်းမှုတို့ကြောင့် ဈေးကောင်းရရှိခဲ့ပြီး ယခုနှစ်တွင် ဆေးလိပ်ခုံလုပ်ငန်းများနည်းပါးသွားခြင်း၊ ကုန်ကြမ်းဝယ်ယူသုံးစွဲမှုနည်းပါးသွားခြင်းနှင့် ဝယ်လိုအားနည်းပြီး ဈေးကွက်မရှိခြင်းကြောင့် ဆေးရွက်ကြီးစိုက်ပျိုးမှုလုပ်ငန်းများမှာ လျော့နည်းသွားကြောင်း၊ စိုက်ပျိုးထွက်ကုန်ဖြစ်သောဆေးရွက်ကြီးများကို ဝယ်ယူရောင်းချဖြန့်ဖြူးပေးမည့်ကုမ္ပဏီများ၊ လုပ်ငန်းရှင်များရှိပါက နှစ်စဉ်မပြတ်တိုးချဲ့စိုက်ပျိုးပါက မိမိတို့ပြည်တွင်းရှိ စိုက်တောင်သူများ၊ လုပ်ငန်းရှင်များ၊ အလုပ်သမားနှင့် ပြည်သူများမှာ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ကြောင်းရေးသားသုံးသပ်တင်ပြအပ်ပါသည်။

DOCA(မကွေး)