
မြန်မာလူမျိုးတို့၏ အမြတ်တနိုးတန်ဖိုးထား၍ အဖိုးထိုက်တန်လှသောတော်ဝင်နတ်ပန်းဟု အသိအမှတ်ပြုကြသော သဇင်ပန်းသည် သန့်ပြန့်စင်ကြယ်သောနေရာ၌သာ ပေါက်တတ်ပွင့်တတ် သောကြောင့် သန့်စင်ပန်းဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ ဒီဇင်ဘာလတွင် လှိုင်လှိုင်ပွင့်တတ် သောသဇင်ပန်းကလေးများသည် နတ်တော်လ၏ အထိမ်းအမှတ်ပန်းလည်းဖြစ်သည်။ ဒဏ္ဍာရီ ပုံပြင်များအရ မင်းသမီးလေးသည် သူ၏နှလုံးသားကိုထုတ်၍သစ်ပင်ပေါ်တင်လိုက်ရာမှ နှလုံးသား သည်သဇင်ဥလေးဖြစ်၍ ပွင့်လာသောအပွင့်ကိုနှလုံးသားမှ သွေးစင်သည်ဟု အယူရှိကာ သွေးစင်ပန်း ဟူ၍လည်းကောင်း ခေါ်ကြကြောင်းဖြင့် အဆိုအမျိုးမျိုးရှိသည်။ ရှေးယခင်က သဇင်ပန်းကို ဘုရင်၊ မိဖုရားနှင့်မင်းစိုးရာဇာအသိုင်းအဝိုင်းတစ်ခုတွင်သာ ပန်ဆင်သုံးစွဲခွင့်ရှိသဖြင့် “ပန်းမြတ်တော်ဝင်”၊“နတ်ပန်းသဇင်”၊ “ တော်ဝင်နန်းသုံးပန်း”ဟု တင်စားခေါ်ဆိုခဲ့ကြသည်။ ရာမရကန်ဦးတိုး၏ “ဘုန်းနှင့်ကံနှင့်ရွှေသဇင်” ကဗျာလေးကသက်သေတည်ရှိနေပါသည်။ ထို့ပြင် ခေတ်အဆက်ဆက် ကဗျာ၊ ဂီတ၊ အနုသုခုမတို့တွင်လည်း ဂုဏ်မြင့်သူမိန်းကလေးများခူးဆွတ်ရန်ခက်လှသည့် သဇင်ပန်းလေးဖြင့် တင်စားကာ ချစ်ခြင်းဖွဲ့ညွှန်းသီကြသည်။ ရှေးမြန်မာမင်းများ လက်ထက်တော် အခါက သဇင်ပန်းသည် ဘုရင်မိဖုရားတို့သာ ဦးဦးဖျားဖျားပန်ဆင်ခွင့်ရသော ပန်းဖြစ်သဖြင့် တော်ဝန်ပန်းအဖြစ်အသိအမှတ်ပြုခဲ့ကြခြင်းဖြစ်သည်။ သဇင်ပန်းသည် သိုင်းတော်အဆောင် အယောင်နှင့် နေပြည်တော်သို့တက်၍ နန်းတော်တွင်းမြတ်ရာတို့တွင် ဝင့်ဝါနိုင်ခဲ့သော တောပန်း တောင်ပန်းစိမ့်မြိုင်ပန်းဖြစ်သည်။ ရာဇဝင်စဥ်ဆက်မှ ဆင်းသက်လာခဲ့သော နန်းတွင်းထုံးစံတစ်ခုတွင် တောင်ငူနတ်တောင်မှ သဇင်နီကိုလည်းကောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းမှ သဇင်ဖြူနှင့် သဇင်ဝါကိုလည်းကောင်း၊ ဆိုင်ရာနယ်ပယ်အုပ်ချုပ်သူ အရာရှိ၊ သို့မဟုတ် နယ်ရှင် စော်ဘွားတို့သည် နန်းတော်သို့ရှိခိုးလက်ဆောင်တော်ဆက်ကြရသည်။ ဤသို့ အချိန်နှင့်ဆက်သရန် နှိုးဆော်မှု၊ ယူဆောင်မှု၊ နန်းတော်သို့သွင်းဆက်မှုများကို မှုးမတ်မယ်တော် ကြီးတစ်ဦးဖြစ်သော ကျီဝန်မင်းက တာဝန်ယူရသည်။ နန်းတော်တွင် ဘုရင်မင်းမြတ် နှင့်မိဖုရားခေါင်ကြီးတို့ သဇင်ပန်းကို အဦးပြု၍ သစ်ခွပန်းအမျိုးမျိုးကို ပန်ဆင်တော်မူသော သဘင်တစ်ခုသီးခြားရှိလေသည်။ ဤပန်ဆင်ပွဲ သဘင်ပြီးမှ မြို့ဝန်က အမိန့်ဆင့်ထုတ်ပြီးလျှင် တိုင်းသူပြည်သားလူအများအား ပန်ဆင်ခွင့်ပေးလေ သည်။
ထို့ကြောင့်ပင် စာဆိုတော်ဦးတိုးက “တစ်ချို့ကနီပြာပြာ၊ တစ်ချို့ကဖြူဝါဝါ၊ တစ်ချို့မှာ ပန်းရင့်လို၊ ပင်ဆင့်ပန်းပျံ၊ ဘွဲ့မည်ခံကြသည်။ ဝေယံနန်းမြင့်၊ ပန်တိုင်းတင့်မို့၊ မြို့ဝန်မင်းစာ၊ လိပ်မပါဘဲ၊ ကွယ်ရာစျေးပြင်ရောင်းလို့များမြင်မလား၊ အင်မတန် အင်မတန် ရာဇဝတ်တော်ခံသည်။ မြတ်ပန်တော်ပန်း၊ ခိုင်လုံးလန်းကို၊ ဟိုတောင်းပန်းပွင့်၊ ဘယ်ဂုဏ်ကြောင့်ဝင့်မတုန်း၊ ဘုန်းနှင့် ကံနှင့်ရွှေသဇင်” ဟုစပ်ဆိုခဲ့ခြင်းဖြစ်သည်။ သဇင်ပန်းကို ယင်းသို့မြို့ဝန်မင်း အမိန့် မထုတ်ဆင့်မီ ဘုရင်မင်းမြတ်၏သားတော်သမီးတော်များပင် ပန်ဆင်ခွင့်မရကြောင်းကို ၁၁၆၈ခုနှစ် ပြာသို လပြည့်ကျော်၉ရက်နေ့က ထုတ်ပြန်သော ဘိုးတော်ဘုရား၏ အောက်ပါအမိန့်တော်က ထင်ရှား စေသည်။ သဇင်ပန်းတော် ရွှေနန်းတော်သို့မဆက်သွင်းသေးသည်ကို မင်းသားများ အိမ်သို့ပန်း များရောက်ကြောင်းနှင့် ကြားသိတော်မူရသည်။ ကျီဝန်ကို တန်းမှာထား၊ ပန်းဆက်လာ သူတို့ကို ရအောင်တောင်း။ ၁၁၆၈ခု ပြာသိုလပြည့်ကျော်၉ရက်နေ့နာခံတော် ရာဇနော်ရထာပြန် စစ်အားဖြင့် သဇင်ပန်းကို လေးလေးစားစားမည်မျှထားသည်ကို ဤအမိန့်တော်အရ ထင်ရှားသည်။ ဤအမိန့် တော်သည် သဇင်ပန်းကိုသာ လေးစားလို၍ချည်းမဟုတ်၊ တိုင်းပြည်၌ မင်းအာဏာကို မည်မျှပင်ပျပ်ဝပ်မှုရှိသည်ကို အကဲစမ်းရန်ကိစ္စတစ်ခုပြုလုပ်ထားခြင်းဖြစ်လေသည်။ သဇင်ပန်းသည် သစ်ခွမျိုးစိတ်ထဲတွင်ပါဝင်သည်။ ဂမုန်းမျိုးများတွင်လည်း ပါဝင်သည်ဟုမှတ်သားရသည်။ ဂမုန်းမျိုးဖြစ်သော သဇင်(၁၅)မျိုးရှိကြောင်း၊ တော်ဝင်ပန်းဖြစ်ကြောင်းတို့ကို ရွှေတိုက်စိုးဦးတိုး ရေးသားသည့် ရာမရကန်၊ သဇင်အချီးတွင် တွေ့မြင်နိုင်သည်။ သဇင်ပန်းသည် တစ်နှစ်တစ်ခါ သာပွင့်သော အပင်မျိုးဖြစ်သည်။ ဆောင်းရာသီဖြစ်သော နတ်တော်လနှင့် ပြာသိုလများတွင် လှိုင်လှိုင်ပွင့်တတ်သည်။ သဇင်ပန်းပွင့်သည် အရောင်လေးမျိုးရှိသည်။ ယင်းတို့မှာ သဇင်ဖြူ၊ သဇင်ဝါ၊ သဇင်နီ၊ သဇင်နက်တို့ဖြစ်ကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မော်လမြိုင်မြို့အနီးတစ်ဝိုက်တွင် သဇင်ဖြူများထွက်၍ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ သီပေါ၊ လားရှိုးမြို့များ၊ ကျေးလက်တောရွာများနှင့် မေမြို့တစ်ဝိုက်မှ သဇင်ဝါများထွက်သည်။ သဇင်နီမျိုးသည် တောင်ငူနယ် တောတောင်စိမ့်ကြီးများ၌ပေါက်၍ မေမြို့တစ်ဝှက်ကျေးလက်တောအုံများတွင် သဇင်နက်များ တစ်ခါတစ်ရံရသည်။ သဇင်ဖြူသည် သဇင်ဝါလောက်မမွှေးချေ။ သဇင်ဝါပွင့်ထက် အပွင့်ကြီး သော်လည်း ရိုးတံတွင်အပွင့်ကျဲသည်။ သဇင်ဝါသည် အပွင့်သေး၍ ရိုးတံ၌စိတ်စိတ်အခိုင် လိုက်ပွင့်သည်။ ရနံ့အလွန်မွှေးသည်။ သဇင်နက်နှင့်သဇင်နီသည် ရနံ့မမွှေးချေ။ အတွေ့ရလည်း အလွန်နည်းသည်။ သဇင်နီနှစ်မျိုးရှိသည်။ အပွင့်ရော အရိုးတံပါနီသောသဇင်နီမျိုးနှင့် အပွင့်သာနီ၍ ရိုးတံမနီသောသဇင်နီမျိုးတို့ဖြစ်သည်။ သဇင်နီဟုဆိုသော်လည်း ပန်းရင့်ရောင်ဖြစ်သည်။ သဇင်နက် ပွင့်သည် မီးသွေးခဲကဲ့သို့နက်မှောင်သည်။ ဥကမူစိမ်းသည်။ သဇင်နီထက် သဇင်နက်ကရှားပါး လွန်းသည်။
ဥမှပွင့်သည့်ပန်းဖြစ်၍ မြန်မာအဘိဓာန်တွင် “သဇင်ပန်းဥ”ဟူ၍လည်းခေါ်ပါသည်။ သဇင်ဥ သည်လက်မဝက်ခန့်မှ ၁လက်မခန့်အရှည်ရှိ၍ လုံးပတ်အချင်းမှာ လက်မဝက်ခန့် ရှိတတ်ပါသည်။ ကြီးထွားသော သဇင်ပန်းဥများမှာ၁လက်မခန့်ရှိပါသည်။ များသောအားဖြင့် ဥမှာစိမ်းသော အရောင်ရှိ သည်။ သဇင်ဥ၏အောက်ခြေအရင်းတွင် များစွာသောအမြစ်များပါရှိသည်။ အချို့ဥများမှာ စိမ်းညိုရောင်ရှိပြီး အချို့မှာအနီရောင်သက်သက်ဖြစ်ပါသည်။ ၎င်းသဇင်ဥမှာ လွန်စွာရှားပါးပြီး အစွမ်းထက်မြတ်ဆုံးနှင့်ဆေးဖက်အဝင်ဆုံးဖြစ်ပါသည်။ သဇင်ရွက်မှာ များသောအားဖြင့် ၃-၄လက်မခန့် အရှည်ရှိ၍ အကျယ်မှာ ၁လက်မ၏ လေးပုံတစ်ပုံခန့်ရှိသည်။ ၎င်းအရွက်များက ဥ၏အောက်ခြေအရင်းမှ ကပ်၍ထွက်တတ်သည်။ အနည်းငယ်ထူ၍ တစ်ပြေးညီအရွက်များဖြစ်ပြီး ထိပ်ပိုင်းတွင် ဝိုင်းချွန်သောပုံသဏ္ဍာန်ရှိသည်။ အစိမ်းနုရောင် အရွက်ရှည်ရှည်လေးဖြစ်သည်။ များသောအားဖြင့် ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင်သဘာဝအလျောက်ပေါက်သည့် ပင်မြင့်ထက်မှ သစ်ခွတစ်မျိုးအဖြစ် အများဆုံးတွေ့ရှိနိုင်ပါသည်။ ရန်ကုန်မြို့နှင့် အခြားရာသီ ဥတုမျှတသော မြို့နယ်များတွင်လည်း စိုက်ပျိုး၍ဖြစ်ထွန်းနိုင်ပါသည်။ စိုက်ပျိုးရာတွင် အခြား အပင်များနှင့်မတူဘဲတစ်မူကွဲပြားသည်။ ပန်းဥလေးများသည် သေးငယ်သောကြောင့် အခြား ရေသောက်မြစ်ရှိသော အပင်ကြီးများတွင် တွယ်ကပ်ထားခြင်းဖြင့်လည်းကောင်း၊ အုန်းဆွဲတိုင်များ ပြုလုပ်၍လည်းကောင်း၊ အုန်းသီးခွံများတွင် တွယ်ကပ်ထားခြင်းဖြင့်လည်းကောင်း၊ ပန်းအိုးရှည် များတွင် အုန်းဆံခွံပတ်၍လည်းကောင်း နည်းအမျိုးမျိုးဖြင့် စိုက်ပျိုးနိုင်ပါသည်။ အထူးသတိပြုရန်မှာ သန့်စင်သောနေရာတွင်ထား၍ စိုက်ပျိုးနိုင်မှသာ မွှေးကြိုင်သင်းပျံ့သော ရနံ့ရှိသည့် သဇင်ပန်းများ ပွင့်နိုင်ပါသည်။ မြန်မာ့ဆေးကျမ်းများတွင် “သဇင်ပန်းဥ၏အရသာသည် စပ်၍ ဆိမ့်၊ ခါး၊ မွှေးသော အရသာရှိ၏။ ခေါင်းကိုက်နာ၊ ဆာလောင်မွတ်သိပ်နာ၊ သလိပ်သည်းခြေ အားကြီးသောအနာ၊ နှလုံးပူလောင်နာ၊ သွေးမသန့်သောအနာ၊ သွေးရူးလေရူး အိပ်မပျော်သော အနာတို့ကိုနိုင်၏။ ဝမ်းပျက်ဝမ်းလျှောခြင်း၊ မောပန်းခြင်းတို့ကိုလည်း သက်သာ၏”ဟူ၍ဖော်ပြထားသည်။ ပဥ္စငါးပါးအားလုံး အသုံးပြုခြင်းဖြင့် ဆေးဖက်ဝင်သကဲ့သို့ အပွင့်၊ အရွက်၊ ဥတစ်မျိုးအဖြစ်လည်း ဆေးဖက်ဝင်သောဆေးပင်တစ်ပင် ပင်ဖြစ်ပါသည်။ သဇင်ပန်းဥ ပဥ္စငါးပါးအခြောက်ကို နှလုံးငြိမ်ဆေး၊ သွေးသန့်ဆေးများတွင် ဖော်စပ်ကြသည်။ သွေးရူးလေရူးဖြစ်ပေါ်၍ အိပ်မပျော်သောရောဂါများတွင် အဖိုးတန်သောဆေးအဖြစ်လည်း ထည့်ဝင်ဖော်စပ်ကြသည်။ သဇင်ပန်းအစို (သို့မဟုတ်) အခြောက်ကို နမ်းရှူပေးခြင်းဖြင့် မူးမော်ခြင်း၊ ခေါင်းမကြည်လင်ခြင်း၊ နှလုံးနောက်ကျိခြင်း၊ ရင်တုန်ခြင်းတို့ကို လျင်မြန်စွာ ပျောက်ကင်းစေပါသည်။ တြိဖလနှင့်ရောစပ်၍ သွားဖုံးများတွင်သိပ်ပေးပါကလည်း သွားဖုံးရောင်ခြင်း၊ သွားနဲ့ခြင်း၊ သွားမှသွေးထွက်ခြင်း စသည်များကို ပျောက်ကင်းစေပါသည်။ ထို့အပြင် ဝမ်းပျက်ဝမ်းလျှောရောဂါများကိုလည်း ပျောက်ကင်းစေသည်။ နနွင်းမှုန့်နှင့်ရောစပ်၍ တိုက်ကျွေးပါက အစာအိမ်နှင့်ပတ်သတ်သော ရောဂါများကို လျင်မြန်စွာ ပျောက်ကင်းစေပါသည်။ ခေါင်းတစ်ခြမ်းကိုက်၊ မီးယပ်ခေါင်းကိုက်များကို ဒေါင်းမြီးကွက်ပြာချ၍ သဇင်ပဥ္စငါးပါး အခြောက်မှုန့်ရောစပ်ကာနှာရှူဆေးအဖြစ် ရှူပေးပါက အမြစ်ပြတ်ပျောက်ကင်းစေပါသည်။ အဆိပ်သင့်သောသူများလည်း ရှူပေးနိုင်ပါသည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အနီရောင်သဇင်ပွင့်သည် လွန်စွာရှားပါးသည်။ ၎င်းသဇင်နီက ပရလောကအတွက်ကိုလည်း ဆေးစွမ်းထက်မြက်စေပါသည်။ သဇင်နီပဥ္စငါးပါးသည် ပယောဂ ကြောင့်ဖြစ်သည့် ရောဂါလက္ခဏာများကို အထူးပျောက်ကင်းစေပါသည်။ မှိုပွင့်ပေါက်သော နေရာမှ စုထွက်သည့် မြေကြီး၊ ဖြူဆူး၊ ပိတောက်မှို၊ ဝါမြစ်၊ ကြာရိုး၊ သဇင်နီပွင့်တို့ကို စုပေါင်း၍ရရှိလာသောအမှုန့်ကို ကျပ်ခိုး သို့မဟုတ် ရေနံမှိုင်းဖျော်၍ ကုပ်ဆစ်၊ လက်နှစ်ဖက်၊ဒူးဆစ်၊ ခြေနှစ်ဖက်တို့အား တံတောင်ဖြင့်ထောက်ပေးလျှင် သူတစ်ပါးမပြုစားနိုင်ဟု စာဆိုရှိပါသည်။ အမည် မှာ “ စားခွက်နှိုက်ဆေး” ဟုလည်းခေါ်ပါသည်။ ရှေးယခင်က ၎င်းဆေးနည်းအား ကျောက် ကာကွယ် ဆေး၊ ဝက်သက်ကာကွယ်ဆေးအဖြစ်လည်း သုံးစွဲခဲ့ကြသည်ဟုဆိုသည်။
၂၁ရာစုခေတ်တွင် သဇင်ပန်း၏ဆေးဖက်ဝင်ပုံကို သိသူနည်းပါးသည်။ သို့သော် တိုင်းရင်းသမားတော်ကြီးများက ခေတ်အဆက်ဆက် သဇင်ဥဖြင့် ဆေးဝါးဖော်စပ်ကာ ကုသပျောက်ကင်းကြသည်။ “ မသိသူကျော်သွား၊ သိသူဖော်စား” စကားပုံလေးအတိုင်း နတ်တော်လ တွင်သာတွေ့မြင်ရသော ကြုံတောင့်ကြုံခဲ သဇင်ပန်းကလေးများကိုဘုရားတင်၊ ပန်ဆင်ပြီးသည့် နောက် ရှူရှိုက်ပေးရုံမျှဖြင့် မူးမော်၊ ခေါင်းမကြည်၊ နှလုံးတုန်ရင်တုန်ခြင်းတို့ကို အချိန်တို အတွင်းမှာပင် ပကတိအတိုင်းကျန်းမာစေမည်ဖြစ်သည်။ တော်ဝန်သဇင်ပန်းကို ဘုရားပန်းတင်ရာ တွင်လည်းကောင်း၊ ပွဲလမ်းသဘင်အခမ်းအနားများ ၊ အလှူမင်္ဂလာဆောင်များတွင် လည်းကောင်း အမျိုးသမီးများ အမြတ်တနိုးတန်ဖိုး ထားပန်ဆင်ကြသည်။ သဇင်ပန်းစျေးကွက်မှာ ၂၀ခက်ပါ တစ်တုံးကို ၄၀၀၀၀ကျပ်ခန့်၊ ၁၀ခက်ပါ တစ်တုံးကို ၂၀၀၀၀ကျပ်ခန့်ရှိပြီး၊ တစ်ခါပန်စာ ၁၀ခက် ၄”၅”အရွယ်အစားဆိုလျှင် ၈၀၀၀၀တန်မှ စျေးနှုန်းအစားစားရှိပြီး ၁၀ခက်လျှင် ၁၀၀၀၀၀ တန်၊ ၁၅၀၀၀၀တန်၊ ၂၀၀၀၀၀တန်၊ ၂၅၀၀၀၀တန်အရွယ်အစားအတိုအရှည်ပေါ်မူတည်၍ စျေးနှုန်း အစားစားရှိပါကြောင်း သိရှိရပါသည်။ နတ်တော်လ၏အထိမ်းအမှတ်ပန်းဖြစ်သော သဇင်ပန်းကလေး သည် မြန်မာလူမျိုးတို့၏ အမြတ်တနိုးတန်ဖိုးထားပန်ဆင်သော ပန်းဖြစ်သကဲ့သို့ ဆေးဖက်ဝင်သော ပန်းတစ်မျိုးလည်းဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
DOCA(ပဲခူး)
