Main menu

စျေးကွက်စီးပွားရေးစနစ်၏ သွင်ပြင်လက္ခဏာများ(The characteristics of market economy)

Powered by Drupal
Mon, 02/13/2023 - 11:22 -- consumer_admin

       ကျွန်ုပ်တို့ အထက်တန်းတန်းကျောင်းသားဘဝတွင် သင်ယူခဲ့ဖူးသော ဘောဂဗေဒဘာသာရပ် (စနစ်ဟောင်း) အခန်း(၁)၌ စျေးကွက်စီးပွားရေးစနစ်ကို လေစေဖဲယား (Laissez-Faire) လွတ်လပ်သောလုပ်ငန်းစနစ် စသည်ဖြင့်အမျိုးမျိုးခေါ်ဝေါ်ကြသည်ဟု ဆိုထားသလို စျေးကွက်စီးပွားရေးစနစ် (Market Economy) ကို လေစေဖဲယားစီးပွားရေး (Laissez-Faire Economy)၊ လွတ်လပ်သောစီးပွားရေးလုပ်ငန်းများ(Free Enterprises)၊ စျေးနှုန်းယန္တရား(Price Mechanism)၊ လွတ်လပ်သောစျေးကွက်စီးပွားရေး(Free Market Economy)ဟူ၍ အမျိုးမျိုးခေါ်ဝေါ်လေ့ရှိသည့်အပြင် ပညာရှင်အချို့ကဆိုလျှင် စျေးကွက်စီးပွားရေးစနစ်သည် အမှန်တကယ်အားဖြင့် အရင်းရှင်စီးပွားရေးစနစ် (Capitalist System) ပင်ဖြစ်သည်ဟု ပြောဆိုကြသည်လည်းရှိပါသည်။

   အမှန်တကယ်အားဖြင့် Laissez-Faire ဆိုသည့်စကားမှာ ပြင်သစ်ဘာသာစကားဖြစ်ပြီး ကုန်သွယ်မှုတွင် အစိုးရကဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်များက လွတ်လွတ် လပ်လပ်လုပ်ကိုင်ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုပါသည်။ စျေးကွက်စီးပွားရေးစနစ်၏ သွင်ပြင်လက္ခဏာများကို လေ့လာမည်ဆိုပါက -

၁။  စီးပွားရေးလုပ်ဆောင်ချက်များတွင် အစိုးရကဝင်ရောက်စွက်ဖက်ခြင်း၊ ချုပ်ကိုင်မှုမရှိခြင်း၊ စီးပွားရေးလုပ်ဆောင်ချက်အားလုံးကို ပုဂ္ဂလိကကဏ္ဍကသာ လုပ်ဆောင်ခြင်း

၂။    စားသုံးသူသည်သာအဓိက(Existing of Consumer Sovereignty)

        ထုတ်လုပ်သူများ(လုပ်ငန်းများ)သည် စားသုံးသူများအကြိုက်၊ တနည်းအားဖြင့် ဝယ်ယူနိုင်စွမ်း (Purchasing Power) ရှိသူတို့၏အကြိုက်ကိုသာ ထုတ်လုပ်လေ့ရှိပါသည်။ အမျိုးအစား၊ အရွယ်အစား၊ အရည်အသွေး၊ အရောင်အဆင်း၊ ပုံသဏ္ဌာန် စသည့်အချက်များအားလုံး စားသုံးသူအကြိုက်ထုတ်လုပ်ပေးလေ့ရှိပါသည်။ မည်သည့်ကုန်စည်နှင့် ဝန်ဆောင်မှုများကို ထုတ်လုပ်မည်၊ မည်ကဲသို့ဆောင်ရွက်မှုများကို လုပ်ဆောင်မည် ဟူသောလုပ်ဆောင်ချက်တို့တွင် စားသုံးသူအကြိုက်သည် ထုတ်လုပ်သူ၏လုပ်ငန်းများအပေါ်တွင် လွှမ်းမိုးသည့်သဘောပင်ဖြစ်ပေသည်။ တစ်နည်းဆိုရသော် ကုန်စည်ထုတ်လုပ်ရောင်းဝယ်မှုများတွင် စားသုံးသူသာအဓိက၊ စားသုံးသူသာ အရှင်သခင်ဟူ၍ သတ်မှတ်သည့်သဘောပင်ဖြစ်သည်။

၃။ လုပ်သားများပြောင်းရွှေ့နိုင်မှု(Mobility of Labour)

     လုပ်သားပြောင်းရွှေ့မှုတွင် -

(က)    နေရာဒေသအလိုက်ပြောင်းရွှေ့မှု (Geographical Mobility of Labour)

 (ခ)    အလုပ်အကိုင်အမျိုးအစားအလိုက်ပြောင်းရွှေ့မှု(Occupational Mobility of Labour) ဟူ၍ နှစ်မျိုးရှိပါသည်။

         လုပ်သားများအနေဖြင့် ရေကြည်ရာမြက်နုရာအခွင့်အလမ်း ပိုမိုရမည့်အခြေအနေများသို့ ပြောင်းရွှေ့လုပ်ကိုင်နိုင်ပါသည်။ (သီအိုရီသဘောအရ တင်ပြခြင်းဖြစ်သော်လည်း လက်တွေ့တွင် ချုပ်ကိုင်မှုများရှိနိုင်ပါသည်။ ဥပမာ- အလုပ်သင်စနစ်များ၊ စာချုပ်ချုပ်ဆိုခြင်းများဖြင့် ချည်နှောင်မှုများလည်းရှိနိုင်ပါသည်။

၄။ ပုဂ္ဂလိကပိုင်ဆိုင်မှုခွင့်ပြုခြင်း(The Right of Own Property)

          စျေးကွက်စီးပွားရေးစနစ်တွင် ပုဂ္ဂလိကပိုင်ဆိုင်မှုများကို အစိုးရကခွင့်ပြုထားပါသည်။ သဘာဝသယံဇာတများကိုပင် ပုဂ္ဂလိက ပိုင်ဆိုင်မှုခွင့်ပြုထားပါသည်။

၅။ ပြိုင်ဆိုင်မှုရှိခြင်း(Presence of Competition)

     "ပြိုင်ဆိုင်မှုရှိမှ တိုးတက်မည်"ဟူသော သဘောတရားအရ စျေးကွက်စီးပွားရေးစနစ်တွင် စီးပွားရေးလုပ်ငန်းအချင်းချင်းကို လွတ်လပ်စွာပြိုင်ဆိုင်ခွင့်ပြုထားပါသည်။ လုပ်ငန်းရှင်များသည် စျေးကွက်စနစ်အောက်တွင် အားသာမှု အသာစီးရလိုမှုများအတွက် သုသေသနလုပ်ငန်းနှင့်ဖွံ့ဖြိုးမှု (Research and Development) စီမံချက်များပြုလုပ်ကြလေ့ရှိပါသည်။ ၄င်းကို R&D ဟု ခေါ်ဝေါ်လေ့ရှိပါသည်။ R & D တွင် သိပ္ပံနှင့်နည်းပညာစမ်းသပ်မှုများပြုလုပ်ပြီး အသစ်အဆန်းများ တီထွင်နိုင်မှုနှင့် အသုံးချနိုင်မှု (Invention and Innovation) များရရှိစေပါသည်။ သုသေသနဆောင်ရွက်ချက်များအရ စျေးကွက်စီးပွားရေးအတွင်းသို့ဝင်ရောက်ထိုးဖောက်ပြီး အခြားလုပ်ငန်းများနှင့် ပြိုင်ဘက်ကင်းစေရန် အစဥ်တစိုက်ကြိုးပမ်းနေရပါသည်။

၆။ စီးပွားရေးလုပ်ငန်းများ၏မဏ္ဍိုင်သည် အမြတ်ဖြစ်ခြင်း (Business are motivated by profits)

         စျေးကွက်စီးပွားရေးစနစ်တွင်စီးပွားရေးလုပ်ငန်းရှင်များသည် ယင်းတို့၏စီးပွားရေးလုပ်ငန်းများအောင်မြင်မှုကိုက်တံကို အမြတ်ဖြင့်စံပြုလေ့ရှိပါသည်။ အမြတ်သည် ငွေကြေးနှင့်စံပြုသည့်အမြတ် (Profit in terms of Money) ကိုသာဆိုလိုပါသည်။ လွတ်လပ်သောစီးပွားရေးစနစ်အရ ပြိုင်ဆိုင်မှုများရှိနေခြင်း၊ ငွေကြေးအမြတ်ကိုသာအဓိကထားခြင်းတို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်တော်တော်များများသည် ငွေရှိသူတို့၏အကြိုက်၊ ဝယ်နိုင်စွမ်းအားမြင့်မားသူတို့၏အကြိုက်ကိုလိုက်ပြီး ထုတ်လုပ်လေ့ရှိပါသည်။

 

၇။ ဆင်းရဲချမ်းသာ ကွာဟမှုများလွန်းခြင်း(wide gap between the rich and poor)

       စျေးကွက်စီးပွားရေးစနစ်တွင် ပုဂ္ဂလိကများကသာ စီးပွားရေးလုပ်ကိုင်ခြင်း၊ အစိုးရက ဝင်ရောက်ထိန်းကျောင်းမှုမရှိခြင်း စသည်တို့ကြောင့် ချမ်းသာသူများသည် ပိုမိုချမ်းသာလာကြပြီး အရေအတွက်မှာလည်းနည်းလာရသည်။ ထို့ကြောင့်ဆင်းရဲမှုကိုပြဆိုသည့် ဝင်ငွေကွာဟမှု ပုံသဏ္ဌာန်သည် ပိရမစ်ပုံသဏ္ဌာန်ရှိသည်ဟု ဆိုကြပါသည်။

၈။ အလုပ်လက်မဲ့အခြေအနေရှိနေခြင်း(Existing of Unemployment)

       စျေးကွက်စီးပွားရေးစနစ်တွင် လုပ်အားစျေးကွက်ရှိ အလုပ်လုပ်နိုင်သောလုပ်သားအင်အား (Supply of Labour) သည် လုပ်သားများကို ခေါ်ယူအသုံးပြုနိုင်မှု (Demond for Labour) ထက်များနေပါက အလုပ်လက်မဲ့အခြေအနေဖြစ်ပေါ်ပါသည်။ စျေးကွက်စီးပွားရေးစနစ်တွင် ချမ်းသာသူလူတန်းစားများအတွက် ဇောင်းပေးထုတ်လုပ်ကြသည်သာများပေသည်။ "အမြတ်ရရှိနိုင်မှုသည် ချမ်းသာသောလူတန်းစားအပေါ်သာမူတည်သည်"ဟူသောယူဆချက်ဖြင့် ထုတ်လုပ်ကြသောကြောင့် ချမ်းသာသောသူတို့ သုံးစွဲသောကုန်စည်နှင့်ဝန်ဆောင်မှုများအတွက် ပိုလျှံသောထုတ်လုပ်မှု(Over Production)ဖြစ်ပြီး၊ ဆင်းရဲသူများအတွက် လိုအပ်သောကုန်စည်နှင့် ဝန်ဆောင်မှုများမှာ ဖူလုံမှုမရှိသောထုတ်လုပ်မှု (Under Production) ဖြစ်နေတတ်ပေသည်။ ထို့ကြောင့် လုပ်သားအင်အားသုံးစွဲမှုတွင် အလုပ်လက်မဲ့ဖြစ်ပေါပြီး အင်အားသုံးစွဲမှုမှာလည်း ဖွံ့ဖြိုးမှုထက်တိုးတက်မှုကိုသာ ကြည့်တတ်သည့်သဘောဖြစ်သောကြောင့် မမျှတသောခွဲဝေအသုံးပြုမှုမျိုး (Missallocation of resources) ရှိတတ်သည်။

DOCA(ကယား)