ကမ္ဘာပေါ်တွင် ရေပန်းစားဆုံးနှင့် လူကြိုက်အများဆုံးသော စားသောက်စရာများစာရင်းတွင် ကော်ဖီသည် ထိပ်ဆုံးမှ ပါဝင်နေသည်။ ယခုအခါမြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုသည် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်လာနိုင်သည့် အလားအလာအ ကောင်းဆုံး စီးပွားရေးသီးနှံတစ်မျိုးအဖြစ် အသွင်ပြောင်းလာခဲ့ပြီဖြစ်သည်။ အထူးသဖြင့် ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်းရှိ သံတောင်ကြီး ဒေသနှင့် ရုမ်းပြည်နယ်တောင်ပိုင်းရှိ ရွာငံဒေသတို့မှ ထွက်ရှိသော ကော်ဖီစေ့များသည် ၎င်းတို့၏ထူးခြားသည့် အရသာ၊ မွှေးပျံ့သည့်ရနံ့တို့ကြောင့် ပြည် တွင်းသာမက ကမ္ဘာ့စင်မြင့်ထက်ပါနာမည်ကျော်ကြားလာခဲ့သည်။ ဤဆောင်းပါတွင် သံတောင်ကြီး နှင့်ရွာငံကော်ဖီတို့၏ ထူးခြားချက်များ၊ မည့်သည့်ဒေသနှင့် ကိုက်ညီမှုရှိသနည်း၊ ဂေဟစနစ်အပေါ် သက်ရောက်မှု၊ကနဦးနှင့် နှစ်စဉ်ကုန်ကျစရိတ်များ၊ စိုက်ပျိုးရေးနည်းစနစ်များနှင့်အတူ ကောင်းကျိုး ဆိုးကျိုးများကို အသေးစိပ်သုံးသပ်တင်ပြသွားမည်ဖြစ်ပါသည်။
ကော်ဖီပင်သည် ကမ္ဘာ့အပူပိုင်းနှင့် သမပိုင်းဒေသများတွင် ကောင်းစွာဖြစ်ထွန်းနိုင်ပြီး အထူး သဖြင့် အာရေဗီကာ(Arabica) ကော်ဖီအမျိုးအစားသည် တိကျသော ပထဝီဝင်အနေအထားနှင့် ရာ သီဥတုကို လိုအပ်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၃,၀၀၀)မှ(၅,၀၀၀)အထက်ရှိ သောတောင်ပေါ်ဒေသများသည်အာရေးဗီးကာကော်ဖီအတွက် အကောင်းဆုံးနေရာများဖြစ်ကြသည်။ နာမည်ကျော်ကြားသည့် သံတောင်ကြီးနှင့်ရွာငံဒေသများသည် ဤသတ်မှတ်ချက်နှင့် အလွန်ကိုက်ညီ သောတောင်ပေါ်ဒေသများဖြစ်ကြသည်။ ရာသီဥတုနှင့်အပူချိန် အေးမြသောရာသီဥတု (၁၅ဒီဂရီ စင်တီဂရိတ်မှ၂၄ဒီဂရီစင်တီဂရိတ်အတွင်း) နှစ်စဉ်မိုးရေချိန်လုံလောက်မှုနှင့် နံနက်ခင်းများတွင် မြူဆွယ်ချိန်များရှိသော ဒေသများလိုအပ်သည်။ မြေဆီလွှာ ရေစိမ့်ဝင်ကောင်းပြီး မြေဩဇာထက်သန် သောတောင်စောင်းမြေနီ၊ မိးရို့မြေ သို့မဟုတ် သစ်ဆွေးမြေဆီလွှာများသည် ကော်ဖီပင်ကြီးထွားရန် နှင့် အသီးအပွင့်များ ကောင်းမွန်စေရန် သင့်တော်ဆုံးဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှေ့ဘိုးဘေးစဉ်ဆက် ကတည်းက စိုက်ပျိုးလာခဲ့ကြရာတွင် သံတောင်ကြီးဒေသသည် ကော်ဖီစိုက်ပျိုးရေးအတွက် သဘာဝ အရအလွန်အခွင့်ထူးခံဖြစ်သည်။ ထူးခြားသည့်ရနံ့ အရသာ တောင်တန်းထူထပ်ပြီး အုံ့ဆိုင်းသော သစ်တောများ၊ တစ်နှစ်ပတ်လုံးအေးမြသည့် ရာသီဥတုတို့ကြောင့် သံတောင်ကြီးကော်ဖီသည် ထူးခြား သည့် သစ်သီးရနံ့၊ ချိုမြိန်သော အရသာနှင့် သန့်စင်သောဖန်ဝေတို့ကို ပိုင်ဆိုင်ထားသည်။
အော်ဂဲနစ်စနစ်
ဒေသခံတောင်သူအများစုသည် ဓာတုပစ္စည်းများကို အလွန်အကျွံမသုံးစွဲဘဲ သဘာဝအတိုင်း မိရိုးဖလာနှင့် ခေတ်မီနည်းပညာများကို ပေါင်းစပ်စိုက်ပျိုးကြသည့်အတွက် နိုင်ငံတာကာဈေးကွက်၏ လိုအပ်ချက်များနှင့် ကိုက်ညီကာ အထူးဂုဏ်ယူဖွယ် ရပ်တည်လျက်ရှိပါသည်။
ကော်ဖီစိုက်ပျိုးခြင်းသည် သဘာဝဂေဟစနစ်နှင့် တိုက်ရိုက်ဆက်စပ်နေပြီး စိုက်ပျိုးသည့်စနစ် နှင့်တိုက်ရိုက်ဆက်စပ်နေသဖြင့် စိုက်ပျိုးသည့်စနစ်ပေါ်မှုတည်၍ ကောင်းကျိုးရော ဆိုးကျိုးရောပါရှိ နိုင်ပါသည်။
ဂေဟစနစ် ကောင်းကျိုး( အရိပ်ခိုစိုက်ပျိုးခြင်း)
သံတောင်ကြီးနှင့်တောင်ပေါ်ဒေသများတွင် ကော်ဖီပင်များကို သစ်ပင်ကြီးများအောက်အရိပ်ခို စိုက်ပျိုးကြလေ့ရှိသည်။ ဤစနစ်သည် သစ်တောပြုန်းတီးမှုကို ကာကွယ်ပေးပြီး ငှက်များနှင့် တောရိုင်းတိရစ္ဆာန်များအတွက် သဘာဝကျက်စားရာရုက္ခကို ထိန်းသိမ်းပေးသည်။ ထိုပြင်မြေဆီ လွှာတိုက်စားမှုကို ကာကွယ်ပေးကာ မြေဆီလွှာစိုထိုင်းဆကို ကြာရှည်စွာထိန်းသိမ်းပေးသည်။
ဂေဟစနစ် ဆိုးကျိုး (သတိပြုရမည့်အချက်များ)
သစ်တောများကို အပြည့်အဝခုတ်ထွင်ရှင်းလင်းပြီး ကော်ဖီကို သီနှံသီးသန့်ဖြင့် ကျယ်ကျယ် ပြန့်ပြန့်စိုက်ပျိုးမည်ဆိုပါက ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရုံးခြင်း၊ မြေဆီလွှာတန်ဖိုး လျော့ကျခြင်းနှင့် ဓါတုပစ္စည်း အလွန်အကျွံသုံးစွဲမှုကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာနိုင်ချေရှိသည်။ ထို့ကြောင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်ကို ကျင့်သုံးရန်အလွန်အမင်းအရေးကြီးသည်။
ကော်ဖီစိုက်ပျိုးရာတွင် ကုန်ကျစရိတ် နှင့်ရင်းနှီးမြုပ်နှံမှု
ကော်ဖီသည် နှစ်ရှည်သီးနှံဖြစ်ပြီး ပျိုးထောင်စိုက်ပျိုးပြီးမှ (၃)နှစ်ခန့်ကြာမှသာ စတင်အသီး စဝင်ကာ စီးပွားဖြစ်အမြတ်အစွန်းထွက်ပေါ်လာတက်ပါသည်။ ထို့ကြောင့် ရေရှည်ရင်းနှီးမြုပ်နှံမှုလိုအပ် ပါသည်။
ကနဦး ကုန်ကျစရိတ်
မြေနေရာရှင်လင်းခြင်း၊ တောင်စောင်းမြေထိန်းလုပ်ငန်း များလုပ်ဆောင်ခြင်း၊ အာရေဗီကာ မျိုးကောင်းမျိုးသန့် ပျိုးပင်များဝယ်ယူခြင်း၊ တစ်ဧကလျှင် ကနဦးလုပ်သားခ၊ အရိပ်ပေးအပင်များ စိုက်ပျိုးခြင်းနှင့် သဘာဝမြေဩဇာဖိုးများပါဝင်သည်။ နှစ်စဉ်ထိန်းသိမ်းစရိတ် ပေါင်းသင်ခြင်း၊ ကိုင်းဖြတ်ခြင်း၊ မြေဩဇာကျွေးခြင်းနှင့် ပိုးမွှာကာကွယ်ခြင်း လုပ်သားခများ။ အထူးသဖြင့် ရိတ်သိမ်းချိန်တွင် ကော်ဖီသီးများကို အမှည့်အခြောက် ရွှေးချယ်ဆွတ်ခူးရခြင်းဖြစ်သောကြောင့် လက်လုပ်သားခအများဆုံးကုန်ကျလေ့ရှိသည်။
ပျိုးပင်ရွှေးချယ်ခြင်းနှင့် စိုက်ပျိုးခြင်းရာသီဥတုနှင့် ဒေသနှင့်ကိုက်ညီသော အာရေဗီကာ မျိုးကောင်း မျိုးသန့်များကို မိုးဦးကျကာလတွင် စတင်စိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင် အမြစ်ကောင်းကောင်း ပေါက်ပြီး ပင်စည်သန်စွမ်းကာ ရောဂါကင်းရှင်းသည့် အရည်အသွေးပြည့်မီသော ပျိုပင်ငယ်များကိုသာ ရွှေချယ်စိုက်ပျိုးသင့်ပါသည်။
အရိပ်ပေးပင်များ စိုက်ပျိုးခြင်း နှင့် ပြုစုပျိုးထောင် ဆွတ်ခူးခြင်း
ပြင်ထန်သော နေရောင်ခြည် တိုက်ရိုက်မထိတွေ့ရန် ငုရွှေဝါ၊မက်မွန်၊ထောပတ် (သို့မဟုတ်) ဒေသန္တရသစ်ပင်ကြီးများကို အရိပ်ပေးပင်များအဖြစ် အတူတကွစိုက်ပျိုးကြသည်။ ကိုင်းဖြတ်ကိုင်းညှိ ခြင်းအနေဖြင့် အပင်လေဝင်လေထွက်ကောင်းစေရန်၊ အလင်းရောင်ကောင်းစွာရရှိစေရန်နှင့် အသီး အထွက်နှုန်းတိုးစေရန် နှစ်စဉ်ကိုင်းများကို စနစ်တကျဖြတ်တောက်ပေးရသည်။ ရင့်မှည့်နေသော အနီရောင် ကော်ဖီသီးများကိုသာ လက်ဖြင့်စနစ်တကျ ဆွတ်ခူးရပြီး ဆေးကြောခြင်းစနစ် (သို့မဟုတ်) နေလှန်းခြင်းစနစ်ဖြင့် အခြောက်ခံ ပြုပြင်ထုတ်လုပ်ကြသည်။ ကောင်းကျိုးများ နိုင်ငံတကာဈေးကွက် ဝယ်လိုအားမြင့်မားသဖြင့် တောင်သူများအတွက်ဝင်ငွေ တည်ငြိမ်စေခြင်း၊ ဒေသခံများအတွက် အလုပ်ကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်းနှင့် သဘာဝ တောများကို ထိန်းသိမ်းပေးနိုင်းခြင်း တို့ဖြစ်ပါသည်။ ရာသီဥတုဖောက်ပြန် မှုဒဏ်ကြောင့် အထွက်နှုန်းထိခိုက် နိုင်ခြင်း၊ပိုးမွှားနှင့် ရောဂါကျရောက်မှု အန္တရာယ်ရှိခြင်း၊ လုပ်သား ရှားပါးခြင်းနှင့် ခေတ်မီထုတ်လုပ်ရေး စက်ပစ္စည်းအကန့်အသတ်ရှိခြင်းတို့ဖြစ်သည်။
သံတောင်ကြီး နှင့် ရွာငံ ဒေသတို့၏ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းသည် မြန်မာနိုင်ငံ၏ စိုက်ပျိုး ရေးကဏ္ဍတွင် စီးပွားရေးအရ အရေးပါရုံသာမက မြန်မာ့လက်ရာ ကော်ဖီယဉ်ကျေးမှုကို ကမ္ဘာသိစေ မည့် အဖိုးတန်အမွေအနှစ် ဖြစ်ကြသည်။ သဘာဝဂေဟစနစ်ကိုမထိခိုက်စေဘဲ ခေတ်မှီစိုက်ပျိုးရေး နည်းစနစ်များ၊ အရည်အသွေးထိန်းသိမ်းမှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို စနစ်တကျပေါင်းစပ်လုပ် ဆောင် နိုင်မည်ဆိုပါက မြန်မာ့ကော်ဖီသည် ကမ္ဘာ့နာမည်ကြီး ကော်ဖီဈေးကွက်၏ ထိပ်တန်းနေရာ တစ်ခုတွင် ခိုင်မာစွာ ရပ်တည်နိုင်မည်မှာ အသေအချာပင်ဖြစ် ပေသည်။
DOCA(ကရင်)
