Main menu

ဒေသထွက်အစာကုန်ကြမ်းကိုအသုံးပြု၍သားငါးတိုးတက်မွေးမြူကြပါစို့

Powered by Drupal
Fri, 06/19/2026 - 14:06 -- consumer_admin

                ယခုအခါ ကမ္ဘာ့လူဦးရေသည် ၈ ဒသမ ၃ ဘီလီယံသို့ ရောက်ရှိလာပြီဖြစ်ပါသည်။ လူဦးရေ တိုးမြင့်လာခြင်းနှင့်အတူ အသက်ရှင်သန်ရပ်တည်ရေးအတွက်    စားနပ်ရိက္ခာလိုအပ်မှုသည်လည်း မြင့်တက်လာလျက်ရှိပါသည်။ လူသားများ၏ စားရေးနှင့် ဝတ်ရေးကို   စိုက်ပျိုး၊ မွေးမြူရေးမှ အဓိက ထောက်ပံ့ပေးနေခြင်းဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံ၏ရာသီဥတုနှင့် ပိုင်ဆိုင်သော မြေအနေအထားတို့သည် စိုက်ပျိုးမွေးမြူရေးကောင်းစွာဆောင်ရွက် အောင်မြင်ဖြစ်ထွန်းသည့် အတွက် ရှေးယခင်ကပင် စိုက်ပျိုးရေးနိုင်ငံအဖြစ် ရပ်တည်ခဲ့သည်ကို တွေ့ရှိနိုင်ပါသည်။ ထို့ပြင် နိုင်ငံတော်၏ တည်နေရာ  ပထဝီအနေအထားအရ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြားတွင် တည်ရှိလျက်ရှိသည်။ နိုင်ငံ့ပတ်ဝန်းကျင်၌ လည်း အရှေ့တောင်အာရှ နိုင်ငံများအပါအဝင် အိမ်နီးချင်းနိုင်ငံများရှိလူဦးရေသည် ကမ္ဘာ့စုစုပေါင်းလူဦးရေ၏ ၅၀ရာခိုင်နှုန်းခန့် နေထိုင်လျက်ရှိသည်ကို လည်း   လေ့လာတွေ့ရှိ ရပါသည်။ များပြားလှသော လူဦးရေအတွက် နေ့စဉ် အားဖြင့် စားနပ်ရိက္ခာ လိုအပ်ချက်များလည်း မြင့်တက်လျက်ရှိရာ အဆိုပါစားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းရောင်းချနိုင်သည့် အခွင့်အရေး ကို   ကျွန်တော်တို့ မြန်မာနိုင်ငံမှ    ရရှိပိုင်ဆိုင်ထားသည်ကိုလည်း တွေ့ရှိရမည် ဖြစ်ပါ သည်။          ကျွန်တော်တို့နိုင်ငံအတွင်းရှိ ပြည်သူအများ     ကျန်းမာကြံ့ခိုင်မှုရှိစေရန်နှင့် အာဟာရ ပြည့်ဝစွာ  စားသုံးနိုင်ရန်အတွက် လိုအပ်သောအသားငါးလိုအပ်မှုအား သုတေ သနပြု     တွက်ချက်မှု များအရ လူတစ်ဦးလျှင် တစ်နှစ်အတွက် အသားငါးလိုအပ်ချက် စံနှုန်းမှာ   အမဲသား ၂ ဒသမ ၀၄ ပိဿာ၊ ဝက်သား ၁ ဒသမ ၇၅ ပိဿာ၊ ဆိတ်သား   သုည ဒသမ ၇၀ ပိဿာ၊ ကြက်သား   ၆ ဒသမ ၇၆ ပိဿာနှင့် ငါး ၆ ဒသမ ၇၆ ပိဿာခန့်   လိုအပ်မည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသားငါးထုတ်လုပ်နိုင်မှုနှင့် လိုအပ်ချက်ကို နှိုင်းယှဉ်ကြည့်ပါက ဝက်သားမှလွဲ၍ ကျန်အသားများ၏ ဖူလုံမှုမှာ    ၆၀ ရာခိုင်နှုန်းဝန်းကျင်ရှိပြီး ဆိတ်သား ထုတ်လုပ်နိုင်မှုနှင့်     ဖူလုံမှု ရာခိုင်နှုန်းမှာ ၂၃ ရာခိုင်နှုန်းသာရှိကြောင်း တွေ့ရှိရပါသည်။   သို့ဖြစ်ရာ ပြည်တွင်း အသားစားမှု ဖူလုံမှုမှသည်      ပြည်ပသို့ ပြန်လည်တင်ပို့နိုင်သည်အထိ ရည်မှန်းချက်ထား မွေးမြူဆောင်ရွက် သွားကြရမည် လည်းဖြစ်ပါသည်။ 

           တိရစ္ဆာန်မွေးမြူရေးတွင် လွှတ်ကျောင်းစနစ်၊ လှန်မွေးစနစ်နှင့် ခြံလှောင်စနစ်ဟူ၍ စနစ်သုံးမျိုးရှိရာ   လွှတ်ကျောင်းစနစ်မှာ စရိတ်သက်သာသော   နည်းလမ်းဖြစ်ပြီး လှန်မွေးစနစ်မှာလည်း အထိုက်အလျောက်အားဖြင့် စရိတ်သက်သာစေသော နည်းလမ်းမျိုး ဖြစ်ပါသည်။ အာဟာရညီညွတ်မျှတ၍ အထွက်နှုန်းတိုးစေရန်အတွက်ဆိုလျှင် ရေနှင့်အစာ ကို    စနစ်တကျ တွက်ချက် ကျွေးမွေးနိုင်သော   ခြံလှောင်စနစ်ကို ကျင့်သုံးဆောင်ရွက်ခြင်း ဖြင့် ကောင်းမွန်ထိရောက်မှုရှိသည်ကို လေ့လာတွေ့ရှိရ ပါသည်။     လိုအပ်သော တိရစ္ဆာန်အစာအတွက် ဒေသထွက်အစာကုန်ကြမ်းများကို အသုံးပြု၍စနစ်တကျ ရောစပ်ကျွေးမွေးခြင်း ဖြင့်   ကုန်ကျစရိတ် သက်သာသည့် အကျိုးကျေးဇူးများကို    ခံစားရမည်ဖြစ်သည်။   မွေးမြူထားသော တိရစ္ဆာန်များ အတွက် အစာဖြစ်သည့်      ဒေသမြက်များသည် အသားဓာတ်ပါဝင်မှု နှင့်  အာဟာရ ဓာတ် ပါဝင်မှုနည်းသဖြင့်   မျိုးကောင်းမျိုးသန့် တိရစ္ဆာန်များအား မွေးမြူရာ၌ အာဟာရဓာတ် ပြည့်ဝပြီး    အရည်အသွေးမြင့်မားသည့် နေဗီယာမြက်ကဲ့သို့သော တိရစ္ဆာန်အစာများ ကို ကိုယ်တိုင် စိုက်ပျိုးကျွေးမွေးကြရန်လိုအပ်ပါသည်။ ထိုသို့အရည်အသွေးပြည့်ဝသော တိရစ္ဆာန်အစာကို သင့်တင့်သည့် ပမာဏကျွေးမွေးခြင်းဖြင့်     အစာအတွက် ကုန်ကျစရိတ် သက်သာစေမည့်အပြင် အသားထုတ်လုပ်မှုတွင်လည်း စံချိန်မီသည့်အတွက် မွေးမြူသူများ ဝင်ငွေတိုးတက်ရရှိစေမည်မှာ မလွဲဧကန်ဖြစ်သည်။ တိရစ္ဆာန်များ ရောဂါကင်းပြီး ကိုယ်ခန္ဓာ ကြီးထွားသန်မာ၍ အထွက်နှုန်းတိုးစေရန်အတွက်    စွမ်းအင်၊ အသားဓာတ်၊ ရေ၊ ဗီတာမင်နှင့် ဓာတ်သတ္တု များ   လိုအပ်ပါသည်။ ဒေသအတွင်း အလွယ်တကူရှာဖွေရရှိနိုင်၍ ဈေးနှုန်းသက်သာကာ အရည်အသွေးမြှင့်ပြီး အရသာရှိသော စီးပွားရေး အရတွက်ခြေကိုက်သည့်   အစာများကို အာဟာရနှင့်အညီ  အချိုးကျပေါင်းစပ် အသုံးပြုနိုင်ရန်လိုအပ်ပါသည်။

           မွေးမြူရေးလုပ်ငန်းများတွင် အစာနုအဖြစ် အများဆုံးအသုံးပြုသော စပ်စာများ၌ ပါဝင်သောပစ္စည်းများသည် မွေးမြူသည့် တိရစ္ဆာန်အမျိုးအစား နှင့် ဒေသထွက်ကုန်ကြမ်းများ အပေါ် မူတည်၍ ကွဲပြားကြသည်ကို တွေ့ရှိရပါသည်။ စပ်စာများတွင် အဓိကအားဖြင့် ဆန်ကွဲ၊ ဖွဲနု၊ ပြောင်းစေ့၊ ပဲပုပ်ဖတ်၊ ပဲဖတ်၊ နှမ်းဖတ်၊ ဝါကြိတ်ဖတ်၊ ကုလားပဲခွံ၊ ငါးပေါင်းမှုန့်၊ ငါးခြောက်မှုန့်၊ ပုစွန်ဖွဲချို၊   တင်လဲရည် စသည်တို့ရရှိမှုအပေါ်မူတည်၍ လိုအပ်သလို   ရောစပ်ကျွေးမွေး ကြခြင်းဖြစ်သည်။     အဆိုပါပစ္စည်းများသည် ပြည်တွင်း၌ထွက်ရှိသော ပစ္စည်းများဖြစ်သဖြင့် လိုအပ် သလို စနစ်တကျရောစပ် ကျွေးမွေးမည်ဆိုပါက ကုန်ကျစရိတ် ကို   သက်သာစေသည်သာမက အသားအထွက်နှုန်းလည်း တိုးတက်မည်မှာသေချာပါသည်။   တိရစ္ဆာန်မွေးမြူကြသော တောင်သူကြီး များအနေဖြင့် ပြည်ပမှတင်သွင်းသော    အသင့်သုံးစပ်စာများကို ဈေးနှုန်းကြီးမားစွာ ပေး၍ ဝယ်ယူကျွေးမွေး အသုံးပြုနေကြရသဖြင့်     မလိုအပ်ဘဲ ငွေကြေးကုန်ကျစရိတ်မြင့်မားနေခြင်း ဖြစ်ပါ သည်။ မိမိဒေသဝန်းကျင်နှင့် ပြည်တွင်းမှ ထွက်ရှိသည့်    အစာကုန်ကြမ်းများကို စပ်စာသဖွယ် စနစ်တကျရောစပ်ကျွေးမွေးခြင်းဖြင့် ကုန်ကျစရိတ် သက်သာစေသည့်အပြင် သင့်လျော်သော အသားအထွက်နှုန်းကိုလည်း ရရှိနိုင်မည် ဖြစ်ပါသည်။တိရစ္ဆာန်အစာတွင်   ပါဝင်ရောစပ်ကြသည့် ဆန်ကွဲနှင့် ဖွဲနုတို့သည် စပါးကို ဆန်အဖြစ် ကြိတ်ခွဲသန့်စင်ရာမှ ထွက်ရှိလာခြင်းဖြစ်ပြီး ပဲပုပ်ဖတ်၊ ပဲဖတ်နှင့် နှမ်းဖတ်တို့သည်လည်း နှမ်း၊ ပဲပုပ်နှင့် မြေပဲတို့ကို စားသုံးဆီရရှိအောင် ကြိတ်ခွဲရာမှ ထွက်ရှိခြင်းဖြစ်သည်။ ပုစွန်ဖွဲချိုဆိုသည်မှာ လူစားသုံးသော ပုစွန်ခြောက်ကို   သန့်စင်ထုတ်လုပ်ရာမှ ထွက်ရှိသည့်ပစ္စည်းဖြစ်သည်။ တင်လဲရည် သည်လည်း သကြားစက်များမှ   သကြားထုတ်လုပ်ပြီး ထွက်ရှိလာသည့် ပစ္စည်းမျိုးဖြစ်သည်။ ထိုကဲ့သို့ လူသားတို့အတွက် အဓိက စားသုံးကုန်များကို   ထုတ်လုပ်ဆောင်ရွက်ပြီး ကျန်ရှိသည့်ပစ္စည်းများကို တိရစ္ဆာန်မွေးမြူရေး တွင်    အကျိုးရှိစွာ စနစ်တကျပြန်လည် အသုံးပြုရန် လိုအပ်ပါသည်။ မွေးမြူသည့် တိရစ္ဆာန်အမျိုး အစားအလိုက်       လိုအပ်သည့်အစာနုအား ပြည်တွင်းထွက်နှင့် ဒေသထွက် ပစ္စည်းများကို အသုံးပြု ဆောင်ရွက်တတ်စေရေး စိုက်ပျိုးမွေးမြူရေးပညာရှင်များက     အခါအားလျော်စွာ အသိပညာပေး ဟောပြောပေးလျက်ရှိရာ   လိုက်ပါလုပ်ဆောင်ခြင်းဖြင့် မိမိတို့၏ အကျိုးစီးပွားကို ပိုမိုဖော်ဆောင် နိုင်မည်ဖြစ်သည်။ 

ထို့ပြင်    စားမြုံ့ပြန်သတ္တဝါများဖြစ်သော ကျွဲ၊ နွား၊ သိုး၊ ဆိတ်များသည် ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးရေးအတွက် အစာကြမ်း (forage)ဖြစ်သော မြက်၊ ကောက်ရိုးတို့ကို ကောင်းစွာချေဖျက် စားသောက်နိုင်သည်ကိုတွေ့ရှိရပါသည်။    ကျွဲ၊ နွား တစ်ကောင်သည်    နေ့စဉ် အစာကြမ်း အခြောက်ဓာတ်ကို   ၎င်း၏ ခန္ဓာကိုယ် အလေးချိန် (အရှင်ချိန်)၏ ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းခန့် စားသုံးပေးရန်   လိုအပ်သည်။ ခန္ဓာကိုယ်အလေးချိန် ပိဿာ ၁၀၀ ရှိသော   ကျွဲ၊ နွားတစ်ကောင်အနေဖြင့် တစ်ရက်လျှင် အစာကြမ်း အခြောက်ဓာတ် ၂ ပိဿာမှ ၃ ပိဿာခန့် စားသုံးပေးရန် လိုအပ်မည်ဖြစ်သည်။     အစာကြမ်း အခြောက်ဓာတ်ဆိုသည်မှာ အစာကြမ်းထဲ တွင်ပါဝင်သည့် ရေ(အစိုဓာတ်)ဖယ်ထုတ်ပြီး ကျန်ရှိသည့်အစာကို    ဆိုလိုခြင်းဖြစ်သည်။ ပုံမှန်အချိန်တွင် ရိတ်သိမ်းထားသော  နေဗီယာမြက်၌ အစိုဓာတ် ၇၅ ရာခိုင်နှုန်းနှင့် အခြောက်ဓာတ် ၂၅ ရာခိုင်နှုန်းပါဝင်ပြီး ကောက်ရိုးတွင် အစိုဓာတ် ၄  ရာခိုင်နှုန်းနှင့်     အခြောက်ဓာတ် ၉၆ ရာခိုင်နှုန်းပါဝင်ကြောင်း တွေ့ရှိရပါသည်။ ခန္ဓာကိုယ်အလေးချိန် ပိဿာ ၁၀၀ ရှိသော ကျွဲ၊ နွားတစ်ကောင်အတွက်   တစ်ရက်လျှင် အစာကြမ်းအဖြစ်     နေဗီယာမြက်အစို အလေးချိန် ၈ ပိဿာမှ ၁၂ ပိဿာခန့်အထိ ကျွေးမွေးရန်    လိုအပ်မည်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ သို့ဖြစ်၍ အဆိုပါကျွဲ၊ နွားတစ်ကောင်အတွက် တစ်လစာ အစာကြမ်းအဖြစ်    နေဗီယာအစို ၂၄၀ ပိဿာမှ ၃၆၀ ပိဿာအထိ လိုအပ်မည်ဖြစ်ရာ တစ်နှစ်လျှင် နေဗီယာမြက် ပိဿာ ၄၃၀၀ ခန့် လိုအပ်မည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။     နေဗီယာမြက်တစ်ဧက၏ တစ်နှစ်အထွက် နှုန်းမှာ        ပိဿာ ၁ သိန်း  ၂ သောင်းကျော်ခန့် ရှိသဖြင့်  ကျွဲ၊ နွားကောင်ရေ ၃၀ ခန့်အတွက် လိုအပ် သောအစာကြမ်းကို နေ့စဉ်ထုတ်လုပ်ရရှိနိုင်မည်ဟု တွက်ချက်နိုင်သော်လည်း မြက်ထွက်ရှိမှုနှုန်း ကွာခြားချက်နှင့် ကျွဲ၊ နွားတို့၏ အရွယ်ကွာခြားချက်ကြောင့်   အစာစားနှုန်းကွာခြား ချက်များရှိနိုင်သဖြင့် ကျွဲ၊ နွားအကောင်ရေ ၂၀ အတွက်  နေဗီယာမြက်တစ်ဧက စိုက်ပျိုးထားလျှင် လုံလောက်နိုင်ကြောင်း တွေ့ရှိရပါသည်။ ကျွန်တော်တို့နိုင်ငံတွင်     ရှေးယခင်ကတည်းက ကောက်ရိုးကို ကျွဲ၊ နွားအစာအဖြစ် ကျွေးမွေးခဲ့ကြပါသည်။ ကောက်ရိုးကို ခုတ်စဉ်း၍ ဆား၊ ဖွဲနု၊ နှမ်းဖတ်၊ ပဲဖတ်၊ ပဲမှော် စသည်တို့ဖြင့် ရောနှောကျွေးမွေးခဲ့ကြသည်ကို တွေ့ရှိရပါသည်။ ကောက်ရိုးတွင်   အသားဓာတ်ပါဝင်မှုနည်းပါးပြီး   အမျှင်ဓာတ်နှင့် လင်နင် (Lignin) ဓာတ်ပါဝင်မှုများ သောကြောင့် အာဟာရဖြစ်မှုနည်းပါးသည်ကို တွေ့ရှိရပါသည်။ ကောက်ရိုးတွင်ပါဝင်သည့် အမျှင်ဓာတ်ကို ကျွဲ၊ နွားများ၏ အစာအိမ်ကချေဖျက်ရန် ခက်ခဲသဖြင့် အစာများစွာ စားထားသော်လည်း အာဟာရဖြစ်မှုနှင့်ကြီးထွားမှုတွင် အားနည်း သည်ကိုတွေ့ရှိရ ပါသည်။    ထို့ကြောင့်   အာဟာရပို၍ရရှိပြီး ကျွဲ၊ နွားများအသားတိုးနှုန်းပိုလာ စေရန်အတွက် ကောက်ရိုးကိုအချဉ်ဖောက်၍ ကျွေးမွေးခြင်းပြုနိုင်ကြောင်း ပညာရှင်များက ဖော်ထုတ်ထား ကြသည်ကိုလည်း     တွေ့ရှိရပါသည်။ 

                ကောက်ရိုးကို နည်းစနစ်တကျ ချဉ်ဖတ်ပြုလုပ်ပြီးနောက် သုံးပတ်ခန့်အကြာတွင် ကျွဲ၊ နွားများအား  စတင်ကျွေးမွေးနိုင်ကြောင်း တွေ့ရှိရပါသည်။ ကောက်ရိုးအပြင် ပြောင်း၊ နှံစားပြောင်း၊ နေဗီယာ၊ အစ္စရေးမြက်ချိုတို့ကဲ့သို့ သကြားဓာတ်ပါဝင်သော အပင်များအားလည်း ချဉ်ဖတ်ပြုလုပ် ကျွေးမွေးနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ချဉ်ဖတ်ပြုလုပ်ကျွေးမွေးခြင်းဖြင့် အာဟာရ တန်ဖိုးမပြောင်းလဲခြင်း၊ အချိန်ကာလကြာမြင့်စွာ ထားသိုကျွေးမွေးနိုင်ခြင်း စသော အကျိုးကျေးဇူးများကို ရရှိစေသဖြင့် အစာကြမ်း ရရှိခက်ခဲသော အချိန်များတွင် အသားတိုးနှုန်း မကျအောင် ကျွေးမွေးနိုင်မည်ဖြစ်ပါသည်။ ထိုသို့ ပြုပြင်ကျွေးမွေးပါက  တိရစ္ဆာန်ကြီးထွားမှုနှုန်း ကောင်းမွန်ပြီး    ရောဂါခံနိုင်ရည်အားကောင်းသော အကျိုးကျေးဇူးများ ရရှိနိုင်သဖြင့် ရိုးရှင်းလွယ်ကူ သည့် နည်းလမ်းများဖြင့် ချဉ်ဖတ်ပြုလုပ်ကျွေးမွေးကြစေလိုပါသည်။ အစာချဉ်ဖတ်ပြုလုပ်ရန် နည်းလမ်းများစွာရှိသည့်အနက်    ယူရီးယားဖြင့် ပြုလုပ်နည်း၊ တင်လဲရည်ဖြင့် ပြုလုပ်နည်းနှင့် EM ဖြင့်ပြုလုပ်နည်း စသည်ဖြင့်များစွာရှိပြီး မိမိနှင့်လက်လှမ်း မီသည့်နည်းကို ကိုယ်တိုင်ဆောင်ရွက် ကျွေးမွေးပါက   တောင်သူဦးကြီးများ မလွဲမသွေအကျိုးရှိမည် ဖြစ်ကြောင်း တွေ့ရှိရပါသည်။

          မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင်နေထိုင်ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အသက်မွေး ဝမ်းကျောင်းပြုနေကြသူများ ဖြစ်ကြပါသည်။ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျမွေးမြူပြီး မွေးမြူရေးကုန် ထုတ်လုပ်ငန်း များ တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ အမျိုးသားရေး ရည်မှန်းချက်ဖြစ်သော တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ပြည်တွင်း အသား ငါး ဖူလုံမှုရှိလာပါက ပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်မည့်အပြင် ပြည်ပသို့ပါ ပို့ကုန်တိုးမြှင့်တင်ပို့ရောင်းချနိုင်မည် ဖြစ်ပါသည်။ နိုင်ငံတော်ရွှေသီးဖို့      ကုန်ထုတ်လုပ်မှု အားပေးစို့ ဟူသော ဆောင်ပုဒ်နှင့်အညီ    နိုင်ငံတော်အတွင်း မှီတင်း နေထိုင် ကြ သည့် နိုင်ငံသူ၊နိုင်ငံသားများအားလုံး အလုပ်လုပ်ကြရန်လိုအပ်သည့်အတွက် ပြည်တွင်းအသားငါး ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေး ဒေသထွက်အစာကုန်ကြမ်းကို အသုံးပြုလို့ သားငါးတိုးတက်မွေးမြူစို့ ဟုတိုက်တွန်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)