Main menu

ရွှေဘိုမြို့နယ်၏ အထင်ကရထုတ်ကုန် တစ်ခုဖြစ်သည့် မြန်မာ့ရိုးရာ ရက်ကန်းလုပ်ငန်းကြောင်း

Powered by Drupal
Tue, 07/28/2026 - 11:33 -- consumer_admin

          ရက်ကန်းလုပ်ငန်းသည် မြန်မာ့ရိုးရာ အထည်ယက်လုပ်ငန်းများထဲမှ တစ်ခုဖြစ်ပြီး လက်ဖြင့် ရက်လုပ်သည့် အနုပညာလက်မှုလုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ ရက်ကန်းလုပ်ငန်းများသည် ဒေသခံပြည်သူ များ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ်သာမက မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်း ပေးနေသောလုပ်ငန်းလည်းဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ရွှေဘိုမြို့နယ်တွင်စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား ဆောင်ရွက်လျက်ရှိကြသော်လည်း စားရေး၊ ဝတ်ရေး၊ နေရေးအတွက် တစ်ဖက် တစ်လမ်းမှ အဆင်ပြေစေရန်နှင့် မိသားစု၏ ပုံမှန်အပိုဝင်ငွေရရှိစေရန်အတွက်  ရွှေဘိုတစ်မြို့နယ်လုံးရှိ ကျေးရွာတိုင်းနီးပါးနှင့်မြို့ပေါ်ရှိရပ်ကွက်များပါမကျန်စက်ရက်ကန်း၊လက်ရက်ကန်းလုပ်ငန်းများဆောင်ရွက် လာကြသည်ကို တွေ့ရှိရပါသည်။ ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာတွင် ယခင်က လက်ရက်ကန်း များကိုသာ အသုံးပြုကြသော်လည်း အခြားဒေသများရှိ စက်ဖြင့်ရက်လုပ်သော အထည်များနှင့် ဈေးကွက် ယှဉ်ပြိုင် ရခြင်းများကြောင့်  ယခုအခါတွင် စက်ရက်ကန်းများကိုပါ တွင်ကျယ်စွာ ဆောင်ရွက်လာကြပြီး  လက်ရက် ကန်း၊ စက်ရက်ကန်းလုပ်ငန်းများဖြင့် ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး (One Region One Product)အဖြစ် အလွန်ထင်ရှားသော ကျေးရွာတစ်ရွာဖြစ်ပါသည်။ ရက်ကန်းလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက် နိုင်ရန် စက်ရက်ကန်းစင်၊ လက်ရက်ကန်းစင်များ၊ စက်တတ်ဆင်ပြုပြင်နိုင်သည့် စက်ဆရာများ၊ ချည်ထည် ရက်လုပ်ခြင်းကို သင်ပြနိုင်သည့်ဆရာများ၊ ချည်ထုတ်အမျိုးမျိုး၊ ချည်ဆိုးဆေးအမျိုးမျိုး ရောင်းချသူများ၊ ချည်ဆေးဆိုးခြင်း လုပ်ငန်းလုပ်ကိုင်သူများ၊ ဆေးဆိုးပြီးချည်အရောင်မျိုးစုံ ရောင်းချသူများ၊ ချည်ချ၊ ရဟတ်ပုတ်လုပ်ငန်းဆောင်ရွက်သူများ၊ စည်းဆက်သည့်သူများ၊ ရက်ကန်းအပိုပစ္စည်းမျိုးစုံ ရောင်းချသူ များနှင့် ရက်လုပ်ပြီးသောအထည်များကို ပြန်လည်ကောက်သူများ လိုအပ်ပါသဖြင့် ရက်ကန်းလုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြင့်မိသားစုအပိုဝင်ငွေရရှိသော်လည်း နေရာတိုင်းတွင် ဆောင်ရွက်၍မရနိုင်ပါ။ ဆိပ်ခွန် ကျေးရွာတွင် အဆိုပါဆိုင်များနှင့်  လုပ်သားများ လွန်စွာပေါများသည့်အပြင် လူငယ်၊ လူလတ်နှင့် လူကြီး များပါမကျန် ရက်ကန်းနှင့် ဆက်စပ်သော လုပ်ငန်းများကို မိမိနိုင်ရာလုပ်ကိုင်ကြပြီး အခြားသော ကျေးရွာ များတွင်လည်း ဆောင်ရွက်လာကြသည်ကို တွေ့ရှိရပါသည်။ ရွှေဘိုခရိုင်အတွင်းရှိ ဝက်လက်၊ ခင်ဦး၊ ရေဦး နှင့် ဒီပဲယင်းမြို့နယ်များရှိ ရက်ကန်းလုပ်ငန်း ဆောင်ရွက်သူများသည်လည်း ရက်ကန်းနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်မှုများကို ဆိပ်ခွန်ကျေးရွာနှင့်အများဆုံး ချိတ်ဆက်ဆောင်ရွက်ကြကြောင်း သိရှိရ ပါသည်။

    ရွှေဘိုမြို့နယ်အနေဖြင့် စက်ရက်ကန်းစင်များကို မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်း မြို့နှင့်တောင်မြို့တို့မှ အသစ်မှာယူ၍ တတ်ဆင်အသုံးပြုခြင်းအပြင် အခြားသောဒေသများမှ စက်ရက်ကန်း လုပ်ငန်းလုပ်ကိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်ခြင်းမပြုတော့သည့် စက်အဟောင်းများကို ပြန်လည်ဝယ်ယူ၍ တတ်ဆင်အသုံးပြုခြင်းများဆောင်ရွက်ကြကြောင်း၊  လက်ရက်ကန်းစင်များကို ဆိပ်ခွန် ကျေးရွာတွင် ပြုလုပ်၍ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

အသုံးပြုသောချည်အမျိုးအစားများနှင့် ဈေးနှုန်းအခြေအန

    ရွှေဘိုမြို့နယ်အတွင်းရှိ စက်ရက်ကန်း၊ လက်ရက်ကန်းလုပ်ငန်းများတွင် အိန္ဒိယချည်များကို အများ ဆုံးအသုံးပြုကြပြီး မန္တလေးမြို့မှအဓိကမှာယူကြပါသည်။ လက်ရက်ကန်းရက်လုပ်ရာတွင် ၂/၈၀တိုင်ချည် နှင့် ၂/၁၀၀တိုင်ဖောက်၊ ၂/၈၀တိုင်ချည်နှင့်၂/၈၀တိုင်ဖောက်၊  /၈၀တိုင်ချည်နှင့် ပရီမီယမ်ပိုး ဖောက်၊ ၂/၈၀ တိုင်ချည်နှင့်၂/၄၀တိုင်ဖောက်၊ ၂/၁၀၀တိုင်ချည်နှင့်၂/၁၀၀တိုင်ဖောက် စသည်ဖြင့် ရက်လုပ်ကြပါသည်။ စက်ရက်ကန်းရက်လုပ်ရာတွင် ၂/၈၀တိုင်ချည်နှင့် ၂/၄၀တိုင်ဖောက်အများဆုံးရက်လုပ်ကြပြီး  အပွင့်၊ အမိတ်ပါသည့်အထည်များတွင် အဖွင့်ဖောက်ခြင်း၊ အမိတ်ဖောက်ခြင်းကို ပန်းချည်၊ ပိုးပန်းချည်၊ ရွှေချည်၊ ငွေချည်များကိုအသုံးပြု၍ ဈေးကွက်အကြိုက်အဆင်များကို ရက်လုပ်ကြကြောင်း သိရှိရပါသည်။ ချည်တစ်ထုတ်လျှင် အလိမ်(၄၀)ပါရှိပြီး ၂/၈၀ တစ်ထုတ်လျှင်ကျပ်(၂)သိန်းကျော်၊ ၂/၁၀၀တစ်ထုတ်လျှင် ကျပ်(၃)သိန်းဝန်းကျင်၊ ၂/၄၀တစ်ထုတ်လျှင်ကျပ်တစ်သိန်းခွဲဝန်းကျင်နှင့် ပန်းချည်တစ်ထုတ်လျှင် ကျပ် တစ်သိန်းခြောက်သောင်းဝန်းကျင် ဈေးနှုန်းရှိကြောင်း သိရှိရပါသည်။

ရက်လုပ်သည့်အထည်အမျိုးအစားများ

    ရက်လုပ်သည့်အထည်များမှာ လွယ်အိတ်၊ တဘက်၊ လက်သုတ်ပဝါ၊ အမျိုးသား ဝတ်ပုဆိုးကြမ်း၊ အမျိုးသမီးဝတ်လုံချည်ကြမ်းအပြင် အမျိုးသမီးဝတ် ဝမ်းဆက်၊ ကွင်းဒီဇိုင်းအမျိုးမျိုး၊ အခြားအဆင် ပုဆိုး အမျိုးမျိုးတို့ကို ရက်လုပ်ကြပါသည်။ အမျိုးသမီးဝတ်အနေဖြင့် မျက်ဝန်း၊ ပရီမီယမ်ကျစ်ပိုး ခြောက်ကြိုး ချိတ်၊ ရိုးရာရောင်စုံလရှီးမိတ်၊ ပရီမီယမ်ကျစ်ပိုးရေလှိုင်း၊ လိတ်စံ၊ အလယ်ချိတ်၊ ဒုတ်ထိုး၊ နေကြာ၊ မိုးစက်ရေလှိုင်း၊ ခါးချိတ်၊ ဂျပ်ပြင်၊ ဒေါင်းမြီး၊ လွန်းရှယ်၊ ဂျစ်ပိုးကွက်ဒူးနားစင်း၊ ချစ်ပန်း၊ ဖဲဘရိတ်၊ ပိုးချည်ကျဲ၊ လ၄ပွင့်၊ ချစ်မျှားအစိတ်ဒေါင်းစင်း၊ ကျစ်ပိုးသံစဉ်၊ အသဲ၊ ချည်ပြည့်၊ ကျစ်ပိုးအုတ်ကွက်မိတ်၊ ခခူးရိုးရာချိတ်၊ ခရေမိုက်ကွက်၊ စီးပွင့်ကျဲကွင်း၊ မိုးရေစက်၊ အသဲရcolour၊ သမ္ဘူလစံကွဲ၊ ပတ္တမြားစံကွဲ၊ ခရေစံကွဲ၊ စီးကွက်မိတ်စံကွဲ၊ ဝိုင်းဝိုင်းလည်မိတ်ကွင်း၊ စိန်တုံးလေးပွင့်ဆုပ်၊ ကျွဲချို၊ နှစ်ချိတ်စပေါ့ စသည်ဖြင့် အဆင်မျိုးစုံရက်လုပ်ကြကြောင်း သိရှိရပါသည်။ ကျောင်းစိမ်းပုဆိုး၊ လုံချည်များ၊ တိုင်းရင်းသားရိုးရာ အဆင်အမျိုးမျိုးနှင့် ဓမ္မစကူးလ်းကျောင်းများဖွင့်ပါကလည်း ဓမ္မစကူးလ်းလုံချည်၊ ပုဆိုးများပါ တိုးချဲ့ ရက်လုပ်၍ ရောင်းချကြပြီး အဆင်ပေါင်း(၁၀၀)ကျော်ထိ ရက်လုပ်ကြကြောင်း သိရှိရပါသည်။ 

ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ

          ဈေးနှုန်းအနေဖြင့် လက်ယက်ကန်းအမျိုးသမီးဝမ်းဆက်အထည်များမှာ ကျပ်သုံးသောင်းကျော်မှ စ၍ ကျပ်သုံးသိန်းကျော် လေးသိန်းဝန်းကျင်ထိရှိပြီး စက်ရက်ကန်း အမျိုးသမီးဝမ်းဆက်အထည်များမှာ ကျပ်နှစ်သောင်းကျော်မှ ကျပ်လေးသောင်းကျော်အထိရှိကြောင်း ယခုလက်ရှိအချိန်တွင် မိုးတွင်းကာလ ဖြစ်ပြီး ဝါတွင်းကာလနီးနေ၍ အလှူမင်္ဂလာပွဲလမ်းများနည်းပါး၍ ကျပ်သုံသောင်းကျော်တန် ဝမ်းဆက်များ သာအများဆုံးရောင်းရကြောင်း၊ ဈေးကွက်အနေဖြင့် မြစ်ကြီးနားမြို့၊ ရန်ကုန်မြို့၊ မန္တလေးမြို့များသို့ အဓိကတင်ပို့ပြီး အွန်လိုင်းမှမှာယူသော မြန်မာနိုင်ငံအနှံ့ရှိ အခြားမြို့များသို့လည်း အနည်းငယ် တင်ပို့ကြကြောင်း သိရှိရပါသည်။

ရက်ကန်းလုပ်ငန်း၏အခက်အခဲနှင့် စိန်ခေါ်မှုများ

           လက်ရက်ကန်းစင်တစ်စင်လျှင် ကျပ်(၁၀)သိန်းမှ(၂၀)သိန်းခန့်ထိသာ ရင်းနှီးမြှုပ်နှံရသဖြင့် တစ်ပိုင် တစ်နိုင်ဆောင်ရွက်သူများပြီး ကိုယ်ပိုင်စင်ထောင်၍ ရက်လုပ်ကြသဖြင့် မိမိခတ်နိုင်သလောက်ငွေရပြီး အကျိုးအမြတ်ရှိကြသော်လည်း၊ စက်ရက်ကန်းစင်တစ်စင်လျှင် ကျပ်သိန်း(၁၀၀)ကျော်ခန့် ရင်းနှီးရသဖြင့် ငွေကြေးရင်းနှီးနိုင်သော လုပ်ငန်းရှင်များက စက်ရက်ကန်းစင်ထောင်ကြပါသည်။ စက်ရက်ကန်း လုပ်ငန်းရှင်များအနေဖြင့် ယခုအချိန်တွင် လျှပ်စစ်မီးမရသော်လည်း စက်သုံးဆီအသုံးပြုပြီး ရက်လုပ်ရဖြင့် ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များအတွက် အကျိုးအမြတ်မရှိသလောက်နည်းပါးပြီး လုပ်သားများ လုပ်သားခ ရရှိပြီး မိသားစု စား၊ ဝတ်၊ နေရေးအတင်ပြေစေရန်နှင့် ရက်ကန်းလုပ်ငန်းမတိမ်ကောစေရန် ဆောင်ရွက်ကြရကြောင်း၊ ရက်ကန်းအထည်ကောက်ပြီး ပြန်လည်ရောင်းချသူများအနေဖြင့် တစ်ပိုင်တစ်နိုင် ရက်ကန်းရက်သူများမှ အထည်မထွက်ခင်ငွေကြိုထုတ်ပေးရခြင်းများရှိသည့်အပြင် ကောက်ပြီးသော အထည်များကို ပြန်လည်ရောင်းချပါက ငွေချန်ခြင်းများရှိသဖြင့် ငွေကြေးအရင်းအနှီးများ လိုအပ်ကြောင်း၊  အဓိကလမ်းပန်းဆက်သွယ်ရေးမကောင်းသဖြင့် ယခင်ဖောက်သည်များထံမပို့ရသည်များလည်းရှိကြောင်း၊ လူငယ်များ နိုင်ငံခြားသို့ထွက်ပြီး လုပ်ငန်းလုပ်ကိုင်ကြသဖြင့် ရက်ကန်းပညာကို ဆက်လက်သင်ယူလိုသည့် လူငယ်များနည်းပါးလာပြီး လူငယ်လုပ်သားများလည်းရှားပါးလာခြင်း၊ ကုန်ကြမ်းဈေးနှုန်း မြင့်တက် လာခြင်း တို့ဖြစ်ပါသည်။

နိဂုံး

          ရက်ကန်းလုပ်ငန်းသည် ဒေသခံပြည်သူများ၏ ဝင်ငွေရရှိရေးအတွက် အရေးပါသကဲ့သို့ မြန်မာ့ရိုးရာ လက်မှုပညာနှင့် ယဉ်ကျေးမှုကိုလည်း ဆက်လက်ရှင်သန်စေသော တန်ဖိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးသည့်အပြင် မိသားစုဝင်ငွေ တိုးတက်ပြီး  လူမှုစီးပွားဘဝများဖွံ့ဖြိုးလာစေခြင်း၊ ဆင်းရဲမှုလျော့ကျစေနိုင်ခြင်း၊ တိုင်းပြည်စီးပွားဖွံ့ဖြိုး တိုးတက်ခြင်း၊ နည်းပညာဗဟုသုတများရရှိခြင်း စသည့်အကျိုးကျေးဇူးများရရှိစေနိုင်ပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် လက်မှုပညာကို ထိန်းသိမ်းစောင့်ရှောက် ပေးသည့်လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ရက်ကန်းလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်ချက်များ၊ အခက်အခဲနှင့်စိန်ခေါ်မှုများကို  အားလုံးက ထိန်းသိမ်းဝိုင်းဝန်းပံ့ပိုးပေးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)