Main menu

စီးပွားရေးဈေးကွက်ဝင် ပဲပုပ်သီးနှံတိုးချဲ့စိုက်ပျိုးရေး

Powered by Drupal
Tue, 11/18/2025 - 15:41 -- consumer_admin

 

မြန်မာနိုင်ငံတွင် လူဦးရေတိုးတက်လာသည်နှင့်အမျှ ဆီစားသုံးမှုများပြားလာပြီး ပြည်တွင်း စားသုံးမှု လုံလောက်မှုရှိစေရန်    ပြည်ပမှ   စားအုန်းဆီ မက်ထရစ်တန် ရှစ်သိန်းခန့်ကို နှစ်စဉ်တင် သွင်းနေရသည်။ ပြည်တွင်းတွင် စားသုံးဆီအတွက် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံတို့ကို အဓိကထား၍ စိုက်ပျိုးထုတ်လုပ် လျက်ရှိသော်လည်း   မြေပဲနှင့်နှမ်းတို့မှာ ပြည်တွင်းစားသုံးရန် သာမက ပြည်ပသို့ အစေ့အဆန် တိုက်ရိုက်တင်ပို့မှု များပြားလာခြင်းကြောင့် ပဲပုပ်သီးနှံကို ပြည်တွင်း စားသုံးဆီ ဖူလုံစေရန်နှင့် ပဲပုပ်ဆီကြိတ်ဖတ်ကို  တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ရန် တိုးချဲ့စိုက်ပျိုးသင့်သည်။

မူရင်းဒေသ

ပဲပုပ်၏မူရင်းပေါက်ရောက်ရာဒေသသည် အရှေ့တောင်အာရှဖြစ်ပြီး တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများဖြစ်သည်ဟု ဆိုကြသည်။ ပဲပုပ်မျိုးများစွာရှိပြီး တရုတ်နှင့်ဂျပန်နိုင်ငံတို့တွင် မျိုးရိုင်းများကို စိုက်ပျိုးကြသည်။ ပဲပုပ်ဆီသည် ကမ္ဘာ့ထိပ်တန်းနေရာတွင်ရှိသည့်  ဟင်းသီးဟင်း ရွက်ဆီတစ်မျိုးဖြစ်သည်။ ပဲပုပ်သည် အာဟာရပြည့်ဝစွာ ပါဝင်သောသီးနှံဖြစ်၍ ပရိုတင်းဓာတ် ၄၀  ရာခိုင်နှုန်းနှင့် အဆီဓာတ် ၂၀ ရာခိုင်နှုန်းပါဝင်သည်။ ပဲပုပ်သည် ရှေးအကျဆုံး စားသုံးသီးနှံဖြစ်ပြီး ယနေ့ခေတ်တွင် အသုံး၀င်ဆုံးသော သီးနှံအဖြစ် အောင်မြင်မှုရလျက်ရှိသည်။

ရာသီဥတုလိုအပ်ချက်

ပဲပုပ်သည် ပူနွေးစွတ်စိုသော ရာသီဥတုရှိသည့် နေရာဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသည်။ အပူချိန် ၂၆ ဒီဂရီစင်တီဂရိတ်နှင့် ၃၂ ဒီဂရီစင်တီဂရိတ်သည် အပင်ဖြစ်ထွန်းမှု အကောင်းဆုံးဖြစ်ပြီး အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်အောက်နှင့် ၄၀ ဒီဂရီစင်တီဂရိတ်အထက်ရှိသော အခြေအနေသည် ပဲပုပ်ဖြစ်ထွန်းမှုကို အဟန့်အတားဖြစ်စေနိုင်သည်။ မိုးရေချိန်အားဖြင့် ၂၄ လက်မနှင့် ၆၀ လက်မအတွင်း ကောင်းစွာဖြစ်ထွန်းသည်။

မြေအမျိုးအစား

ပဲပုပ်သည် သဲသမမြေမှ မြေစေးမြေအထိ မြေအမျိုးအစားမရွေးဖြစ်ထွန်းနိုင်သည်။ ရေစီး ရေလာကောင်း၍ ညီညာသော မျက်နှာပြင်ရှိရန် လိုအပ်သည်။ မြေချဉ်ငန်ဓာတ် pH (7.0) ပတ်ဝန်းကျင်ရှိသည့် မြေမျိုးဖြစ်ပြီး မြေဆွေးဓာတ်ကာဗွန်ကြွယ်ဝသည့် မြေမျိုးသည် ပဲပုပ်စိုက်ပျိုး ရန် အကောင်းဆုံးဖြစ်သည်။ မြေချဉ်ငန်ဓာတ် pH(5.5) ထက်လျော့နည်းပါက အပင်ဖြစ်ထွန်းမှု အားနည်းသည်။ မြေချဉ်လျှင် ထုံးထည့်သွင်းရန်လိုအပ်သည်။   ဆားငန်ပေါက် သည့်မြေတွင် အပင် ပေါက်မှုဟန့်တားသည်။

စိုက်ပျိုးရာဒေသ

ပဲပုပ်ကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် စိုက်ပျိုးလျက်ရှိသည်။ အဓိကစိုက်ပျိုးသည့်ဒေသမှာ ရှမ်းပြည်နယ်ဖြစ်၍ တစ် နိုင်ငံလုံး စိုက်ဧက၏ ၅၀ ရာခိုင်နှုန်းစိုက်ပျိုးသည်။ ရှမ်းပြည်နယ်တွင် သီးသန့်စိုက်ပျိုးသကဲ့သို့ အစေ့ထုတ်ပြောင်း၊ နေကြာတို့နှင့် သီးညှပ်လည်းစိုက်ပျိုးသည်။ အောက်မြန်မာနိုင်ငံတွင် မြစ်ရေ ကျချိန် ကိုင်းကျွန်းမြေများ၌ စိုက်ပျိုးကြသည်။

စိုက်ပျိုးချိန်

ပဲပုပ်ကို မိုးရာသီနှင့်ဆောင်းရာသီတို့တွင် စိုက်ပျိုးနိုင်ပြီး ပဲပုပ်မျိုးအများစုမှာ ပန်းပွင့်ချိန်တွင် နေ့တာတိုရန်လိုအပ်သဖြင့် တောင်ပေါ်ဒေသများတွင် မေလမှ ဇွန်လအတွင်းစိုက်ပျိုးကြပြီး    မြန်မာ ပြည်အလယ်ပိုင်း   မိုးခေါင်လေ့ရှိသည့်ဒေသများတွင်  ဩဂုတ်လဆန်းမှ  စက်တင်ဘာလဆန်း အတွင်း စိုက်ပျိုးနိုင်သည်။ မိုးရွာသွန်းမှု ညီညွတ်သောဒေသများတွင် ဇွန်လအတွင်း စိုက်ပျိုးနိုင် သည်။ အောက်မြန်မာပြည် ကိုင်းကျွန်းဒေသများတွင် အောက်တိုဘာလအတွင်း  စိုက်ပျိုးနိုင်ပြီး စပါးသီးထပ်စိုက်ပျိုးသော ဒေသများတွင်  နိုဝင်ဘာလအတွင်း မျိုးစေ့နှုန်းထားအား ပိုမိုအသုံးပြု၍ စိုက်ပျိုးရန်လိုအပ်သည်။ အကယ်၍ ရေသွင်းနိုင်ပါက ဒီဇင်ဘာလကုန်မှ ဇန်နဝါရီလ ၁၅ ရက်အတွင်း စိုက်ပျိုးနိုင်သည်။

အထွက်နှုန်းတိုးစေရန် လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများ

မျိုးရွေးချယ်ခြင်း

ပဲပုပ်သီးနှံစိုက်ပျိုးလျှင် မျိုးကောင်းမျိုးသန့်များနှင့် ဒေသအထွက်ကောင်းမျိုးများကို ရွေး ချယ်စိုက်ပျိုးကြရမည်။  အဓိကအသုံးပြုသင့်သော မျိုးများမှာ ရေဆင်း(၆)၊ ရေဆင်း (၁၁)၊ ရေဆင်း(၁၂)၊ ရေဆင်း(၁၄)၊ ရေဆင်း(၁၅)မျိုးတို့ဖြစ်သည်။  ထို့ပြင် မျိုးစေ့များတွင် အပင်ပေါက် ရာခိုင်နှုန်း ၈၀ အထက် ရှိရမည်။ ရေဆင်း  (၆)၊ ရေဆင်း (၁၅)၊ ရေဆင်း (၁၁) တို့ကို မိုးရာသီနှင့် စပါးသီး ထပ်တွင်လည်းကောင်း၊ ရေဆင်း (၁၄)၊ ရေဆင်း (၁၂)၊ ရေဆင်း (၃) တို့ကို  မိုးရာသီတွင် လည်းကောင်း ဒေသမရွေးစိုက်ပျိုးနိုင်သည်။

မျိုးစေ့နှုန်းထား

တစ်ဧက မျိုးစေ့နှုန်းထားအနေဖြင့် မိုးရာသီတွင် စိုက်ပျိုးပါက စိုက်ခင်းများအတွက် တစ်ဧက ၁၄ ပြည်ခန့်၊ ကြဲပက်စိုက်ခင်းများအတွက် တစ်ဧက ၁၈ ပြည်မှ ၂၀ ပြည်ခန့် သုံးစွဲပေးသင့်သည်။  သို့မှသာ တစ်ဧကအတွက် သတ်မှတ်ထားသော အပင်ဦးရေကို ရရှိနိုင်မည်ဖြစ်သည်။ စိုက်ပျိုးထား သော မျိုးစေ့များအားလုံး အပင်ပေါက်ကောင်းစေရန်နှင့် အပင်ပေါက်စုံစေရန်အတွက် စိုက်ပျိုးရာမှာ မြေတွင်းအစိုဓာတ်ကိုမိအောင်စိုက်ရန် စိုက်ပျိုးချိန်မှန်ကန်ရေးသည် အလွန်အရေးကြီးသည်။

မြေပြုပြင်ခြင်း

မြေပြုပြင်ချိန်တွင် တစ်ဧကလျှင် နွားချေး သို့မဟုတ် မြေဆွေး ၁ တန်မှ ၃ တန်ခန့်၊   ယူရီးယား ၂၈ ပေါင်၊ တီစူပါ ၁၁၂  ပေါင်နှင့် ပိုတက် ၅၆  ပေါင်ခန့် ထည့်ပေးသင့်သည်။  ထို့ပြင်  ဇင့်ဓာတ်ပါသော ဇီဖာမြေဩဇာကို တစ်ဧကလျှင်  ၃ ပေါင်ခန့်ဖြင့် မြေပြင်ချိန်တွင် ထည့်ပေးသင့် သည်။ သီးနှံစိုက်ချိန်တွင် ကန့်ဓာတ်အနည်းဆုံး ၅ ရာခိုင်နှုန်းပါဝင်သော ဂျစ်ပဆန်မြေဩဇာ ပေါင် ၁၀၀ ကို ထည့်ပေးသင့်သည်။

စိုက်ပျိုးနည်းစနစ်

ပဲပုပ်သီးနှံကို   မိုးကြိုနှင့်  မိုးနှောင်းရာသီတွင် တစ်ဧကရိတ်သိမ်းပင်ရေ ၂၆၀၀၀၀ ရရှိရန် တန်းကြား၁ ပေ၊ ပင်ကြား ၄ လက်မရအောင်စိုက်ပျိုးပါ။ မိုးရာသီတွင် ရိတ်သိမ်းပင်ရေ ၁၇၆၀၀၀ ရရှိရန် တန်းကြား ၁ ဒသမ ၅ ပေ၊ ပင်ကြား ၄ လက်မရအောင် စိုက်ပျိုးပါ။ ပဲမျိုးစုံသီးနှံစိုက်ပျိုး ရာတွင် မျိုးစေ့အား ၁ လက်မမှ ၁ ဒသမ ၅ လက်မအနက်အတွင်းရအောင် စိုက်ပျိုးပါ။ ပဲမြစ်ဖုဇီဝမြေဩဇာကို တစ်ဧကလျှင် တစ်ထုပ်နှုန်းဖြင့် မျိုးစေ့ကို လူးနယ်စိုက်ပျိုးပါ။

မြန်မာနိုင်ငံအထက်ပိုင်း တောင်ပေါ်ဒေသများတွင် သီးထပ်၊ သီးသန့်နှင့် သီးညှပ်စိုက်ပျိုး ကြကာ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်မြန်မာပြည်ဒေသများ၌ မြစ်ရေကျသည့် အချိန် ကိုင်း ကျွန်းမြေများတွင် သီးသန့်(သို့) သီးညှပ်၊ စပါးရိတ်သိမ်းအပြီး လယ်‌မြေများတွင်  သီးထပ်၊ ယာမြေ များတွင် သီးသန့်အဖြစ် စိုက်ပျိုးကြသည်။

ပြုစုစောင့်ရှောက်ခြင်း

သီးနှံများစိုက်ပျိုးပြီးလျှင်ပစ်ထား၍မရဘဲ ရိတ်သိမ်းချိန်အထိ ဂရုတစိုက်ပြုစုစောင့်ရှောက် ရန်  အလွန်အရေးကြီးသည်။ ပဲပုပ်ကိုစိုက်ပြီး ၁၄ ရက်သားမှ ပန်းပွင့်ချိန်အထိ ခုနစ်ရက်မှ ၁၀ ရက်ခြား တစ်ကြိမ် ဇီဝစူပါရွက်ဖျန်း မြေဩဇာကို အရွက်၏အပေါ်နှင့်အောက် မျက်နှာပြင်နှစ်ဖက် လုံးကို ဖျန်းပေးရမည်။ ပန်းစတင်ပြချိန်မှ သီးလုံးဝင်ချိန်အထိ အနည်းဆုံးနှစ်ကြိမ် ယူရီးယားဟင်း စားဇွန်းလေးဇွန်း၊ လက်ခြားမှုန့် တစ်ဇွန်းတို့အား ရေ ၁ ဂါလန်တွင်ဖျော်၍ တစ်ဧကလျှင် ၂၀ ဂါလန်မှ ၂၅  ဂါလန်ခန့်ဖျန်းပေးရမည်။  အပင်နှစ်ပတ်သားမှ  ပန်းပွင့်ချိန်အထိ ပေါင်းမြက်ကင်းစင် အောင် ဆောင်ရွက်ရမည်။ ပန်းပွင့်ချိန်တွင် မြေအစိုဓာတ်

လုံလောက်စွာရှိအောင် ဆောင်ရွက်ပေးရမည်။ ပိုးမွှားရောဂါကျရောက်မှုမရှိအောင်  ကြိုတင် ကာကွယ်ရမည်။ ပဲပုပ်တွင် ငမြှောင်တောင်၊ ခူမွေးရှည်၊ သီးစုပ်ကြမ်းပိုး၊ သီးလုံးဖောက်ပိုး၊ ရွက်စားပိုးနှင့် ပင်စည်ထိုးယင်များ ကျရောက်တတ်သည်။ ပိုးများကို နှိမ်နင်းရာတွင်   ပိုးအမျိုးအစား အလိုက်   ပင်လုံးပြန့်ပိုးသတ်ဆေး၊ ထိသေစားသေပိုးသတ်ဆေး တစ်မျိုးမျိုးကို အသုံးပြုနိုင်သည်။  ဓာတုဆေးကိုမသုံးလိုပါက တမာပိုးသတ်ဆေးကဲ့သို့သော ဘသာဝပိုးသတ်ဆေးများကို အသုံးပြုနိုင် သည်။ ပိုးမွှားကာကွယ်မှု ပိုမိုထိရောက်စေရန် ပိုးမွှားများ ခိုအောင်းနေနိုင်သော စိုက်ခင်းပတ်ဝန်း ကျင်ရှိ ပေါင်းမြက်များ၊ ချုံများကိုပါ ဆေးဖျန်းပေးခြင်း သို့မဟုတ် ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ပေးသင့်သည်။ ရောဂါများအနေဖြင့် ဖားဥမှိုရောဂါ၊   သံချေးတက်မှိုရောဂါ၊   ဒေါင်းနီး ရွက်ခြောက်ရောဂါ၊  ဗက်တီးရီးယားရွက်ပြောက်ရောဂါ၊ မျိုးစေ့ခရမ်းရောင်စွန်းရောဂါနှင့် ပဲပုပ်ပင်ခြေပုပ်ရောဂါများလည်း ဖြစ်တတ်သည်။ ပဲပုပ်တွင် ကျရောက်သော ရောဂါများကို ကာကွယ်ရန် မှိုသတ်ဆေးတစ်မျိုးမျိုးနှင့် စိုရွှဲနေအောင် ပက်ဖျန်းပေးရမည်။

 

 

ရိတ်သိမ်းခြင်း

ပဲပုပ်သီးတောင့်များ အစိမ်းရောင်မှ အညိုရောင် သို့မဟုတ် အနက်ရောင်သို့  ၇၅ ရာခိုင် နှုန်းအထိ အရောင်ပြောင်းချိန်တွင် ရိတ်သိမ်းပါ။  ပဲပုပ်၏ တစ်ဧကအထွက်နှုန်းမှာ မျိုး၊ စိုက်ပျိုး နည်းစနစ်နှင့် ရာသီဥတုအပေါ်မူတည်၍  ပြောင်းလဲနိုင်သည်။ တစ်ဧကပျမ်းမျှအထွက်နှုန်း ၂၀ မှ ၃၀ အတွင်း ထွက်ရှိ၍ အထွက်ကောင်းမျိုးများသည် တစ်ဧကအထွက်တင်း ၄၀ မှ ၅၀ အတွင်း ထွက်ရှိနိုင်သည်။

ပဲပုပ်တစ်တင်းလျှင်  ဆီ  ၃  ဒသမ   ၅ ပိဿာ၊ ဆီကြိတ်ဖတ် ၁၅ ဒသမ ၈ ပိဿာနှင့် အလေ အလွင့်  သုည ဒသမ ၇ ပိဿာခန့်ထွက်ရှိသည်။   မြန်မာတစ်နိုင်ငံလုံးတွင် ထွက်ရှိသော ပဲပုပ်များ အား စားသုံး ဆီအဖြစ်ကြိတ်ပါက    နှစ်စဉ်ဆီထွက်တန်ချိန် သုံးသောင်းကျော်ထွက်ရှိနိုင်သည်။

ပဲပုပ်စိုက်တောင်သူများအနေဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက်   အထက်တွင် ဖော်ပြခဲ့သော စိုက်ပျိုးနည်းစနစ်များကို လိုက်နာဆောင်ရွက်သင့်သည်။

နိုင်ငံခြားတင်ပို့မှု

၂၀၂၃-၂၀၂၄ ခုနှစ်စာရင်းအရ မြန်မာနိုင်ငံတွင် ပဲပုပ်သီးနှံကို  ၃၄၄၂၈၁  ဧကစိုက်ပျိုး၍ အထွက်နှုန်း၁၈ ဒသမ ၇၀ တင်းဖြင့် စုစုပေါင်းအထွက် ၆၄၃၆၇၃၃ တင်းထွက်ရှိခဲ့သည်။ နိုင်ငံခြား တင်ပို့ကုန်အနေဖြင့် ၂၂၈၇၃၀   မက်ထရစ်တန်ချိန်   တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာသန်း သုည  ဒသမ ၂၀၀  ဝင်ငွေရရှိခဲ့သည်။

ဈေးကွက်အခြေအနေ

ကမ္ဘာ့နိုင်ငံများတွင် ဘရာဇီးနှင့် အမေရိကန်နိုင်ငံတို့သည် ပဲပုပ်သီးနှံအများဆုံး စိုက်ပျိုးထုတ် လုပ်ကြပြီး ကမ္ဘာ့ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးထုတ်လုပ်ကြသည်။   မြန်မာ နိုင်ငံ၏ ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှုသည် ကမ္ဘာ့အဆင့်(၁၉)တွင် ရပ်တည်လျက်ရှိသည်။  ပဲပုပ်သီးနှံမှ ထုတ်လုပ်သော ပဲပုပ်ဆီသည် ကမ္ဘာ့ဈေးကွက်အတွင်း ထင်ရှားလာခဲ့ပြီး အမေရိကန်နိုင်ငံ၏ ဆီထွက်သီးနှံထုတ်လုပ်မှု၏ ၉၀  ရာခိုင်နှုန်းကျော်သည်   ပဲပုပ်မှရရှိသည်ကို တွေ့ရှိရသည်။ ပဲပုပ်ကို ကမ္ဘာတစ်ဝန်းရှိ  စိုက်ပျိုးနိုင်သောမြေ၏  ၆ ရာခိုင်နှုန်းခန့်တွင်  စိုက်ပျိုးနေပြီး နှစ်စဉ်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်လာသည်နှင့်အမျှ နောင်တွင်  အခြားဆီထွက်သီးနှံများ ထက်သာလွန်သွားနိုင ်ကြောင်း လေ့လာသိရှိရသည်။

ပဲပုပ်ကို ကြိတ်ခွဲခြင်းဖြင့်   စားသုံးဆီကြမ်းနှင့်ပရိုတင်းဓာတ်များစွာပါဝင်သော ပဲမှုန့်များ၊ ပဲဖတ်များ  ရရှိသည်။    ပဲပုပ်ဆီကြိတ်ဖတ်များကို   တိရစ္ဆာန်အစာအဖြစ် အများဆုံးအသုံးပြုကြပြီး ပဲပုပ်မှုန့်များကိုမူ  လူသားတို့စားသုံးနိုင်ရန် အစားအစာများအဖြစ် ထုတ်လုပ်နိုင်သည်။ ပဲပုပ် သီးနှံကြိတ်ခွဲ ရာမှ ထွက်ရှိလာသော ထွက်ကုန်များ၏ ၈၀ ရာခိုင်နှုန်းကို  မွေးမြူရေးအစာအဖြစ် အသုံးပြုကြသည်။  အများစုကို   ကြက်နှင့်ဝက်သားပေါက်များ မွေးမြူခြင်းများတွင်သာမက အမဲ သား၊ နို့စားနွားများနှင့် ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းများတွင် အများအပြား အသုံးပြု လာကြသည်။  မကြာသေးမီကာလ  ဆယ်စုနှစ်များအတွင်း ပရိုတင်းဓာတ်ကြွယ်ဝပြီး အစာကြေလွယ်သော ပဲပုပ် ဆီ ကြိတ်ဖတ်သည် တိရစ္ဆာန်အစာအဖြစ် အလွန်အရေးပါ လာခဲ့ပြီး ပဲပုပ်မှရရှိသော ဆီကြမ်း ဈေးထက်ပင် ပိုမိုကောင်းမွန်လာခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ မွေးမြူရေးပညာရှင်များသည်လည်း နို့စားနွားများကို ပဲပုပ်အခွံကျွေးခြင်းဖြင့် ရရှိလာသော အကျိုးကျေးဇူးများကို လေ့လာကြပြီး နောက်တွင်  ပဲပုပ်အခွံများမှရရှိသော အမျှင်ဓာတ်သည် နွားများ၏ နို့ထွက်နှုန်းကို ကောင်းမွန်စေ သည်ဟု ဆိုသဖြင့် ပဲပုပ်ခွံများကို တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုလာကြသည်။ ပဲပုပ်သီးနှံ ထွက်ကုန်မှ တန်ဖိုးမြှင့်ထုတ်ကုန် ကုန်ချောအဖြစ် ထုတ်လုပ်နိုင်သောပစ္စည်းများမှာ ပဲဟင်း၊ ပဲငံပြာရည်၊ ပဲပုပ်ဆီ၊ ဘီစကွတ်၊ ပဲပြား၊ ပဲပင်ပေါက်၊ ဆပ်ပြာ၊ ဖယောင်းတိုင်၊ ပဲနို့၊ ပဲပုပ်မှုန့်၊ စည်သွတ်ဘူးများဖြစ်သည်။ ထို့ပြင်

ပဲပုပ်ဆီကြမ်းကို  ဇီဝဒီဇယ်ထုတ်လုပ်ရာတွင်လည်း အသုံးပြုနိုင်သဖြင့် ပဲပုပ်ဆီကြမ်း စျေး နှုန်းများ မြင့်တက်လာခြင်းသည်   ဇီဝဒီဇယ်ထုတ်လုပ်မှု စွမ်းရည်မြင့်တက်လာခြင်းနှင့်   ပဲပုပ်သီး နှံတိုးချဲ့ ထုတ်လုပ်လာခြင်းတို့သည်    ဆက်စပ်လျက်ရှိသည်။

အခြားပြည်ပပို့ကုန်ပဲမျိုးများသည် ဈေးကွက်မတည်ငြိမ်မှုကြုံတွေ့ရလျှင်  စိုက်ပျိုးထုတ်လုပ် မှု ကျဆင်းသွားလေ့ရှိသဖြင့် ပဲပုပ်သီးနှံကို အဆင်သင့်အစားထိုးစိုက်ပျိုးနိုင်သောသီးနှံအဖြစ် စိုက်ပျိုး သင့်သည်။ ပဲပုပ်သည် ပြည်တွင်းတွင် ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်စားသုံးကြသဖြင့် ပဲပုပ်ဆီ ကြိတ်ရန် ဝယ်ယူမည့်သူများနှင့် စားသောက်ကုန်ထုတ်လုပ်သည့်သူများအကြားတွင်   ယှဉ်ပြိုင်ရမှု များရှိနေသည်ကိုသိရှိရသည်။ 

မြန်မာနိုင်ငံ၏  ပြည်တွင်းပဲမျိုးစုံ သီးနှံဈေးကွက်သဘော သဘာဝအရ   ဆီထွက်ပဲပုပ်ဟု   သီးသန့်ဝယ်ယူကြခြင်း မရှိဘဲ ဆီအထွက်နည်းသည့်    အခြားပဲပုပ်များနည်းတူ အရောင်းအဝယ် ပြုလုပ်နေကြသည် ဟုသိရှိရသည်။ မြန်မာပြည်တွင်ဖြစ်ထွန်းနေသော ဆီထွက်ကောင်းသည့် ရေဆင်းမျိုးများကို လုပ်ငန်းရှင်နှင့် စိုက်ပျိုးသူများအကြား ကန်ထရိုက်လယ်ယာစနစ် တည်ထောင်၍   လုပ်ကိုင်နိုင်လျှင်  အကျိုးရှိမည် ဖြစ်သည်။
ထို့ကြောင့်   ပြည်ပမှ  စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်စေရန်နှင့် ပြည်တွင်းစားသုံးဆီဖူ လုံပြီး ပဲပုပ်သီး နှံဆီ ကြိတ်ဖတ်များအား တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ကာ   ဈေးကွက်ခိုင်မာ သော ပဲပုပ်အား စိုက်ပျိုးလာခြင်းဖြင့် သီးနှံစိုက်စွမ်းအားတိုးတက်လာစေပြီး တောင်သူဝင်ငွေ တိုးလာစေရန် ပဲပုပ်သီးနှံကိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်း    ရေးသားလိုက်ရပါသည်။                                               

 DOCA(ပြည်ထောင်စုနယ်မြေ)