Main menu

မွေးမြူရေးတန်ဖိုး ကွင်းဆက်လုပ်ငန်းများတွင် ရင်းနှီးကြရန် ဖိတ်ခေါ်

Powered by Drupal
Wed, 01/18/2023 - 15:19 -- consumer_admin

  မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အသား၊ ငါးဈေးနှုန်းများကြီးမြင့်မှုကို လျှော့ချနိုင်ကာ ဒေသတွင်းဖူလုံမှုကို ဦးစွာစဉ်းစားဆောင်ရွက်ပြီး အသားငါးထွက်ကုန်များကို  ကုန်ချောထုတ်ကုန်အဖြစ်စီမံ၍ ပြည်ပသို့တင်ပို့နိုင်ရေးအတွက် းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ နို့နှင့်နို့ထွက်ပစ္စည်းများကို ပြည်ပမှတင်သွင်းလျက်ရှိနေသည့်အတွက် နွားမွေးမြူရေးလုပ်ငန်းများမှ နို့နှင့်နို့ထွက်ပစ္စည်းများကို အောင်မြင်အောင်ထုတ်လုပ်ပြီး ပြည်ပသွင်းကုန်အစားထိုးနိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်နိုင် တစ်ပိုင်လုပ်ငန်းနှင့် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းကို ခွဲခြားသိမြင်ရမည်ဖြစ်ပြီး ဈေးကွက်လိုအပ်ချက်ထက် ပိုလျှံမှုမရှိစေရန်၊ ဈေးကွက်လိုအပ်ချက်ကို စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရန် စဉ်းစားတွက်ချက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခေတ်မီပြီး နည်းစနစ်ကျနသည့် မွေးမြူရေးလုပ်ငန်းဖြစ်ပေါ် လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားပါသည်။

            တိုးပွားလာသောလူဦးရေနှင့်အညီ စားနပ်ရိက္ခာဖူလုံရန်အပြင် ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍကို တိုးတက်ထုတ်လုပ်ရန်လိုအပ်ပါသည်။ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ပြည်သူများ အစားအစာအဟာရပြည့်ဝစေပြီး အစားအစာဘေးကင်းလုံခြုံမှုရှိစေခြင်း၊ ပိုလျှံသည်များအား ပြည်တွင်းပြည်ပသို့တင်ပို့နိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေခြင်း၊ တိရိစ္ဆာန်မှထွက်သောအညစ်အကြေးများကို စိုက်ပျိုးရေးလုပ်ငန်းအတွက် သဘာဝမြေဩဇာအဖြစ်အသုံးပြုနိုင်သဖြင့် အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ပါသည်။

            မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက် မွေးမြူထုတ်လုပ်နိုင်သည့်နိုင်ငံအဖြစ် ရပ်တည်နေဆဲဖြစ်ပြီး ပြည်တွင်းစားသုံးမှု လုံလောက်သည့်အပြင် ပြည်ပသို့တင်ပို့နိုင်သောအခြေအနေရှိပါသည်။ နည်းပညာနှင့် အရင်းအနှီးများအား ထပ်မံပေါင်းထည့်နိုင်ပါက ပြည်ပတင်ပို့နိုင်ရန်အတွက် ထုတ်လုပ်နိုင်မှု ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ရာ ပြည်တွင်းပြည်ပမွေးမြူထုတ်လုပ်မှုအပေါ်  ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် မျိုးကောင်းမျိုးသန့်မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်း၊ တိရစ္ဆာန်အစာထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းများအပြင် မွေးမြူရေးတန်ဖိုး ကွင်းဆက်လုပ်ငန်းများတွင် လာရောက်ရင်းနှီးကြရန် တာဝန်ရှိသူများက ဖိတ်ခေါ်ထားပါသည်။

            မွေးမြူရေးလုပ်ငန်းသည် ကာလတိုအတွင်း အကျိုးရှိသည့်လုပ်ငန်းဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်အပေါ်  မှီခိုမှုအနည်းဆုံးလုပ်ငန်းဖြစ်သဖြင့် ကောင်းမွန်သည့်မွေးမြူရေးလုပ်ငန်းကျင့်စဉ်ကိုအသုံးပြုကာ ဆုံးရှုံးမှုနည်းပါးစွာဖြင့် ဆောင်ရွက်နိုင်သည့် လုပ်ငန်းဖြစ်ကြောင်းသိရပါသည်။

မြန်မာနိုင်ငံအနေဖြင့် မွေးမြူရေးလုပ်ငန်းတွင် အသားစားကြက်နှင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းများကို စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိပါသည်။ ဝက်မွေးမြူရေးတွင် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းအပြင် အလယ်အလတ်နှင့် အသေးစားမွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်နေပါသည်။ ကျွဲ၊ နွား၊ သိုး စသည့် မွေးမြူရေးလုပ်ငန်းများကို ကျေးလက်ဒေသများ၌ တစ်ပိုင်တစ်နိုင် မွေးမြူရေးစနစ်ကို အခြေခံထားဆဲဖြစ်ပါသည်။ COVID-19 ရိုက်ခတ်မှုကြောင့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်မှုများရှိသောအခြားကဏ္ဍများနည်းတူ မွေးမြူရေးကဏ္ဍတွင် ထိခိုက်မှုများရှိခဲ့ပါသည်။ မွေးမြူရေးကဏ္ဍတိုးတက်စေရေးအတွက် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ကုသခြင်း၊ မျိုးကောင်းမျိုးသန့်တိရစ္ဆာန်များရရှိလာစေရန် မေထုန်မဲ့သားစပ်ခြင်း၊ မျိုးမြှင့်သားစပ်ခြင်း၊ တိရစ္ဆာန်နှင့်အသားကို စစ်ဆေးခြင်း၊ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီမွေးမြူရန် ပညာပေးခြင်းတို့ သက်ဆိုင်ရာဌာနက ဆောင်ရွက်လျက်ရှိသကဲ့သို့ မွေးမြူရေးချေးငွေများများကိုလည်း စီစဉ်ပေးလျက်ရှိပါသည်။

ရောဂါကာကွယ်ကုသခြင်း

            ကာကွယ်ဆေးပုံမှန်ထိုးနှံခြင်းဖြင့် ရောဂါဖြစ်ပွားမှုမှကြိုတင်ကာကွယ်နိုင်ပြီး၊ ကာကွယ်ဆေးအမျိုးအစားတစ်ခုသည် ရောဂါတစ်မျိုးကိုသာ ခုခံကာကွယ်နိုင်ပါသည်။ ရောဂါဖြစ်ပါက တစ်ကောင်မှတစ်ကောင်သို့ကူးစက်ကာ သေဆုံးသည်အထိဖြစ်နိုင်ခြင်း၊ ရောဂါဖြစ်ပြီးသေဆုံးသည့်အသားကို လူများစားသုံး၍မရခြင်းတို့ကြောင့် ရောဂါကာကွယ်တားဆီးခြင်းသည် ကုန်ကျစရိတ်အသက်သာဆုံးနည်းလမ်းဖြစ်ပါသည်။ ဖျားနာနေသောတိရိစ္ဆာန်ကိုရောင်းချခြင်းမှရှောင်ရှားရန်၊ အသစ်ဝယ်ယူထားသောတိရိစ္ဆာန်ကိုလည်း အနည်းဆုံး ၂ ပတ်ခွဲခြားထားရှိရန်နှင့် မွေးမြူရေးလုပ်ငန်းရှင်များနှင့် တိရိစ္ဆာန်ပိုင်ရှင်များအနေဖြင့် သတ်မှတ်ထားသောလုပ်ငန်းစဉ်များကို လိုက်နာရပါမည်။ ပဋိဇီဝဆေးများကို အလွန်အကျွံအသုံးပြုခြင်းနှင့် လွဲမှားစွာသုံးစွဲခြင်းကြောင့် ဆေးမတိုးသည့်ဇီဝပိုးမွှားမှားတိုးပွားလာပြီး အစားအစာများမှတဆင့် ပိုးမွှားများသည် လူသို့ကူးစက်ခံရပြီး ကုန်သွယ်မှုနှင့်ကူးသန်းသွားလာမှုမှတဆင့် ရောဂါပိုးများပျံ့နှံ့လာနိုင်သည့်အတွက် ဆေးယဉ်ပါးသောရောဂါကို အလေးထားဂရုပြု၍ စနစ်တကျဆောင်ရွက်ရပါမည်။ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မွေးမြူသည့်နေရာ၊ သယ်ဆောင်သည့်ယာဉ်၊ အဝင်အထွက်များသောနေရာများ၊ အသုံးပြုသောအစာခွက်ရေခွက်များကို ပိုးသတ်ဆေးဖျန်းပေးရသည်များလည်းရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၏မွေးမြူထုတ်လုပ်မှုအခြေအနေ

            ကျေးလက်ဒေသတွင် မွေးမြူရေးလုပ်ငန်းတိုးတက်လာစေရန် ရေတိုစီမံချက်အနေဖြင့် ကြက်မွေးမြူရေးကိုဆောင်ရွက်ပြီး ရေရှည်စီမံကိန်းအနေဖြင့် ကျွဲ၊ နွား၊ သိုး၊ဆိတ်၊ ဝက်၊ ဘဲ မွေးမြူရေးကို အရည်အသွေးမီ တိုးမြှင့်မွေးမြူထုတ်လုပ်ရေးအတွက် တွန်းအားပေးဆောင်ရွက်ခဲ့ကြပါသည်။

            စစ်ကိုင်းတိုင်းဒေသကြီး၏ တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှုအခြေအနေမှာ နှစ်စဉ် အသားပိဿာ သိန်း( ၈၀၀ )ကျော်၊ ဥလုံးရေ သိန်း( ၅၀၀၀ )ကျော်နှင့် နို့ပိဿာ သိန်း( ၂၅၀၀ )ခန့် ထုတ်လုပ်မှုရှိပါသည်။ မွေးမြူကောင်ရေမှာ နွားကောင်ရေ(၂၀) သိန်းကျော်၊ ကျွဲကောင်ရေ  ( ၃.၆ )သိန်းကျော်၊ သိုးဆိတ်(၃.၃)သိန်းကျော်၊ ဝက်ကောင်ရေ( ၉ )သိန်းကျော်၊ ကြက်ကောင်ရေ ( ၁၃၄ )သိန်း၊ ဘဲကောင်ရေ ( ၅.၅ )သိန်းကျော်၊ ကြက်ဆင်ဘဲငန်းမန်ဒါလီ( ၃၉၀၀၀ )ကျော်နှင့် ငုံးကောင်ရေ( ၁၁.၄ )သိန်းကျော် မွေးမြူမှု စာရင်းရှိပါသည်။  နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်သန်း( ၁၂၁၆.၁၅ )သန်းဖြင့် မြို့နယ် ( ၃၀ )မြို့နယ်နှင့် ကျေးရွာ( ၇၇ ) ရွာတို့တွင် မြစိမ်းရောင် ( အသားကဏ္ဍ )ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ မွေးမြူသူတောင်သူ ( ၅၇၀၆ )ဦးမှ ကျွဲ/နွား၊ ဝက်၊ သိုး/ဆိတ်၊ ကြက်/ဘဲ ( ၁၆၈၇၉ )ကောင်ကို မွေးမြူနိုင်ခဲ့ပါသည်။ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွက် ကျပ်သန်း (၃၀) သန်းဖြင့် ခန္တီးမြို့နယ်၊ ပေါမိုင်းအုပ်စု၊ အောင်သာယာကျေးရွာတွင် ဝက်ဖြန့်ဖြူးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိမွေးမြူရေးဇုန်များ

            စစ်ကိုင်းတိုင်းဒေသကြီးတွင်ရှိသော မွေးမြူရေးဇုန်များမှာ မုံရွာမြို့နယ် လယ်ဇင်ကျေးရွာရှိ နွားမွေးမြူရေးဇုန်တွင် နွားကောင်ရေ(၇၈၅)ကောင်၊ မရိုးတောကျေးရွာအုပ်စုရှိ ငုံးမွေးမြူရေးဇုန်တွင် ငုံးကောင်ရေ(၄၅၀၀၀၀)ကောင်၊ ကန့်ဘလူမြို့နယ်ရှိ အသားစားကြက်ဇုန်တွင် ကောင်ရေ(၁၃၀၀၀)ကောင်၊ ဥစားကြက်ဇုန်(၇)ခုရှိပြီး၊ မုံရွာကျောက်စစ်ပုံရွာတွင် ကောင်ရေ(၅၇၀၀၀)ကောင်၊ ရွှေဘိုကျောက်မြောင်းတွင် ကောင်ရေ (၂၅၀၀၀)ကောင်၊ ရေဦးဇုန်တွင် ကောင်ရေ(၄၂၀၀)ကောင်၊ ခင်ဦးဇုန်တွင် ကောင်ရေ(၇၀၀၀)ကောင်၊ ကန့်ဘလူဇီးကုန်းဇုန်တွင် ကောင်ရေ(၅၉၄၀၀)ကောင်၊ ကန့်ဘလူမြို့မဇုန်တွင် ကောင်ရေ(၉၀၇၀၀)ကောင်၊ ယင်းမာပင်ဇုန်တွင် ကောင်ရေ(၁၀၀၀၀)ကောင် မွေးမြူထားရှိပါသည်။ စံပြမွေးမြူရေးဇုန်တစ်ခု၏အင်္ဂါရပ်များမှာ အစာအဟာရပြည့်ဝသော ဇီဝလုံခြုံမှုနှင့် ကူးစက်ရောဂါထိန်းချုပ်မှုများကို စနစ်တကျစီမံခန့်ခွဲနိုင်သော၊ မွေးမြူရေးထုတ်ကုန်များကို တစ်နေရာတည်း၌ စုပေါင်းထုတ်လုပ်နိုင်သော၊ တိရိစ္ဆာန်များ သက်တောင့်သက်သာစွာ နေနိုင်ရေး၊ စားသောက်နိုင်ရေး(animal welfare)နှင့်အညီ အဆောက်အဦများကို တည်ဆောက်မွေးမြူစေပြီး စိုက်ပျိုးရိတ်သိမ်းကျွေးမွေးသည့်စနစ်များကို ကျင့်သုံးရမည်ဖြစ်ကြောင်း သိရပါသည်။

တိရစ္ဆာန်အစားအစာ

တိရစ္ဆာန်အစာအတွက် မွေးမြူရေးနည်းစနစ်အရ လွှတ်ကျောင်းစနစ်၊ ခြံလှောင်စနစ်တို့ဖြင့် မွေးမြူခြင်းနှင့် ပူးတွဲစနစ်တို့ရှိရာ အာဟာရညီညွတ်မျှတစေရန် လုံလောက်စွာကျွေးမွေးပေးရမည်ဖြစ်ပါသည်။ တိရစ္ဆာန်အစာပင်စိုက်ပျိုးထားရှိမှုကိုလည်း ဌာနမှစိုက်ပျိုးထားရှိမှုနှင့် ပုဂ္ဂလိကမှ စိုက်ပျိုးထားရှိမှုဟူ၍ (၂)မျိုးရှိပြီး ‌နေပီယာ၊မွန်ဘားဆား၊ ရူဇီ စသည့်အမျိုးအစားများကို စိုက်ပျိုးထားလေ့ရှိပါသည်။ နွေရာသီ၌ ကျွဲ၊ နွား အစားအစာရှားပါးချိန်တွင် အာဟာရကြွယ်ဝသော အစားအစာအဖြစ်ကျွေးမွေးရန် ပိုလျှံသောစိုက်ပျိုးသီးနှံများကို လေမဲ့/လေကင်းစင်သောနေရာတွင် ကစော်ပေါက်အောင် အဆောက်အဦဖြင့် စနစ်တကျထိန်းသိမ်းသိုလှောင်ခြင်းဖြင့် နွားစာချဉ်ဖတ်အစားအစာပြုလုပ်ထားလေ့ရှိကြောင်းသိရပါသည်။ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်ခြင်းကို ဝန်ထမ်း၊ တောင်သူများအား ဆရာဖြစ်သင်တန်းပေးပြီး လက်ဆင့်ကမ်းမျှဝေဆောင်ရွက်မှုများရှိကြောင်းသိရပါသည်။ တိရိစ္ဆာန်အစားအစာအတွက် ပြည်တွင်း၌ထွက်ရှိသည့် ပြောင်း၊ ပဲဖတ်၊ နှမ်းဖတ်၊ ဖွဲနုများကို ပြည်ပမှ အားဆေးများနှင့်ရောနှောကာ ကျွေးမွေးကြောင်းသိရပါသည်။ အဓိကကုန်ကြမ်းဖြစ်သည့် အစေ့ထုတ်ပြောင်း၏ လက်ရှိဈေးနှုန်းမှာ မုံရွာမြို့တွင် တစ်ပိဿာလျှင် (၁၁၀၀)ကျပ်ဖြစ်ပါသည်။ အစာဈေးကွက်၏ ဈေးနှုန်းပြောင်းလဲမှုသည် မွေးမြူရေးလုပ်ငန်းအပေါ် သက်ရောက်သည့် အချက်တစ်ခုဖြစ်ကြောင်း တွေ့ရပါသည်။ တိရိစ္ဆာန်အစာတောင့်ကြိတ်စက်လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းတွေ့ရပါသည်။

ဈေးနှုန်းဈေးကွက်

ခြံဖမ်းဈေးနှုန်းမှာ မုံရွာမြို့တွင် တစ်ပိဿာကျပ်ဈေးနှုန်းများမှာ မွေးမြူရေးကြက်(၅၁၀၀)ကျပ်၊ ဟိုင်းချစ်ကြက် (၆၀၀၀)ကျပ်၊ ကြက်ဥ(၅၂၀၀)ကျပ်နှင့် ဝက်သား(၉၀၀၀)ကျပ်ဖြစ်ပါသည်။ အသားလက်လီဈေးနှုန်းတွင်ာ တစ်ပိဿာကျပ်ဈေးနှုန်းများမှာ ကြက်သား(၁၂၀၀၀)ကျပ်၊ ဝက်သား(၁၆၀၀၀)ကျပ်နှင့် ဆိတ်သား(၂၆၀၀၀) ကျပ်တို့ဖြစ်ပါသည်။ ခြံနှင့်ဝန်းနှင့် စနစ်တကျသေချာမွေးမြူပြီးမှ တင်ပို့ရောင်းချလျှင် ပြည်တွင်းလိုအပ်ချက်အတွက် အခက်အခဲမဖြစ်တော့ဘဲ ရေရှည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ပြည်တွင်းဖူလုံမှ ပြည်ပသို့တင်ပို့နိုင်သည့် နည်းလမ်းများကိုရယူပြီး တည်ငြိမ်သည့်စီးပွားရေးဈေးကွက်ဖြစ်အောင် ဆောင်ရွက်ကြရန်လိုပါကြောင်း၊ မွေးမြူရေးမှ ဆင့်ပွားလာသည့်လုပ်ငန်းများကို  ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားပြီး လုပ်ကိုင်သွားကြရမည်ဖြစ်ပါကြောင်း လမ်းညွှန်ထားရှိသည်။ တိကျန်းဖွံ့ဥပဒေအရ တိရစ္ဆာန်သယ်ဆောင်ခွင့်လက်မှတ်ထုတ်ပေးခြင်း၊ မွေးမြူရေးခြံမှတ်ပုံတင်ထုတ်ပေးခြင်း၊ မျိုးတိရစ္ဆာန်မှတ်ပုံတင်ခြင်း၊ ကာကွယ်ဆေးထိုးထောက်ခံချက်လက်မှတ်ထုတ်ပေးခြင်း၊ အသားစစ်ဆေးထောက်ခံချက်လက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနကဆောင်ရွက်ပေးလျက်ရှိပါသည်။ ပို့ကုန်တိုးမြှင့်ရန် ပတ်ဝန်းကျင်ကောင်းများရရှိစေရေးအတွက် ပြည်တွင်းပြည်ပ စိုက်ပျိုးမွေးမြူသူများဆုံဆည်းကြသည့် စတုတ္ထအကြိမ်မြောက် နိုင်ငံတကာမွေးမြူရေး၊ စိုက်ပျိုးရေးပြပွဲနှင့် စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းပြပွဲကို မန္တလေးမြို့ သိပ္ပံလမ်းရှိ  မန္တလေးကွန်ဗင်းရှင်းစင်တာတွင် ၂၀၁၉ ခုနှစ် ဇွန် ၁၅ ရက်မှ ၁၇ ရက်နေ့ထိ သုံးရက်ကြာ ကျင်းပခဲ့ကြောင်းသိရပါသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဒုတိယအကြိမ်မြောက် နွားအလှနှင့် အသားတိုးနွား၊ နို့စားနွား၊ သိုး/ဆိတ်ပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်မွေးမြူရေးခြံတွင် ကျင်းပခဲ့ကြောင်းသိရပါသည်။

အခက်အခဲများ

တစ်ပိုင်တစ်နိုင်နှင့် အလယ်အလတ်မွေးမြူရေးလုပ်ငန်းများသည် ထုတ်လုပ်ထားသည့် တန်ဖိုးမြှင့်ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်ရေးနှင့် စျေးကွက်ရောက်ရှိရေးအတွက် ပို့ဆောင်ရန် အခက်အခဲများရှိကြပါသည်။ ဝယ်လိုအားကျဆင်းပါက ထုတ်သလောက်မရောင်းနိုင်သည့် အခြေအနေများဖြစ်ပေါ်ချိန်တွင် အရင်းအနှီးလိုအပ်ချက်များကိုတွေ့ရှိရပါသည်။ အသား၊ နို့ စသည့်မွေးမြူရေး ထုတ်ကုန်များသည် ပျက်စီးလွယ်၊ ပုပ်သိုးလွယ်သည့် ပစ္စည်းများဖြစ်သောကြောင့် ကြာရှည်ထိန်းသိမ်းထားနိုင်သည့် အအေးခန်းစနစ်များမရှိသေးခြင်းကြောင့် ရသမျှစျေးဖြင့် ထုတ်ရောင်းရသည့်အခြေအနေကို ကြုံရပါသည်။ အသားကဏ္ဍ မွေးမြူထုတ်လုပ်မှုသည် ရေထွက်ကုန်များဖြစ်သော ငါး၊ ပုစွန်များကဲ့သို့ အဆင့်မြင့်ထုတ်လုပ်နိုင်မှုမရှိသေးကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်၍ ရေရှည်တည်တံ့သည့် မွေးမြူရေးလုပ်ငန်းများဖော်ဆောင်ပေးရန်လိုအပ်ပါသည်။ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာပါက လိုအပ်သည့်အသားအာဟာရကို ဈေးနှုန်းသက်သာစွာ သုံးစွဲနိုင်မည်ဖြစ်ပြီး ပြည်သူများ၏စားဝတ်နေရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိရေးကို ဆောင်ရွက်နိုင်ကာ လူနေမှုဘဝမြင့်မားလာမည်ဖြစ်ပါသည်။ မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် အသားကဏ္ဍဖူလုံပိုလျှံမှုရှိစေရေးတို့အတွက် ဆောင်ရွက်ရာတွင် ဒေသခံလုပ်ငန်းရှင်များနှင့် ပံ့ပိုးပေးနိုင်သူများသည် အတူပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

DOCA(စစ်ကိုင်း)