Main menu

​​​​​​​ကမ္ဘာမြေကျန်းမာဖို့တို့တစ်တွေဝိုင်းဝန်းကာကွယ်ထိန်းသိမ်းစို့

Powered by Drupal
Mon, 04/27/2026 - 10:17 -- consumer_admin

               ကမ္ဘာမြေကြီး၏ သဘာဝအရင်းအမြစ်များသည် သက်ရှိများအတွက် မရှိမဖြစ်အခြေခံအုတ် မြစ်များအဖြစ် ‌ဆောင်ရွက်ပေးသည့်အပြင် ‌ဂေဟစနစ်မျိုးစုံ၏ရှင်သန်ဖွံ့ဖြိုးမှုအတွက်လည်း အဓိကအခန်းကဏ္ဍမှပါဝင်ဆောင်ရွက်နေသည်။ ကမ္ဘာမြေသည်လူသားတို့အား အသက်ရှင် ရပ်တည်ရန်လိုအပ်သော လေ၊ ရေ၊ အစားအစာနှင့် နေထိုင်စရာများကို များစွာအထောက်အကူပြုပေး လျက်ရှိသော်လည်း လူသားတို့၏လုပ်ဆောင်ချက်များကြောင့် ဤနုနယ်သောဟန်ချက်မှာ နေ့စဥ် ခြိမ်းခြောက်ခံနေရသည်။ ထို့ကြောင့် ဂေဟာစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းကာကွယ်ခြင်း၊ ရာသီဥတုပြောင်းလဲမှု၊ စိန်ခေါ်မှုများကိုရင်ဆိုင်ခြင်းနှင့် သဘာဝအရင်းအမြစ်များကို ရေရှည်တည်တံ့ သောနည်းလမ်းဖြင့် အသုံးပြုခြင်းတို့သည် ယနေ့ခေတ်၏အရေးတကြီးလုပ်ဆောင်ရမည့် တာဝန်များဖြစ်လာသည်။

အပြည်ပြည်ဆိုင်ရာကမ္ဘာမြေနေ့စတင်ပေါ်ပေါက်လာပုံ

          ၁၉၆၉ခုနှစ် အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ် စန်ဒါဘာဘရာကမ်းခြေ အနီးတွင် ဆိုးရွားလှသည့်ရေနံယိုဖိတ်မှုကြီးဖြစ်ပွားခဲ့သည်။ ထိုဘေးအန္တရာယ်ကြောင့် ပင်လယ် ငှက်များနှင့်ပင်လယ်သတ္တဝါမြောက်များစွာသေကြေပျက်စီးခဲ့ကာ ဂေဟစနစ်တစ်ခုလုံးနှစ်ပေါင်း များစွာထိခိုက်ခဲ့ရသည်။ အမေရိကန်အထက်လွှတ်တော်Gaylord Nelson သည်ထိုဖြစ်ရပ်ဆိုးကို မျက်ဝါးထင်ထင်မြင်တွေ့ပြီးနောက် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအတွက် အသိပညာပေးရန် အရေးတကြီးလိုအပ်ကြောင်းသဘောပေါက်ခဲ့သည်။ ထို့ကြောင့်၎င်းသည်တက်ကြွလှုပ်ရှားသူ Denis Hayesနှင့်ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်အတွက်ရည်စူးသည့် အထိမ်းအမှတ်နေ့တစ်နေ့ သတ်မှတ်ရန် ကြိုးပမ်းခဲ့သည်။ ၁၉၇၀ပြည့်နှစ် ဧပြီလ၂၂ရက်နေ့တွင် ပထမဆုံးအကြိမ် “ (Earth Day)” ကိုကျင်းပနိုင်ခဲ့သည်။ ယနေ့အခါတွင် ထိုနေ့ကို “အပြည်ပြည်ဆိုင်ရာ မိခင်ကမ္ဘာမြေနေ့” အဖြစ်နိုင်ငံပေါင်း၁၉၂နိုင်ငံကနှစ်စဥ်ကျင်းပလျက်ရှိသည်။ ထို့ကြောင့် စန်ဒါဘာဘရာ ရေနံယိုဖိတ် မှုကြီးသည် ဝမ်းနည်းသဖွယ်သမိုင်းမှတ်တိုင်တစ်ခုသာမက ခေတ်သစ်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှုကြီး၏ အစပျိုးပေးခဲ့သော အရေးပါလှသည့်အကြောင်းရင်းလည်းဖြစ်သည်။

ကမ္ဘာမြေနှင့်ရာသီဥတုပြောင်းလဲခြင်း

          ရာသီဥတုပြောင်းလဲမှုဆိုသည်မှာ ရာစုနှစ်များမှနှစ်သန်းပေါင်းများစွာ အချိန်ကာလအတွင်း ပြောင်းလဲလာသည့်ရာသီဥတုဆိုင်ရာကိန်းဂဏန်းစာရင်းဇယားသတ်မှတ်မှုများပြောင်းလဲခြင်းဖြစ်သည်။ ရာသီဥတုပြောင်းလဲခြင်းမှာ တိကျသော‌ဒေသတစ်ခုအတွင်းသာပြောင်းလဲခြင်းဖြစ်နိုင်သကဲ့သို့ ကမ္ဘာမြေတစ်လွှားအနှံ့အပြားလည်းဖြစ်ပေါ်နိုင်သည်။ လူသားဖြစ်စဥ်တိုးတက်လာခြင်းအချက်များမှ လူသားလုပ်ဆောင်မှုများကြောင့် ပတ်ဝန်းကျင်ကိုပြောင်းလဲစေသည်။ ကမ္ဘာ့လူဦးရေ တိုးတက် လာသည်နှင့်အမျှရုပ်ကြွင်းလောင်စာကို အလွန်အကျွံထုတ်ယူသုံးစွဲမှု၊ သဘာဝသယံဇာတ အရင်းအမြစ်များကို ပိုမိုအသုံးပြုလာမှု၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျမစွန့်ပစ်မှု၊ စက်ရုံအလုပ်ရုံ များနှင့် ယာဥ်များမှဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုစသည်တို့ကြောင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးခြင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့်ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် မုန်တိုင်းများကဲ့သို့ပြင်းထန်သော ရာသီဥတုဖြစ်စဥ်များကြောင့် ကမ္ဘာမြေသည် နာမကျန်းဖြစ်လာ ရသည်။ ရာသီဥတုပြောင်းလဲမှုသည် လက်ရှိကမ္ဘာမြေကြီးရင်ဆိုင်နေရသောအရေးပေါ်အခြေအနေတစ်ရပ်ဖြစ်ပြီးယင်းပြဿနာကိုဖြေရှင်းရန် အသိပညာမြှင့်တင်ခြင်းသည် အရေးပါသောအချက်ဖြစ်သည်။ ကျောင်းသင်ရိုးညွှန်းတမ်းများတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကြောင်း အရာများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သတ်သော လက်တွေ့ဆောင်ရွက်ချက်များ (ဥပမာ- သစ်ပင်စိုက်ခြင်း၊ အမှိုက်လျော့ချခြင်း)ကိုထည့်သွင်းသင်ကြားခြင်း၊ ရုပ်သံ၊ ရေဒီယို၊ လူမှုကွန်ရက်များမှတစ်ဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာပြပွဲများနှင့် လက်တွေ့ပြသမှုများ ပြုလုပ်ခြင်း၊ လူငယ်အဖွဲ့အစည်းများဖွဲ့စည်းကာစီမံကိန်းများရေးဆွဲဆောင်ရွက်ခြင်း၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်သုံးနည်းပညာများကို ကျေးရွာများတွင်မိတ်ဆက်ခြင်း(ဥပမာ-နေစွမ်းအင်သုံး မီးလင်းစနစ်)စသည်တို့ဖြင့် ပြည်သူလူထုကိုရာသီဥတုပြောင်းလဲမှုများအားကြိုတင်ကာကွယ်နိုင်ရန် အသိပညာများပေးနိုင်သည်။

သဘာဝအရင်းအမြစ်များကိုလည်းချွေတာ၍အကျိုးရှိအောင်သုံးစွဲသင့်

          ကမ္ဘာမြေကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်သဘာဝအရင်းအမြစ်များကိုလည်း ချွေတာ၍ အကျိုးရှိအောင်သုံးစွဲသင့်သည်။ သဘာဝအရင်းအမြစ်များကိုချွေတာခြင်းသည် ကျွန်ုပ်တို့၏နေ့စဥ် ဘဝတွင်လွယ်ကူစွာလုပ်ဆောင်နိုင်သော အလေ့အကျင့်များဖြင့်စတင်နိုင်သည်။ တစ်ဦးချင်း အနဲငယ်စီသော ပါဝင်မှုများသည် ရေရှည်တွင်ကြီးမားသောအကျိုးသက်ရောက်မှုများကို ဖြစ်စေနိုင် သည်။ မိုးရေသိုလှောင်စနစ်တပ်ဆင်အသုံးပြုခြင်း၊ ရေပိုင်နှင့်ဘုံပိုင်များယိုစိမ့်မှုရှိ/မရှိပုံမှန် စစ်ဆေးခြင်း၊ ရေချိုးချိန်၅မိနစ်မှ၇မိနစ်ထက်မပိုစေရန်ဂရုပြု ခြင်း၊ နေ့အချိန်တွင်သဘာဝ အလင်းရောင်ကို အများဆုံးအသုံးပြုခြင်း၊ သစ်ရွက်ဆွေးမြေ့ပျက်စီးမှုကိုအသုံးပြု၍ သဘာဝမြေသြဇာ ပြုလုပ်ခြင်း၊ မြေဆီလွှာတိုက်စားမှုကာကွယ်ရန် သီးထပ်စိုက်ပျိုးခြင်း၊စက္ကူအသုံးပြုမှု ၅၀ရာခိုင်နှုန်း လျှော့ချခြင်း(ဥပမာ-နှစ်ဖက်သုံးခြင်း) ၊ သစ်သားအစားပြန်လည်ပြည့်ဖြိုးသောမြဲသော ပစ္စည်းများ ရွေးချယ်ခြင်း၊ သစ်ပင်တစ်ပင်ခုတ်လျှင် နှစ်ပင်ပြန်လည်စိုက်ပျိုးခြင်း၊ အစားအစာ များကိုစနစ်တကျ သိုလှောင်ခြင်း၊ ပြန်လည်အသုံးပြုနိုင်သောရေဘူးများအသုံးပြုခြင်း၊ ပလက်စတစ်အစားဖန်သား၊ သံသားပစ္စည်းများ‌ရွေးချယ်ခြင်း၊ အမှိုက်များအားခွဲခြားစွန့်ပစ်ခြင်းစသည်တို့ဖြင့် သဘာဝအရင်း အမြစ်များကို ချွေတာပြီးကမ္ဘာမြေကြီးကို စောင့်ရှောက်ထိန်းသိမ်းနိုင်သည်။

ကမ္ဘာမြေကြီး၏ကျန်းမာရေးအတွက် ဂေဟစနစ်နှင့်ဇီဝမျိုးစုံမျိုးကွဲများကိုထိန်းသိမ်းခြင်း

          ဂေဟစနစ်နှင့်ဇီဝမျိုးကွဲများထိန်းသိမ်းခြင်းသည် ကမ္ဘာမြေ၏ကျန်းမာရေးနှင့်လူသားတို့၏‌ရေရှည်ရပ်တည်နိုင်မှုအတွက် အ‌ရေးကြီးသောအချက်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ရာသီဥတုပြောင်းလဲမှုနှင့်လူသားတို့၏လုပ်ဆောင်ချက်များကြောင့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုုံးလျက် ရှိပြီး ဤအရာများကိုကာကွယ်ရန် နိုင်ငံတကာနှင့်ဒေသဆိုင်၇ာကြိုးပမ်းမှုများလိုအပ်နေသည်။

ဂေဟစနစ်(Ecosystem)ဆိုသည်မှာ သက်ရှိများ

          (အပင်နှင့်တိရိစ္ဆာန်)နှင့်သူတို့၏ရုပ်ပတ်ဝန်းကျင်(ရေ၊မြေ၊ လေ)တို့ပြန်လည်ဆက်စပ်နေသော စနစ်ဖြစ်သည်။ ဂေဟစနစ်ကို ထိန်းသိမ်းရန်အဓိကနည်းလမ်းများရှိသည်။ သစ်တောပြုန်းတီးမှုကို လျှော့ချခြင်း(ဥပမာ- မလိုအပ်သောသစ်ခုတ်ခြင်းကိုတားမြစ်ခြင်း)၊ သစ်တောပြန်လည် စိုက်ပျိုးခြင်း နှင့် သဘာဝသစ်တောများပြန်လည်ထူထောင်ခြင်း၊ မြစ်များ၊ အင်းအိုင်များနှင့် ပင်လယ်သမုဒ္ဒရာများ ကိုညစ်ညမ်းမှုမှကာကွယ်ခြင်း၊ ရေချို/ရေငန်ငါးဖမ်းမှုကိုစည်းကမ်းချမှတ်ခြင်း၊ ဓာတုမြေသြဇာ အသုံးပြုမှုများကို လျှော့ချခြင်း၊ ဇီဝဆွေးမြေ့ပျက်စီးနိုင်သောပစ္စည်းများကို ရွေးချယ်အသုံးပြုခြင်း စသည့်နည်းလမ်းများဖြင့် ဂေဟစနစ်ကိုကာကွယ်နိုင်သည်။

          ဇီဝမျိုးကွဲဆိုသည်မှာ ကမ္ဘာပေါ်ရှိမတူညီသောအပင်နှင့်တိရိစ္ဆာန်မျိုးစိတ်များ၊ သူတို့၏ ဗီဇမျိုးကွဲများနှင့် ဂေဟစနစ်များ၏ကွဲပြားမှုကိုဆိုလိုသည်။ သစ်တောပြုန်းတီးခြင်း၊ လူဦးရေ တိုးပွားမှုနှင့်မြို့ပြကျယ်ကျယ်ပြန့်ပြန့်တည်ဆောက်ခြင်း၊ ရာသီဥတုပြောင်းလဲမှု၊ အလွန်အကျွံ ငါးဖမ်းဖြင်း၊ တောရိုင်းတိရိစ္ဆာန်များကိုမလိုအပ်ဘဲဖမ်းဆီးခြင်းစသည်တို့ကြောင့် ဇီဝမျိုး ကွဲများကို ဆုံးရှုုံးရသည်။ ထို့ကြောင့် အမျိုးသားဥယျာဥ်များ၊ သဘာဝဘေးမှကာကွယ်ထားသော နယ်မြေများ ဖန်တီးခြင်း၊ မျိုးသုဥ်းလုနီးပါးဖြစ်နေသောသတ္တဝါများအတွက်မွေးမြူရေးစင်တာများ ထူထောင်ခြင်း၊ နိုင်ငံခြားမှဝင်ရောက်လာသော မျိုးစိတ်များကိုထိန်းချုပ်ခြင်း၊ ဒေသရင်းမျိုးစိတ် များပြန်လည် ပေါက်ဖွားရန် ကူညီခြင်းနှင့် ကျေးရွာနှင့်မြို့ပြလူထုအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာ တွင်ပါဝင်စေခြင်းတို့ဖြင့် ဇီဝမျိုးစုံမျိုးကွဲကို ကာကွယ်နိုင်သည်။ ဂေဟစနစ်နှင့် ဇီဝမျိုးစုံ မျိုးကွဲများထိန်းသိမ်းခြင်းသည် လူသားတို့၏အနာဂတ်အတွက်အရေးကြီးသော တာဝန် တစ်ရပ်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေဘဲရေရှည်တည်တံ့သော နည်းလမ်းများ အသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့သည်မိမိတို့၏မျိုးဆက်သစ်များအတွက် ကျန်းမာသန့်ရှင်းသော ကမ္ဘာမြေတစ်ခုကိုချန်ထားနိုင်မည်ဖြစ်သည်။

          ကမ္ဘာမြေသည် လူသားမျိုးနွယ်အပါအဝင် သက်ရှိအားလုံးအတွက်တန်ဖိုးမဖြတ်နိုင်သော အိမ်တစ်အိမ်ဖြစ်သည်။ ကျွန်ုပ်တို့၏လက်ရှိလုပ်ဆောင်ချက်များသည် ဤအိမ်၏ကျန်းမာရေးနှင့် အနာဂတ်ကိုတိုက်ရိုက်အကျိုးသက်ရောက်မှုရှိသည်။ ထို့ကြောင့် ဂေဟစနစ်နှင့်ဇီဝမျိုးကွဲ မျိုးစုံများထိန်းသိမ်းခြင်း၊ ရာသီဥတုပြောင်းလဲမှုအားတန်ပြန်တိုက်ခိုက်ခြင်းနှင့် သဘာဝအရင်း အမြစ်များကို ‌ရေရှည်တည်တံ့သောနည်းလမ်းများ အသုံးပြုခြင်းတို့ဖြင့် မိခင်ကမ္ဘာမြေကို စောင့်ရှောက်ခြင်းမှာ ကျွန်ုပ်တို့အားလုံး၏တာဝန်ဝတ္တရားနှင့် အကျိုးစီးပွားဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။

DOCA( ပဲခူး)