
ကမ္ဘာပေါ်ရှိလူမျိုးတိုင်းတွင် မိမိတို့၏ကိုယ်ပိုင်အမှတ်သညာ၊ ကိုယ်ပိုင်ရိုးရာဓလေ့နှင့် ယဥ်ကျေးမှုအမွေအနှစ်များ အသီးသီးရှိကြစမြဲဖြစ်သည်။ အချို့သောယဥ်ကျေးမှုများသည် ဒြပ်ရှိ အဆောက်အအုံများအဖြစ်တည်ရှိနေကြပြီး အချို့မှာမူလူတို့၏နေ့စဥ်လူမှုဘဝ၊ အတွေးအခေါ် နှင့်ဓလေ့ထုံးတမ်းများထဲတွင် ဒြပ်မဲ့အသွင်ဖြင့်စီးဆင်းရှင်သန်နေကြသည်။ မြန်မာနိုင်ငံတွင်လည်း ပုဂံ၊ အင်းလေး၊ ကုန်းဘောင်ခေတ်လက်ရာစသည့်ဒြပ်ရှိ ယဥ်ကျေးမှုများအပြင်၊ လူမျိုးပေါင်းစုံ၏ ရင်ထဲတွင် ရာစုနှစ်ပေါင်းများစွာ ကိန်းအောင်းလာခဲ့သည့် ထူးခြားနက်ရှိုင်းသော “ဒြပ်မဲ့ယဥ်ကျေးမှု” တစ်ခုရှိနေပါသည်။ ၎င်းမှာအခြားမဟုတ် မြန်မာတို့၏နေ့စဥ်လူမှုဘဝ၊ ဘာသာရေး၊ လူမှုရေးနှင့် စီးပွားရေးတို့တွင် ခွဲခြား၍မရအောင်ဒွန်တွဲနေသည့် “မြန်မာ့ရိုးရာ လက်ဖက်ယဥ်ကျေးမှု”ပင်ဖြစ်ပေသည်။
လက်ဖက်ရွက်ကို သောက်စရာ(ရေနွေးကြမ်း)အဖြစ်သာမက စားစရာ(လက်ဖက်သုတ်) အဖြစ်ပါ ပုံစံနှစ်မျိုးစလုံးတင်တင်မြတ်မြတ်သုံးစွဲသည့် ဤထူးခြားဆန်းသစ်သော ဓလေ့ကြောင့်ပင် မြန်မာ့လက်ဖက်သည် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဥ်ကျေးမှုအဖွဲ့(UNESCO)၏ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်အဖြစ် ကမ္ဘာ့စင်မြင့်ထက်သို့ လှမ်းတက်နိုင်ခဲ့ပြီး မြန်မာ့ဂုဏ်ကိုဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့မြေတွင် လက်ဖက်စိုက်ပျိုးစားသုံးမှုသမိုင်းကြောင်းသည် ရာစုနှစ်ပေါင်းများစွာနောက်ကြောင်း ပြန်လှန်၍ ရပါသည်။ ရိုးရာပုံပြင်များနှင့် သမိုင်းမှတ်တမ်းအချို့အရ ပုဂံခေတ်အလောင်းစည်သူ မင်းကြီး တိုင်းခန်းလှည့်လည်သည့်အခါ ရှမ်းကုန်းပြင်မြင့်ဒေသသို့ရောက်ရှိပြီး လက်ဖက်စေ့များကို စတင်မျိုးကြဲ စိုက်ပျိုးစေခဲ့သည်ဟု အဆိုရှိသည်။ အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် “နမ့်ဆန်”နယ်မြေသည် မြန်မာ့လက်ဖက်၏မွေးရပ်မြေအဖြစ် ကျော်ကြားသည်။ ပလောင်တိုင်းရင်းသားတို့၏ ရိုးရာယုံကြည်မှုတွင် လက်ဖက်ပင်သည် နတ်ပေးသည့် ရတနာတစ်ခုဖြစ်ပြီး၊ မိမိတို့၏အသက်မွေးဝမ်းကြောင်းတင်မကဘဲ လူမျိုးစု၏အသက် ဝိညာဥ်အဖြစ်ပါ တန်ဖိုးထားကြသည်။ ရှမ်းကုန်းပြင်မြင့်၏ မြေဆီလွှာကောင်းမွန်မှု၊ ပင်လယ်ရေ မျက်နှာပြင်အထက် မြင့်မားမှုနှင့်အေးမြစိုစွတ်သောရာသီဥတုတို့က အကောင်းဆုံးအရသာနှင့် အနံ့ရှိသောလက်ဖက်ညွှန့်များထွက်ရှိစေရန် ပံ့ပိုးပေးထားသည်။ ခေတ်အဆက်ဆက်တွင် လက်ဖက် စိုက်ပျိုးခြင်း၊ လက်ဖြင့်သေချာဆွတ်ခူးခြင်း၊ နေလှန်းခြင်း၊ အချဥ်ဖောက်ခြင်း(နှပ်ခြင်း) အတတ်ပညာ များသည် မိသားစုအလိုက်၊ မျိုးနွယ်စုအလိုက်စနစ်တကျလက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြရာမှ ယနေ့ခေတ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်သုံးစွဲနေသည့် အမျိုးသားရေးအမှတ်သညာတစ်ခု ဖြစ်လာခဲ့သည်။ ကမ္ဘာပေါ်တွင် တရုတ်၊ဂျပန်၊ အင်္ဂလန်စသည့်နိုင်ငံများသည် လက်ဖက်ရည် သောက်သည့်ယဥ်ကျေးမှုတွင် အလွန်ထင်ရှားကြသည်။ သို့သော် မြန်မာနိုင်ငံ၏ထူးခြားချက်မှာ အဆိုပါနိုင်ငံများနှင့်မတူဘဲလက်ဖက်ကို အောက်ပါအတိုင်းနှစ်မျိုးနှစ်ဖုံ အသုံးပြုခြင်းဖြစ်သည်။-
(၁)သောက်စရာ-လက်ဖက်ရည်ကြမ်း(သို့မဟုတ်)ရေနွေးကြမ်း
မြန်မာ့လူ့ပတ်ဝန်းကျင်တွင် “ရေနွေးကရား”သည်အိမ်တိုင်း၏ ဧည့်ခန်းဆောင်တွင်မရှိမဖြစ် ပစ္စည်းဖြစ်သည်။ အိမ်သို့ဧည့်သည်လာသည်ဖြစ်စေ၊ အလုပ်ခွင်တွင်ဖြစ်စေ၊ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံများတွင်ဖြစ်စေ ရေနွေးကြမ်းဝိုင်းသည် လူတို့ကိုစုစည်းပေးရာနေရာတစ်ခုဖြစ်သည်။ လက်ဖက် ခြောက်ခါးခါးကို ရေနွေးပူပူတွင်ခတ်၍သောက်ရသည့်ဓလေ့သည် ရိုးရှင်းသော်လည်းနွေးထွေးမှု၊ ပျူငှာမှုနှင့် အပြန်အလှန်လေးစားမှုကိုဖော်ညွှန်းသည်။ တောရွာများတွင် လယ်ယာလုပ်ငန်းခွင် အနားယူချိန် ရေနွေးကြမ်းသောက်ရင်း လူမှုရေး၊ စီးပွားရေး ဆွေးနွေးကြသလို၊ မြို့ပြတွင်လည်း လက်ဖက်ရည်ဆိုင်ယဥ်ကျေးမှုအသွင်ဖြင့် နိုင်ငံရေး၊ စာပေနှင့် အနုပညာများကိုဖလှယ်ကြသည်။
(၂)စားစရာ-အချဥ်ဖောက်ထားသော “လက်ဖက်သုပ်”
ဒြပ်မဲ့ယဥ်ကျေးမှုအဖြစ် ကမ္ဘာကအသိအမှတ်ပြုရခြင်း၏ အဓိကသော့ချက်မှာ ဤ “လက်ဖက်သုတ်”ကြောင့်ဖြစ်သည်။ လက်ဖက်ရွက်စိမ်းများကို ရေနွေးဖျော၍မြေအောက် ကျင်းများ တွင်ဖြစ်စေ အိုးကြီးများတွင်ဖြစ်စေလပေါင်းများစွာ သဘာဝအတိုင်းအချဥ်ဖောက် (နှပ်)ထားရသည်။ ရရှိလာသောအချဥ်ဖောက်လက်ဖက်(နှပ်လက်ဖက်)ကို ဆီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ဖြင့်သုပ်၍ မြေပဲကြော်၊ နှမ်း၊ ကြက်သွန်ကြော်၊ ပုစွန်ခြောက်စသည့် “အကြော်အလှော်”များ ဖြင့်တွဲဖက် စားသုံးကြသည်။ ချဥ်၊ စပ်၊ ဖန်၊ ခါး၊ ငန်ဟူသောအရသာငါးပါးလုံး တစ်ပြိုင်နက်ခံစားရသည့် လက်ဖက်သုပ်သည် ကမ္ဘာ့အချက်အပြုတ်လောကတွင် ရှာမှရှားသည့် ထူးခြားဆန်းသစ်သော အစားအစာဖြစ်သည်။
မြန်မာ့လက်ဖက်သည် ရိုးရိုးစားသောက်စရာအဆင့်ထက်ကျော်လွန်၍ မြန်မာတို့၏လူမှု တည်ဆောက်ပုံနှင့် စိတ္တဗေဒတွင်နက်ရှိုင်းစွာအမြစ်တွယ်နေသည်။ မြန်မာတို့၏ ရိုးရာမင်္ဂလာ ဆောင်များနှင့် နာရေးကိစ္စများတွင်အဆုံး လက်ဖက်သုပ်ဖြင့်ဧည့်ခံခြင်းသည်မရှိမဖြစ် အရေးကြီး သည်။ ရှေးအခါက ဖိတ်စာမပေါ်မီကပင် လူကိုယ်တိုင်သွားရောက်၍ “ဖိတ်စင်လက်ဖက်” ကမ်းလှမ်းကာ ဖိတ်ကြားရသည့်ဓလေ့ရှိခဲ့သည်။ အတိတ်သမိုင်းတွင်မြန်မာ့တရားစီရင်ရေး၌ အမှုအခင်းများဖြစ်ပွားပါက နှစ်ဦးနှစ်ဖက်ပြေလည်သွားသည့်အခါ သက်သေအ
ရာရှိများရှေ့တွင် “ လက်ဖက်စားကာအမှုပြီးစေခြင်း” ဟူသောဓလေ့ဖြင့် ကန့်ကွက်ရန်မရှိတော့ ကြောင်းအတည်ပြုခဲ့ကြသည်။ ထို့ကြောင့် လက်ဖက်သည် ရန်ငြိမ်းခြင်း၊ သင့်မြတ်ခြင်းနှင့် ငြိမ်းချမ်း ရေး၏သင်္ကေတလည်းဖြစ်သည်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် ဆွမ်းတော်ကပ်ရာတွင် လည်းကောင်း၊ ဆရာတော်သံဃာတော်များကို ပူဇော်ရာတွင်လည်းကောင်း အကောင်းဆုံးအဆင့်မြင့် လက်ဖက်ညွှန့်များကို “ဆွမ်းဦးလက်ဖက်” အဖြစ်လှူဒါန်းလေ့ရှိကြသည်။ ယူနက်စကိုသည် မြန်မာ့ရိုးရာလက်ဖက်ယဥ်ကျေးမှုကို ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ရန် အသိအမှတ် ပြုခြင်းသည် အောက်ပါအကျိုးကျေးဇူးများနှင့် အနှစ်သာရများကို ဆောင်ကြဥ်းပေးပါသည်။
မြန်မာ့လက်ဖက်သည် ကမ္ဘာလှည့်ခရီးသွားများအတွက် မဖြစ်မနေမြည်းစမ်းရမည့် အချက်အပြုတ်ယဥ်ကျေးမှုတစ်ခုအဖြစ်နေရာရလာခြင်းဖြစ်သည်။ခေတ်သစ်အစားအစာများလွှမ်းမိုးလာချိန်တွင် မိမိတို့၏ရိုးရာဓလေ့ကိုပျောက်ပျက်မသွားအောင်မျိုးဆက်သစ်များက ပိုမိုတန်ဖိုးထား ထိန်းသိမ်းလာရမည်ဖြစ်သည်။ လက်ဖက်စိုက်ပျိုးသည့် တိုင်းရင်းသားတောင်သူများ၏ ထုတ်ကုန်များ ၏ထုတ်ကုန်များစျေးကွက်သို့ ဝင်ရောက်နိုင်ပြီး ဒေသတွင်းစီးပွားရေးမြှင့်တင်နိုင်ခြင်း စသည့်အကျိုး ကျေးဇူးများကို ရရှိစေနိုင်သည်။ လက်ဖက်ဝိုင်းသည် ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာမရွေး တစ်ပြိုင် နက်ထိုင်၍ စကားပြောနိုင်သောနေရာဖြစ်၍ လူထုစည်းလုံးမှုကိုလည်း ဖော်ပြနေခြင်းဖြစ်သည်။ ယူနက်စကိုစာရင်းဝင်ဖြစ်လာခဲ့ခြင်းသည် ဂုဏ်ယူစရာပြီးပြည့်စုံမှုတစ်ခုတင်မဟုတ်ဘဲ ဤအမွေ အနှစ်ကိုရေရှည် တည်တံ့အောင်ထိန်းသိမ်းစောင့်ရှောက်ရန်ပိုမိုကြီးမားသော တာဝန်ကိုပေး အပ်လိုက်ခြင်း ဖြစ်သည်။ ခေတ်မီတိုးတက်လာသောစက်မှုခေတ်တွင် ရိုးရာနည်းလမ်းအတိုင်း သဘာဝကျကျချဥ်ဖောက်ထားသည့်နည်းစနစ်များ မပျောက်ပျက်စေရန် ဓာတုဆိုးဆေးများနှင့် ကြာရှည်ခံဆေးများ ကင်းစင်ပြီးသန့်ရှင်းသပ်ရပ်သောလက်ဖက် ထုတ်လုပ်မှုကွင်းဆက်များ ဖြစ်လာစေရန် အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် စိုက်ပျိုးတောင်သူများအားလုံးပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့ပြင် မိမိတို့၏အိမ်သို့ရောက်ရှိလာသော ဧည့်သည်ကိုရေနွေးကြမ်း နှင့် လက်ဖက်သုတ်ဖြင့်နွေးထွေးစွာ ဆည်းကပ်ဧည့်ခံတတ်သည့် မြန်မာ့စိတ်နေသဘောထား ကိုလည်း လူငယ်မျိုးဆက်သစ်များရင်ထဲတွင် စိမ့်ဝင်နေအောင်လက်ဆင့်ကမ်းပေးကြရမည် ဖြစ်သည်။
ခြုံငုံသုံးသပ်၍ တင်ပြရသော် “မြန်မာ့ရိုးရာလက်ဖက်ယဥ်ကျေးမှု” သည်သာမာန်စားသောက် ကုန်တစ်ခုမျှသာမဟုတ်ဘဲ မြန်မာလူမျိုးတို့၏ပျူငှာရိုးသားမှု၊ မျှဝေလိုစိတ်၊ ငြိမ်းချမ်းမှုကိုမြတ်နိုးမှုနှင့် ရှေးအစဥ်လာကိုလေးစားမှုတို့ပေါင်းစပ်လျက်ထွက်ပေါ်လာသော အနုပညာရလဒ်တစ်ခုဖြစ်သည်။ ယူနက်စကိုအသိအမှတ်ပြုမှုနှင့်အတူ မြန်မာ့လက်ဖက်သည် နိုင်ငံတကာစင်မြင့်ထက်တွင် ရိုးရာ ယဥ်ကျေးမှုရွှေမင်အက္ခရာဖြင့် ကမ္ပည်းတင်နိုင်ခဲ့ပြီဖြစ်သည်။ ကျွန်ုပ်တို့မြန်မာလူမျိုးအားလုံးသည် မိမိတို့၏အဖိုးတန်လှသောဤဒြပ်မဲ့ယဥ်ကျေးမှုရတနာကို ကမ္ဘာတည်သရွေ့ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့်ကမ္ဘာကို ဆက်လက်ချပြသွားကြရမည် ဖြစ်ပါတော့သည်။
DOCA(ပဲခူး)
