
မြန်မာနိုင်ငံအတွင်းရှိ အချို့မြို့များတွင် မြို့နာမည်နှင့် အတူတွဲလျက်ထင်ရှားသည့် မြန်မာ့ ရိုးရာအစားအစာများမှာ မန္တလေးထိုးမုန့်၊ ပုသိမ်ဟာလဝါ၊ ပျဉ်းမနား မျှစ်ချဉ်၊ နေပြည်တော် နန်းစိန် ကိတ်၊ ကသာငါးကြီးချဉ်နှင့် ကောက်ညှင်းကျည်တောက်၊ စစ်ကိုင်းခိုတောင်မုန့်တီ၊ မုံရွာ မအူမြေပဲဆားလှော် စသည်ဖြင့် နာမည်ကျော်ကြားလျက်ရှိသည်။
“ မုံရွာမြို့ ” သည် ချင်းတွင်းမြစ်ကမ်းဘေး စီးပွားရေးအချက်အချာကျပြီး လမ်းပမ်းဆက်သွယ်ရေးကောင်းသည့် မြို့တစ်မြို့ဖြစ်ပါသည်။ ဗောဓိတစ်ထောင်ကမ္ဘာ့အကြီးဆုံး ရပ်တော်မူဘုရားနှင့် တန်ခိုးကြီးသံဗုဒ္ဓေဘုရားများ၊ ရွှေတိဂုံ၊ ဆုတောင်းပြည့်ဘုရား၊ ကန်သာယာ၊ ပြည်သူ့ဥယျာဉ်၊ ရှော့ပင်မောများ၊ စားသောက်ဆိုင်များ လည်ပတ်ပြီး အိမ်ပြန်လက်ဆောင်အဖြစ် မြေပဲဆားလှော်ကို ဝယ်ယူကြပါသည်။ အညာဒေသရဲ့ ရိုးရာလုပ်ငန်းတစ်ခုဖြစ်သည့် မုံရွာမြေပဲဆားလှော်သည် အရည်အသွေးကောင်းမွန်ပြီး လက်ဆောင်ပေးရာတွင်လည်း တင့်တယ်လှပခြင်းကြောင့် ပြည်တွင်း၊ ပြည်ပအထိ ကျယ်ကျယ်ပြန့်ပြန့် ပို့ဆောင်နေကြပြီဖြစ်၍ စစ်ကိုင်းတိုင်းဒေသကြီးရှိ မုံရွာမြို့နယ်၊ မအူကျေးရွာ၏ အဓိက ထုတ်ကုန်ဖြစ်သော မြေပဲဆားလှော်အကြောင်းကို တင်ပြပါမည်၊၊
မြေပဲဆားလှော်ပေါ်ပေါက်လာပုံ
မြန်မာနိုင်ငံအလယ်ပိုင်းဒေသ မုံရွာ၊ မန္တလေး၊ ပခုက္ကူ၊ မကွေးစသည် မြို့များသည် အလုံးဆန်လှပြီး အရည်အသွေးကောင်းသည့် မြေပဲ အဓိကထွက်ရှိရာ ဒေသများဖြစ်သောကြောင့် ၎င်းဒေသထွက်မြေပဲလုံးဆန် ကုန်ကြမ်းများကို တန်ဖိုးမြှင့်အစားအစာအဖြစ် တီထွင်ရာမှ စတင်ပေါ်ပေါက်လာသည်ဖြစ်ကြောင်း သိရပါသည်။
မြေပဲအစိမ်းမှာ အစိုဓာတ်နဲ့အဆီဓာတ်တွေပါဝင်သောကြောင့် ဆားနှင့်လှော်သောအခါ အစိုဓာတ်လုံးဝ ခမ်းခြောက်သွားပြီး တာရှည်ခံအောင် သဘာဝဓာတ်ကို ထိန်းသိမ်းပေးခြင်း၊ မှိုတက်ခြင်းမှ ကာကွယ်ပေးခြင်းတို့ကြောင့် ထားသိုသိမ်းဆည်းခံ၊ ကြာရှည်ခံ၊ အရသာ ကောင်းမွန်သော မြေပဲဆားလှော်အဖြစ် ထုတ်လုပ်ခြင်းဖြစ်ပါသည်။
စိုက်ပျိုးထားရှိမှုအခြေအနေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မုံရွာခရိုင်၌ မိုးမြေပဲစိုက်ဧက ၆၃၂၅၆ ဧက၊ ဆောင်းမြေပဲ ၄၃၈၇၈ ဧက၊ စုစုပေါင်း ၁၀၇၁၃၄ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး မိုးမြေပဲတစ်ဧက စိုက်ပျိုးလျှင် (၅၃) တင်းထွက်ရှိ၍ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် (၉၂၃၀၀၀)ကျပ်ကုန်ကျကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၁၃)သိန်းကျော် ရရှိပါကြောင်း၊ ဆောင်းမြေပဲတစ်ဧကလျှင် (၆၅) တင်းထွက်ရှိ၍ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၁၈)သိန်းကျော်ရရှိပါကြောင်း ၂၀၂၆-၂၀၂၇ ခုနှစ်တွင် စိုက်ဧက ၅၀၇၀ ဧကသာ စိုက်ပျိုးနိုင်သေးကြောင်း၊ မိုးဦးကျစဖြစ်၍ ဆက်လက် စိုက်ပျိုးလျက်ရှိပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦစီးဌာနမှ သိရှိရါသည်။ လက်ရှိ မြေပဲလုံး ဆန်ဖြူ ရှယ်စ တစ်တင်းဈေးနှုန်းမှာ ( ၁၉၅၂၀၀ ) ကျပ်၊ အနီရှယ်စ တစ်တင်းဈေးနှုန်းမှာ (၁၈၂၄၀၀)ကျပ်ဖြစ်ကြောင်းသိရသည်။
စိုက်ပျိုးထုတ်လုပ်မှု
မြေပဲကို မိုးမြေပဲနှင့်ဆောင်းမြေပဲဟူ၍ နှစ်မျိုးရှိရာ မိုးမြေပဲကို မေ၊ ဇွန်လတွင် စိုက်ပျိုးပြီး အောက်တိုဘာ၊ နိုဝင်ဘာလတွင် ရိတ်သိမ်းကြောင်း၊ ဆောင်းမြေပဲကို အောက်တိုဘာ၊နိုဝင်ဘာလတွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီနှင့် မတ်လတို့တွင် ရိတ်သိမ်းကြောင်း သိရသည်။ မြေပဲကို နှစ်ရာသီလုံး ရရှိနိုင်တဲ့အတွက် ကုန်ကြမ်းကို တစ်နှစ်ပတ်လုံး ပြတ်တောက်မှုမရှိဘဲ ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။
ကုန်ကြမ်းရရှိမှု
ကုန်ကြမ်းဖြစ်သော မြေပဲလုံးဆန်ကို မုံရွာကုန်စည်ဒိုင်နှင့် မြေပဲအဓိက ထွက်ရှိရာ ဒေသများဖြစ်သည့် မုံရွာပတ်ဝန်းကျင်၊ ချင်းတွင်းမြစ်ရိုးတစ်လျှောက်နှင့် မုံရွာ၊ ရွှေဘို၊ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီးမြို့နယ်များမှ ထွက်ရှိသော မြေပဲသည် လုံးဆန်လှအဆီဓာတ်ပြည့်ဝပြီး ဆားလှော်ရန် အကောင်းဆုံးဖြစ်သည့်အတွက် အသုံးများသည်။ မုံရွာမြေပဲဆားလှော် ကောင်းမွန်ရခြင်း၏ လျှို့ဝှက်ချက်မှာ ကုန်ကြမ်းရွေးချယ်ရာတွင် စနစ်တကျရွေးချယ်ခြင်းကြောင့် ဖြစ်ပါသည်။
မြေပဲမှ ရရှိနိုင်သော ထုတ်ကုန်အမယ်များ
မြေပဲမှ ရရှိနိုင်သော ထုတ်ကုန်အမယ်များမှာ မြေပဲဆားလှော်၊ ကျောက်ခဲခေါ် မြေပဲကြက်ဥ၊ မြေပဲပွကြော်၊ မြေပဲယို၊ မြေပဲဝေဖာ၊ မြေပဲချိုချဉ်၊ မြေပဲလိပ်အဖြစ် အမျိုးမျိုးထုတ်လုပ်ရောင်းချကြသည်။ မြေပဲဆားလှော်ကို မြေပဲ၊ ဆားတို့ဖြင့် ပြုလုပ်ကြောင်း၊ မြေပဲအပွကြော်ကို မြေပဲ၊ ဆား၊ ပီလောပီနံမှုန့်၊ အကြော်မှုန့်တို့ဖြင့် ပြုလုပ်ကြောင်း၊ မြေပဲကြက်ဥကို ဂျုံ၊ သကြား၊ ဆား၊ ကြက်ဥ၊ နွားနို့မှုန့်တို့ဖြင့် ပြုလုပ်ကြောင်း၊ မြေပဲဝေဖာနှင့် မြေပဲချိုချဉ်ကို မြေပဲနှင့် ထန်းလျက်၊ ဆားတို့ဖြင့် ပြုလုပ်ကြောင်းသိရသည်။
လက်ရာစစ်စစ် ထုတ်လုပ်မှု လုပ်ငန်းစဉ်
မုံရွာ၊ မန္တလေး ကားလမ်းဘေးရှိ မအူကျေးရွာတွင် မြေပဲဆားလှော်လုပ်ငန်းရှင် ၁၀ ဦးခန့်ရှိပြီး တစ်ရက်လျှင် မြေပဲလုံးဆန် တင်း ၃၀ဝ ခန့်လှော်ပြီး မြေပဲဆားလှော်ထုတ်လုပ်နိုင်ကြောင်း သိရသည်။ မြေပဲဆားလှော်ပြုလုပ်ရန် ပထမဦးစွာမြေပဲလုံးဆန်ကို အရွယ်ညီအောင် ဆန်ခါချရွေး၍ ဖုန်သဲခဲများ ဖယ်ထုတ်သန့်စင်ရသည်။ ရွေးပြီး မြေပဲလုံးဆန်များကို ရေနွေးပွက်ပွက်ဆူတွင် ထည့်ပြုတ်ကာ အခွံရှုံ့လာပါက ဆယ်ယူပြီးအချိန်အနည်းငယ် နေပူလှန်းရသည်။ ထိုအပြင် ပိုမိုသန့်ရှင်းပြီး အရသာရှိစေရန် မြေပဲလုံးဆန် နှစ်ပြည်လျှင် ဆား ၇၅ ကျပ်သားနှင့် အမွှေးအကြိုင်များ၊ ဂျင်း၊ ကြက်သွန်ဖြူ စသည်တို့ရောစပ်လှော်ရပြီး အဆက်မပြတ် မွှေပေးရ သည်။ ရှေးယခင်က လူလုပ်အားဖြင့် သန့်စင်သောသဲအား အသုံးပြုကာ သဲဖြင့်လှော်သော နည်းလမ်းများရှိခဲ့သော်လည်း၊ ယခုအခါ လူကိုယ်တိုင် ယောက်မဖြင့်မွှေမည့်အစား စက်ဒလက်များကို အသုံးပြုလာကြပြီး မြေပဲလုံးဆန် တစ်တင်းလှော်ပါက မြေပဲဆားလှော် တစ်တင်းခန့်ပြန်လည်ရရှိကြောင်း သိရှိရသည်။
လူအများ ဘာကြောင့်အကြိုက်ဆုံးဖြစ်သလဲ
မြေပဲဆားလှော်ရာတွင် မြေပဲအဖြူဆံ (အလုံးကြီး/လုံးဆန်) ကို အဓိက အသုံးပြုကြပါတယ်။ အဖြူဆံသည် အဆီဓာတ်များ၍ လှော်ပြီးသောအခါ ပိုမိုကြွပ်ရွပြီး အရသာပိုကောင်းမွန်သောကြောင့် လူအများကြိုက်ရခြင်းဖြစ်သည်။ မုံရွာနှင့် မကွေးဒေသတို့တွင် အဓိကထွက်ရှိသော မြေပဲဆားလှော်သည် နာမည်ကျော် ဒေသထွက်ကုန်တစ်ခုဖြစ်ပြီး မုံရွာဒေသထွက်မှ ထွက်ရှိသော မြေပဲဆားလှော်သည် ဆိမ့်၊ မွှေး၊ ငန် သုံးမျိုးစပ်ထား၍ ကြွပ်ရွမှုရှိပြီး အာလူးကြော်၊ ဆီကြော်မုန့်တွေလို မအီပဲ အရသာသည် ဝါးလေဆိမ့်လေ၊ စားလေမြိန်လေနဲ့ အိမ်တိုင်း၊ ဝိုင်းတိုင်းမှာ မရှိမဖြစ် အစဉ်အလာမပျက် မြန်မာ့ရိုးရာ သရေစာအရသာ စစ်စစ်ဖြစ်ပါသည်၊ အရသာရှိရုံသာမက ကျန်းမာရေးအတွက်ပါ များစွာအထောက်အကူပြုသော အဆာပြေမုန့် တစ်မျိုးလည်းဖြစ်သည်။ မြို့ကြီးများရှိ ဆိုင်များတွင် ဝယ်ယူစားသုံးနိုင်သလို၊ အိမ်တွင်လည်း သန့်ရှင်းလတ်ဆတ်စွာ ကိုယ်တိုင်လှော်စားနိုင်ပါသည်။ မြေပဲကို စားသုံးဆီကြိတ်ခြင်း၊ လက်ဖက်သုပ်နှင့် တွဲစားခြင်း၊ အရက်၊ ဘီယာစသည်တို့နှင့် အမြည်းအဖြစ် အလွန်လိုက်ဖက်ညီခြင်း၊ အရည်အသွေးကောင်း မွန်စေသော မြေပဲဆားလှော်ရရှိနိုင်ရန် လောင်စာဖြင့် ထင်း၊ မီးသွေး (သို့မဟုတ်) လျှပ်စစ်တို့ကို အဓိက အသုံးပြုထားကြောင်း သိရသည်။
မြေပဲဆန်ထုတ်ကုန်ဈေးကွက်ဈေးနှုန်း
ဒေသတွင်းမြေပဲဆန်မှရရှိသော ထုတ်ကုန်ဈေးနှုန်းများမှာ ဈေးကွက်တွင် ဒေသထွက် အမှတ်တံဆိပ်များဖြင့် ရောင်းချလျက်ရှိပြီး မြေပဲဆားလှော် တစ်ပြည်လျှင် ၁၂၅၀၀ ကျပ်၊ နို့ဆီဗူး ၄ ဗူးလျှင် ၆၅၀၀ ကျပ်၊ မြေပဲကြက်ဥ တစ်ပြည်လျှင် ၈၀၀၀ ကျပ်၊ နို့ဆီဗူး ၄ ဗူးလျှင် ၄၀၀၀ ကျပ်၊ မြေပဲပွကြော် တစ်ပြည်လျှင် ၅၅၀၀ ကျပ်၊ နို့ဆီဗူး ၄ ဗူးလျှင် ၂၈၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး မုံရွာ-မန္တလေးကားလမ်း မအူကျေးရွာထိပ်တွင် ဆိုင်ခန်းခုနစ်ဆိုင်ခန့် ဖွင့်လှစ်၍ရောင်းချခြင်း၊ မုံရွာမြို့ရှိ တန်ခိုးကြီးဘုရားများဖြစ်သော ဗောဓိတစ်ထောင်၊ မိုးညှင်း သမ္ဗုဒ္ဓေ၊ ကျောက္ကာ ရွှေဂူနီ ဘုရားများရှိ ဈေးဆိုင်ခန်းများနှင့် ဈေးများတွင် ရောင်းချကြသည့်အပြင် ပြည်တွင်းဈေးကွက်တွင် မုံရွာမြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီးများ၊ အခြားမြို့နယ်များ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မြစ်ကြီးနား၊ တောင်ကြီး၊ အစရှိသည့် မြို့ကြီးများသို့လည်း ကားဂိတ်များမှတစ်ဆင့် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
မုံရွာမြေပဲဆားလှော်သည် ဒေသတွင်းတင်မကဘဲ တစ်နိုင်ငံလုံးကို ဖြန့်ချီလျက်ရှိပါတယ်၊ ပြည်ပပို့ကုန်ဈေးကွက်မှာ ရပ်ဝေးရောက် မြန်မာနိုင်ငံသားများရဲ့ မှာယူမှု၊ အွန်လိုင်းဈေးကွက်စနစ် ခေတ်စားလာမှုတို့ကြောင့် မလေးရှား၊ ထိုင်း၊ စင်ကာပူတို့အထိပါ ပါဆယ်စနစ်နဲ့ လေကြောင်း လိုင်းများကတစ်ဆင့် ဈေးကွက်ကျယ်ပြန့်လာကြောင်း သိရသည်။
မုံရွာမြေပဲဆားလှော်သည် ရိုးရှင်းတဲ့ သရေစာတစ်ခုဖြစ်ရုံတင်မက အညာဒေသရဲ့ လုပ်ကိုင်နိုင်စွမ်း၊ ရိုးရာအမွေအနှစ်နဲ့ မြေဆီလွှာရဲ့ ကောင်းခြင်းတွေကို ပေါင်းစပ်ထားတဲ့ ဒေသဂုဏ်ဆောင် သင်္ကေတတစ်ခုဖြစ်ပြီး ဈေးနှုန်းကတော့ ကုန်ကြမ်း (မြေပဲဆန်) ဈေးကွက်အပေါ်မူတည်ပြီး အနည်းငယ်အတက်အကျရှိပါတယ်၊ ဈေးကွက်ထဲ၌ မြေပဲဆန်အရွယ်အစားနှင့် ထုတ်ပိုးမှုစနစ်ပေါ်မူတည်ပြီး အမျိုးအစားခွဲခြားရောင်းချပါသည်။
ဒေသတွင်း အလုပ်အကိုင်ဖန်တီးပေးနိုင်မှု
မုံရွာမြေပဲဆားလှော်လုပ်ငန်းသည် ဒေသတွင်း စီးပွားရေးအရ တွက်ခြေကိုက်ရုံသာမက၊ ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
မုံရွာမြေပဲဆားလှော်လုပ်ငန်းသည် စိုက်ပျိုးသည့် တောင်သူကနေ စားသုံးသူ လက်ထဲရောက်တဲ့အထိ ကွင်းဆက် ( Supply Chain ) တစ်လျှောက်လုံးမှာ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ပါတယ်၊ စိုက်ပျိုးရေးကဏ္ဍမှ လုပ်သားများ၊ မြေပဲစိုက်ပျိုးခြင်း၊ ပေါင်းသင်ခြင်း၊ မြေပဲနှုတ်ခြင်းနှင့် မြေပဲတောင့်ခြွေခြင်းတို့သည် အညာဒေသက နေ့စားလုပ်သားများ၊ စိုက်ပျိုးရေးလုပ်သားများအတွက် မိသားစုဝင်ငွေရလမ်းပင်ဖြစ်ပါသည်။
မြေပဲလှော်ဖိုကဏ္ဍတွင် ကျွမ်းကျင်လုပ်သားများ ပဲလှော်ဖိုတစ်ခုချင်းစီး၌ မြေပဲဆန် ရွေးချယ်ခွဲခြားခြင်း၊ ဆားရည်စိမ်/ နေလှန်းခြင်း၊ မီးမွှေးပြီး ဒယ်အိုးကြီးများထဲ သဲနဲ့လှော်ရသည့် ပဲလှော်ဆရာ စသဖြင့် ကဏ္ဍအလိုက် လုပ်သားအင်အား အမြောက်အများခန့်ထားရပါသည်။
မြေပဲဆားလှော်လုပ်ငန်း အကြီး၊ အသေးအလိုက် မြေပဲ ဆားလှော်လုပ်ငန်းကို ရက်ခြား ထုတ်လုပ်ကြောင်း၊ နေ့စားလုပ်သားခများအဖြစ် အမျိုးသမီးတစ်ဦးလျှင် ကျပ် ၁၀၀ဝ၀ နှင့် အမျိုး သားတစ်ဦးလျှင် ကျပ် ၁၂ဝ၀ဝ နှုန်းရှိပါသည်။ မအူကျေးရွာရှိ မြေပဲဆားလှော် လုပ်ငန်းများသည် ဒေသတွင်းလုပ်သားအင်အား ၁၀ဝ ကျော်ကို အလုပ်အကိုင် အခွင့်အလမ်းများ ပေးထားနိုင်ကြောင်း သိရသည်။
