Main menu

လက်ဖက်အကြောင်း တစ်စေ့တစ်စောင်း

Powered by Drupal
Mon, 12/22/2025 - 15:10 -- consumer_admin

   မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစုများ များစွာ စုရုံးနေထိုင်ကြသည်နှင့်အညီ နယ်မြေဒေသ အလိုက် ယဥ်ကျေးမှု ဓလေ့ထုံးတမ်းများ၊  ရိုးရာပွဲတော်များနှင့် အစားအသောက်များသည်လည်း တစ်နေရာနှင့် တစ်နေရာ တူညီမှု မရှိဘဲ ကွဲထွက်နေသည်ကို တွေ့မြင်ကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ မည်သည့်နေရာ၌တွင်မဆို ပွဲအခမ်းအနားများ၌ တွေ့မြင်ရလေ့ရှိသော အရာတစ်ခုမှာ လက်ဖက်  ဖြစ်သည်။ လက်ဖက်သည် ယနေ့ကမ္ဘာပေါ်တွင် များစွာသုံးစွဲနေသော အရွက်တစ်မျိုးဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် ရှေးယခင်မှစ၍ ယနေ့အချိန်ထိ မြန်မာလူမျိုးတို့သည် လက်ဖက်ကိုယဉ်ကျေးမှု ဓလေ့ ရိုးရာစားစာရာအနေနှင့်ရော  တည်ခင်းဧည့်ခံစရာအဖြစ် ဖြင့် ပါ တစ်သီးတစ်ခြား သတ်မှတ် မထား သော်လည်း  အခမ်းအနားများ ၊ ပွဲလမ်းသဘင်များနှင့် ဘာသာရေး အယူဝါဒဆိုင်ရာ ကိုးကွယ်ယုံကြည်မှု များတွင်လည်း လက်ဖက်သည်  ကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်လျက်ရှိပါသည်။

          လက်ဖက်နှင့်ပက်သက်၍ မြန်မာ့သမိုင်းကြောင်းတွင် အလောင်းစည်သူမင်းကြီးက လက်ဖက် မျိုးစေ့လေးများကို ပလောင်လူမျိုးများအား ပေးသနား၍ စိုက်ပျိုးရန် အမိန့်ပေးခဲ့သည်ဟု ဆိုသည်။ ထိုနောက် ရရှိသော လက်ဖက်ရွက်နုများကို စား၍ အိပ်မပျော်ဘဲ ရှိလေသည်။ ထိုအခါ လက်ဖက်ရွက်ကို လက်ရုံးပေါ်တင်ပြီး လက်နှင့်ဖက်၍ အိပ်စက်ရာနှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။ ထိုစဉ်မှစ၍      “လက်ဖက်ပင်” ဟူ၍ ခေါ်ဆိုသမုတ်ကြောင်း ကျေးဇူးရှင် မန်လည်ဆရာတော်ဘုရားကြီး သီကုံးထုံးဖွဲ့ အပ်သော လီနတ္ထဒီပနီ ကျမ်းတွင် ဖော်ပြထားသည်။

 “အသီးမှာ သရက်၊ အသားမှာ ဝက် ၊ အရွက်မှာ လက်ဖက်”  ဟု ဆိုသကဲ့သို့  လက်ဖက်သည် အရွက်များထဲတွင် အကောင်းဆုံး ဖြစ်သည်။ လက်ဖက်၏ အရသာသည် အခြားအရသာများနှင့် မတူဘဲ တစ်မူထူးခြားစွာ ကွဲထွက်နေပါသည်။ မြန်မာလူမျိုးတို့၏ ကျေးလက်ဒေသများတွင် တွေ့ရလေ့ရှိသော ချစ်စရာယဉ်ကျေးမှု တစ်ခုမှာ လက်ဖက်ရည်သောက်ယဉ်ကျေးမှု ဖြစ်သည်။ ရှေးအခါက တောအရပ်၊ တောဘာဝသာယာလှပသော ညချမ်းအချိန်အခါများတွင် ရှေ့မီနောက်မီ လူကြီးသူမများ၏  အတွေ့ အကြုံ ၊ ဗဟုသုတများကို လူငယ်၊ လူရွယ် များအား ပြန်လည်ပြောကြားသောအခါ တွင်လည်း  လက်ဖက်ရည်ကြမ်း ၊ လက်ဖက်သုပ်တို့ဖြင့် တည်ခင်းသဖြင့်  လက်ဖက်သည် ကျေးလက်နေ ပြည်သူများ၏ စကားဝိုင်းတွင် မပါမဖြစ်အရာတစ်ခု  ဆိုသလို ဖြစ်နေပါသည်။ အညာဒေသ၏ လှပတင့်တယ်ပုံ၊ သာယာနာပျော်ကောင်းပုံ၊ အေးချမ်းပုံ၊ ဆွတ်ပျံ့လွမ်းဆွတ်ဖွယ်ကောင်းပုံများကို စာဆိုရှင် တော်တော်များများရေးသားခဲ့ကြပြီး ထိုထဲတွင် အညာပုံရိပ်၏ ကျောထောက် နောက်ခံတစ်ခု အဖြစ် လက်ဖက်ရည်သောက် ယဉ်ကျေးမှုသည်တစ်ခုသည်လည်း ပါဝင်ရောယှက်လျက်ရှိပါသည်။ ကျေးလက်နေ ပြည်သူပြည်သားတို့၏ လက်ဖက်ရည်သောက်ယဉ်ကျေးမှုနှင့်  မြန်မာလူမျိုး တို့၏ ရှင်ပြု ၊ နားသ ၊ အလှူပွဲမင်္ဂလာ အခမ်းအနားများတွင် သာမက အိမ်၏ဧည့်ခန်းအတွင်း၌လည်း လက်ဖက်ရည် ဝိုင်းကို တွေ့မြင်ရသည်မှာ  အစဉ်အလာ တစ်ရပ်လို တည်ရှိနေပြီးဖြစ်ပါသည်။ 

          လက်ဖက်ကို ‌ကောင်းမွန်သောရာသီဥတုရှိသည့် ပင်လယ်ပြင်အထက် မြင့်မားသော တောင်တန်း ဒေသများ ၊ မတ်စောက်သော တောင်စောင်းများနှင့် မြေဆီလွှာ ကောင်းမွန်သောဒေသများတွင် စိုက်ပျိုး ဖြစ်ထွန်းသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လက်ဖက်စိုက်ပျိုးမှု အစောဆုံးနိုင်ငံများတွင် ပါဝင်ပြီး နှစ်ပေါင်းတစ်ထောင် ကျော်သက်တမ်းရှိသော ပထမဆုံးလက်ဖက်ပင်သည် ရှမ်းပြည်နယ် မြောက်ပိုင်း လွယ်ဆိုင်းတောင်တွင် တည်ရှိသည်။  မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်နှင့် မိုင်းလုံ နယ်များတွင် လက်ဖက်ပင်များကို အများဆုံးစိုက်ပျိုးပြီး ၊ တစ်နိုင်ငံလုံးအနေဖြင့် လက်ဖက်စိုက် ဧကပေါင်း (၂၂၀၀၀) ကျော်သာရှိကြောင်းသိရှိရသည် ။ ရှမ်းပြည်တောင်ပိုင်း နမ်းဆန် ၊ မိုင်းငေါ့ တို့တွင် အများဆုံးစိုက်ပျိုးပြီး ၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အနည်းငယ် တွေ့ရသည်။ ဒေသတစ်ခုနှင့် တစ်ခု ရေ ၊ မြေရာသီဥတု၊ လက်ဖက်စိုက်ပျိုးရေးနည်းစနစ်၊ ပြုစုရှောက်မှု နည်းစနစ်များနှင့်လက်ဖက်ခူးသော စနစ်များ အပေါ်မူတည်၍ တစ်ဧက လျှင် ပိဿာ (၁၂၀-၂၄၀) အထိ ထွက်ရှိနိုင်ပါသည်။

 “လက်ဖက်ကောင်း စားချင်လျှင် ပလောင်တောင်တက် နှေးရမည်” ဟု ဆိုသကဲ့သို့ ကောင်းမွန်သောလက်ဖက် ရရှိရန် လက်ဖက်ရွက်များခူးရာတွင် ရရာအညွှန့်များကို ခူး ဖြတ်သည်ထက် ဖြည်းဖြည်းဆေးဆေး အရွက်နု၊ အညွန့်ကောင်းများကို ဖြည်းဖြည်း ရွေးချယ် ဆွတ်ခူးခြင်းဖြင့် လက်ဖက်ကောင်း စားနိုင်ခွင့် ရသည်ဟု ဆိုလိုသည်။  မြန်မာနိုင်ငံတွင် လက်ဖက်ကို လက်ဖက်စိုနှင့် လက်ဖက်ခြောက်ဟူ၍ နှစ်မျိုးတွေ့ရသည်။ လက်ဖက်စိုကို အညာအရပ်ဒေသမှ ထွက်ရှိသော  ကြက်သွန်ကြော်၊ ပဲကြော်၊ နှမ်း စသည်တို့ဖြင့်ရောစပ်၍ သုပ်စားကြပြီး မြန်မာလူမျိုးတို့၏ ရိုးရာ အစားအစာ တစ်ရပ်ဖြစ်သည်။ လက်ဖက်ခြောက်ကိုမှု အချိုခြောက်နှင့် အခါးခြောက်ဟူ ၍ တွေ့ရပြီး လက်ဖက်ခြောက်ကို ရေနွးပူထဲထည့်ကာ လက်ဖက်ရည်၊ လက်ဖက်ရည်ကြမ်း၊ ရေနွေးကြမ်း အဖြစ် သောက်သုံးကြသည်။ တစ်နှစ်အတွင်းထွက်ရှိသော လက်ဖက်ခြောက်ကို မြန်မာ့စွယ်စုံကျမ်းတွင် အမျိုးအစားအားဖြင့် (၆) မျိုးဖော်ပြထားသည်။ ၎င်းတို့မှာ (၁) ရွှေဖီအိုင်နမ့် (နှင်းတက်ခြောက် ရေချိုခြောက်)  ၊   (၂) ရွှေဖီဦး      (သင်္ကြန်မကျမီထွက်ရှိ) ၊ (၃)ရိုးရိုးရွှေဖီ    (သင်္ကြန်ကျပီးခါစ ထွက်ရှိ) ၊ (၄) ခါးကန် ( မိုးဦးကျခါနီးခူးသည်)၊ (၅) ခါးရှပ် ( မိုးဦးကျပီးမှခူးသည်) ၊    (၆)ခါးနွိုင်း ( မိုးတွင်းခူး ဆွတ်သည်) တို့ဖြစ်ပါသည်။ ထိုအမျိုးအစား များထဲတွင် အကောင်းဆုံးမှာ ရွှေဖီဦး (သင်္ကြန်မကျမီထွက်ရှိ) လက်ဖက်ခြောက် ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာသော ညွှန်ကိန်းများအနက် နိုင်ငံ၏ ယဥ်ကျေးမှု ဓလေ့ထုံးစံများ၊ ပြည်တွင်းထုတ်ကုန်များအား ပိုမိုအားပေးဆောင်ရွက်၍ ကမ္ဘာ့အဆင့်သို့ တင်ပို့ရောင်းချ နိုင်ရေးသည်လည်း အကြောင်းအရာတစ်ရပ်အနေဖြင့် ပါဝင်နေသည်။ လက်ဖက်သည် မြန်မာနိုင်ငံ၏ တောင်ပေါ်ဒေသများနှင့် ကိုက်ညီသောအပင်တစ်မျိုးဖြစ်ပီး ၊ ရေရှည် စိုက်ပျိုးသင့်သော အပင် တစ်မျိုး ဖြစ်ပါသည်။ လက်ဖက်နှင့်ပက်သက်၍ ကျန်းမာရေးရှု့ထောင့်မှလည်းများစွာ အထောက် အကူ ပြုစေနိုင်ကြောင်း ပညာရှင်များက လေ့လာသုံးသပ်ထားပါသည်။ ကမ္ဘာ့လက်ဖက်ဈေးကွက်တွင် တရုတ်နိုင်ငံနှင့် ိန္ဒိယနိုင်ငံတို့မှ ထုတ်လုပ်သည့် လက်ဖက်ခြောက်များသည် အများဆုံးဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် လက်ဖက်အခန်းကဏ္ဍနှင့်ပက်သက်၍ ရင်းနှီးမြှပ်နှံမှုနှင့် နည်းပညာများကို မြှင့်တင်ပြီး နိုင်ငံတကာဈေးကွက်တွင် မြန်မာ့လက်ဖက်သည် ဈေးကွက်တစ်နေရာရရှိနိုင်‌‌စေရေး နှင့် နိုင်ငံတကာအဆင့်မီ လက်ဖက်ထုတ်ကုန်ချောများ ထုတ်လုပ်တင်ပို့ရောင်းချနိုင်စေရေးတို့ကို ပိုမို ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံခြားဝင်ငွေရရှိနိုင်ပြီး  လက်ဖက်လုပ်ငန်းများ ပိုမို သက်ဝင်လှုပ်ရှား လာမည်ဖြစ်သည်။   ထိုကြောင့် လက်ဖက်၏အခန်း ကဏ္ဍသည် အနာဂတ်တွင်များစွာ ဖွံ့ဖြိုးတိုးတက် လာနိုင်သည့်အတွက် စိုက်ပျိုးရေးနည်းလမ်းသစ်များဖြင့် အရည်အသွေးမြင့် လက်ဖက်များကို ပိုမိုစိုက်ပျိုးထုတ်လုပ်၍ လက်ဖက်နှင့်ပက်သက်သော ဈေးကွက်ဝင်တန်ဖိုးမြှင့် ထုတ်ကုန်အမယ် အသစ်များရရှိစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)